ရန်ကုန်က နိုင်ငံတကာ ကျောင်း တချို့ကျောင်းလခတွေ မကြာခင်ဈေးတက်ဖိုရှိတယ်

လွန်ခဲ့တဲ့ ၅ နှစ်ကနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာငွေလဲနှုန်းကြောင့် ကုန်ကျငွေနှစ်ဆနီးပါး သုံးနေရတယ်
Image caption လွန်ခဲ့တဲ့ ၅ နှစ်ကနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာငွေလဲနှုန်းကြောင့် ကုန်ကျငွေနှစ်ဆနီးပါး သုံးနေရတယ်

မြန်မာနိုင်ငံက နိုင်ငံတကာ ကျောင်းတချို့ကျောင်းလခတွေ မကြာခင်ဈေးတက်ဖို့ရှိနေပါတယ်။

စျေးတက်တာမတူကြပေမဲ့ နိုင်ငံခြားသားဆရာတွေသင်တဲ့ ကျောင်းအများစုကတော့ ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်ကို တက်ကြတယ်လို့ Network International School ကကျောင်းသားမိဘ ဒေါ်မီးမီးကပြောပါတယ်။

အချို့နိုင်ငံတကာ ကျောင်းတွေကတော့ မနှစ်ကထက် တနှစ်ကို ဒေါ်လာ ၈၀၀ လောက် ထိစျေးတက်ဖို့ရှိတယ်လို့ ဒေါ်မီးမီးကပြောပါတယ်။

လက်ရှိ အမေရိကန်ဒေါ်လာငွေဈေးကတက်နေသလို ကျောင်းလခတွေ မကြာခင်ဈေးတက်ဖို့ရှိတာကြောင့် မြန်မာနိုင်ငံက နိုင်ငံတကာကျောင်းတွေမှာ ကျောင်းထားနေရတဲ့ မိဘတချို့ဟာ ဒီနှစ်ကျောင်းဖွင့်ရာသီအတွက် အတော့်ကို ရုန်းကန်နေရပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ကနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာငွေလဲနှုန်းကြောင့် ကုန်ကျငွေနှစ်ဆနီးပါး သုံးနေရတယ် လို့ကျောင်းသားမိခင်တချို့က ပြောပါတယ်။

တချို့နိုင်ငံတကာကျောင်းလခတွေ လာမယ့်ကျောင်းဖွင့်ရာသီမှာ ဈေးတက်ဖို့လည်းရှိပြီး နိုင်ငံစီးပွားရေးအခြေနေနဲ့ လုပ်ငန်းတွေ မကောင်းတာကြောင့် ကလေးတွေ ပညာသင်စရိတ်ဟာ မိဘတွေအတွက် ဝန်ထုပ် ဝန်ပိုး ပို ဖြစ်လာတယ်လို့လည်း ပုဂ္ဂလိကကျောင်းတွေမှာ ကျောင်းထားနေရတဲ့မိခင် တစ်ဦးက ပြောပါတယ်။

တစ်နှစ်ကို ကျောင်းသားတစ်ဦး အတွက် သူကဒေါ်လာ တစ်သောင်း လောက်သုံးနေရပြီး အစိုးရ ကျောင်းပြောင်း ထားရမလား၊ နိုင်ငံတကာ ကျောင်းဆက်ထားရမလား စဉ်းစားတာမျိုးရှိပေမဲ့ သင်ကြားတဲ့ပုံစံနဲ့ နည်းစနစ်တွေ ကွာတာကြောင့် အခုငွေဈေးနဲ့ ကြံ့ ကြံ့ ခံ ပြီးကလေးတွေကို နိုင်ငံတကာ ကျောင်းတွေမှာဆက်ထားနေရတယ်လို့ လည်းသူကပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ကဒေါ်လာငွေလဲနှုန်းဟာ တစ်ဒေါ်လာကို ၈၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ ပြီး အခု ၁၅၂၀ကျပ် ဝန်းကျင် မှာရောက်ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် GYS FB
Image caption မြန်မာ ငွေနဲ့ ကျောင်းလခ သွင်းရတဲ့ ကျောင်းတွေလည်း စျေးတက်ပါတယ်။

ဘာကြောင့်စျေးတက်တာလဲ

မြန်မာ ကျောင်းသားမိဘ တွေပြောတာက တော့ နိုင်ငံတကာကျောင်းတွေစျေးတက်တာက မကြာခဏ တက်လေ့ရှိတယ်လို့ ပြောပါတယ်။

