ကချင်ကလေးငယ် ၃ ယောက် နိုင်ငံတကာအဆင့် ကရာတေးပြိုင်ပွဲမှာ ချန်ပီယံရွှေတံဆိပ်ဆုရရှိ

ချန်ပီယံရွှေတံဆိပ်ဆုရရှိတဲ့ ကချင်ကလေးငယ် ၃ ယောက်

ဓာတ်ပုံ ရင်းမြစ်, Kai Seng Pan Jangma

ဓာတ်ပုံ ပုံစာ,

ချန်ပီယံရွှေတံဆိပ်ဆုရရှိတဲ့ ကချင်ကလေးငယ် ၃ ယောက်

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာအဆင့် International Karate Friendship 2019 Championship ကရာတေးပြိုင်ပွဲမှာ ကချင်တိုင်းရင်းသား ကလေးငယ်တွေ ဖြစ်တဲ့ မရန်ဂျာလ၊ ဆန်မိုင်နူး၊ ဆိုင်းလတ်အောင်တို့ ၃ ယောက် ချန်ပီယံဆု ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။

နိုင်ငံတကာအဆင့် ကရာတေးပြိုင်ပွဲမှာ ချန်ပီယံ ရွှေတံဆိပ်ဆု ရရှိတဲ့ ကလေး ၃ ယောက်လုံးဟာ ကချင် တိုင်းရင်းသားတွေ ဖြစ်ပြီး အသက် ၈ နှစ် အရွယ် မရန်ဂျာလကတော့ မြစ်ကြီးနားမြို့က ဒူထောင်းစစ်ရှောင် စခန်းမှာ နေထိုင်နေရတဲ့ ကလေးငယ်လည်း ဖြစ်ပါတယ်။

မရန်ဂျာလဟာ စင်္ကာပူနိုင်ငံမှာ ၂၀၁၈ စက်တင်ဘာလက ကျင်းပခဲ့တဲ့ အာရှ ၁ဝ နိုင်ငံ ကရာတေး ဖိတ်ခေါ် ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kai Seng Pan Jangma

ဓာတ်ပုံ ပုံစာ,

ချန်ပီယံရွှေတံဆိပ်ဆုရရှိတဲ့ ကချင်ကလေးငယ် ၃ ယောက်

အသက် ၇ နှစ်အရွယ် ချန်ပီယံ ရွှေတံဆိပ်ဆုရတဲ့ ဆန်မိုင်နူးက "ပျော်ပါတယ်။ အခက်အခဲတွေ မရှိဘူး။ အရမ်းတော့မမောဘူး နည်းနည်းပဲမောတယ်။ ဆုတောင်းပေးတဲ့လူကိုလည်း ကျေးဇူးတင်တယ်။ အားလုံးကို ကျေးဇူးတင်တယ်။ ကြိုးစားပါ့မယ်လို့ ပြောချင်ပါတယ်။ ကမ္ဘာ့အဆင့် ရွှေတံဆိပ်ရနိုင်ဖို့ ရည်မှန်းချက်ရှိပါတယ်"

ဆန်မိုင်နူးက မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်းကိုလည်း အားကျတယ်လို့ ပြောပါတယ်။

"သူက အရမ်းကြိုးစားတယ်။ ဘုရားကိုလည်း ယုံတယ်လေ" လို့ ဆန်မိုင်နူးက ပြောပါတယ်။

ပြိုင်ပွဲ ယှဉ်ပြိုင်နေချိန်မှာ အခက်အခဲ မရှိဘဲ နိုင်မယ်လို့ ထင်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အသက် ၅ နှစ်အရွယ် ချန်ပီယံ ရွှေတံဆိပ်ဆုရတဲ့ ဆိုင်းလတ်အောင်က ပြိုင်ပွဲမှာ ၂ ချီ ထိုးပြီး အနိုင်ရခဲ့တယ်လို့ ပြောပါတယ်။

ဆိုင်းလတ်အောင်က " အရမ်းပျော်တယ်။ သခင်ယေရှုကိုလည်း ကျေးဇူးတင်တယ်။ ဆရာကိုလည်း အရမ်းကျေးဇူးတင်တယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ဆိုပါတယ်။

International Karate Friendship 2019 Championship ပြိုင်ပွဲဟာ World Cup Karate Championship ကမ္ဘာအဆင့် ကရာတေးပြိုင်ပွဲပြီးရင် ဒုတိယအဆင့်ရှိတဲ့ ကရာတေးပြိုင်ပွဲတခု ဖြစ်တယ်လို့ သူတို့တွေရဲ့ နည်းပြဆရာ ဘွေလပ်ယိန်းဘောမ်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kai Seng Pan Jangma

ဓာတ်ပုံ ပုံစာ,

ချန်ပီယံရွှေတံဆိပ်ဆုရရှိတဲ့ ကချင်ကလေးငယ် ၃ ယောက်

ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ၇ ယောက် သွားရောက် ယှဉ်ပြိုင်ကြတယ်လို့ သူက ဆိုပါတယ်။

ဆုရတဲ့ ကလေး ၃ ယောက်လုံးဟာ ကျောင်းသားလေးတွေ ဖြစ်ကြပြီးကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ရှိတဲ့ ဇိုင်းဝန်းပေါင်း ကရာတေးကလပ်မှာ ကစားနေသူတွေလည်း ဖြစ်ပါတယ်။

ခုလို ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ကရာတေးပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတာက ၂၀၁၈ စက်တင်ဘာလက စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ ၁ဝ နိုင်ငံ ကရာတေး ဖိတ်ခေါ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့လို့ ခုလို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တာလို့ နည်းပြဆရာ ဘွေလပ်ယိန်းဘောမ်းက ပြောပါတယ်။

ဆုရရှိတဲ့ ကလေးငယ်တွေဟာ လာမယ့် ဧပြီ ၂၆ ရက်မှာ မြန်မာနိုင်ငံကို ပြန်လာကြမှာ ဖြစ်ဖြစ်ပြီး ရန်ကုန်လေဆိပ်မှာ ကြိုဆိုပွဲအကြီးအကျယ်ပြုလုပ်ဖို့ရှိတယ်လို့ ကရာတေးသင်တန်းဆရာက ဘွေလပ်ယိန်းဘောမ် ပြောပါတယ်။