နိုင်ငံတကာကျောင်းတွေ စျေးတက်မယ်ဆိုရင် အခုလို သင်္ကြန်ပိတ်ပြီး ပြန်ဖွင့်ရင် အကြောင်းကြားလေ့ရှိသလို သင်္ကြန်မတိုင်ခင်လည်း ကျောင်းတွေက အကြောင်းကြားလေ့ရှိပါတယ်။

Network International Schoolကတော့ မနှစ်ကလည်း ဒေါ်လာ ၄၀၀ လောက်တက်ခဲ့တယ် လို့ ဒေါ်မီးမီးက ပြောပါတယ်။

ဘာကြောင့်စျေးတက်ရတယ်ဆိုတာ ကို ဧပြီလ၂၂ ရက်နေ့က ကျောင်းကပို့ တဲ့စာမှာ ဖော်ပြထားတာ မတွေ့ရဘဲ ဧပြီလ ၂၈ ရက်မှာ ကျောင်းတက်မယ် မတက်ဘူး နောက်ဆုံးထားအကြောင်းပြန်ဖို့ ကိုသာ မိဘတွေကို မေးထားတယ်လို့လည်း သူကရှင်းပြပါတယ်။

Network International School ကျောင်းမှာ ကျောင်းသား၇၀၀ လောက်ရှိပြီး နိုင်ငံခြားသား ဆရာတွေ သီးသန့် သင်တာ ဖြစ်တယ်လို့လည်းကျောင်းသားမိဘ တစ်ဦးကပြောပါတယ်။

ကျောင်းလခတွေ စျေးတက်တာဟာ နိုင်ငံခြားသား ဆရာတွေ ငှားခနဲ့ မြေငှားခတွေစျေး ကြီးလာတာကြောင့်လို့ ယူဆရတယ်လို့လည်း မြန်မာ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

ဘာလို့နိုင်ငံတကာကျောင်းမှာ ထားရတာလဲ

အခုခေတ်မှာ ရွေးစရာတွေလည်းရှိလာသလို အစိုးရကျောင်းက ဆရာမတွေရဲ့ သင်ကြားတဲ့ပုံစံ နဲ့ အရည် အသွေးပေါ် စိတ်တိုင်းမကျတာတွေ ရှိတာကြောင့် နိုင်ငံတကာ ကျောင်းမှာဆက်ထားရတာလို့ Brainworks Total International School Yangon နိုင်ငံတကာကျောင်းမှာ ထားတဲ့ ကျောင်းသားမိခင် တစ်ဦးကပြောပါတယ် ။

နိုင်ငံတကာကျောင်းမှာထားတာက အင်္ဂလိပ် ဘာသာစကားတတ်လိုမှုကြောင့်မဟုတ်ဘဲ ကလေးကို ပြုစုပျိုးထောင်တဲ့ ပုံစံကွာတာကြောင့်လို့လည်း သူကပြောပါတယ်။

မူကြို အဆင့်ကိုပဲ တစ်နှစ် ကို ဒေါ်လာ ၂ သောင်းလောက် အထိ ကုန်တဲ့ နိုင်ငံတကာကျောင်းတွေ ရန်ကုန်မှာရှိနေပြီး ကလေးတွေအတွက် ကျောင်းရွေးရာမှာ ရေရှည် ကိုကြည့်ပြီး ရွေးဖို့ကလည်းကုန်ကျစရိတ်တွေကြောင့် ခေါင်းခဲစရာဖြစ်လာနေတယ်လို့လည်း မိဘတွေကပြောပါတယ်။

နိုင်ငံတကာကျောင်းတွေဟာ တစ်နှစ် သုံးကြိမ်၊ လေးကြိမ် စသဖြင့်ခွဲ သွင်းနိုင်ပြီး ဧပြီလကုန်ရင် ဈေးနှုန်းတွေကို တချို့ကျောင်းတွေက ပြင်လေ့ရှိပါတယ်။

Network International School မှာတော့ ကျောင်းသားတစ်ဦးအတွက် သိန်း၁၇၀ နီးပါးကုန်ကျ နေပြီးတော့ စျေးတွေ တက်လာတာကြောင့် ကလေးတစ်ယောက်အတွက် ကျပ် သိန်း၂၀၀ လောက် ကုန်ကျဖို့ ရှိနေတယ်လို့ မမီးမီးက ပြောပါတယ်။

မမီးမီးကတော့ ကုန်ကျစရိတ်က များပေမဲ့ ကလေးတွေဟာ အစိုးရကျောင်း တက်ခဲ့တဲ့သူတို့တွေနဲ့ ယှဉ်ရင် ကိုယ့်ကိုယ်ကို ယုံကြည်တဲ့အပိုင်းမှာ အရမ်းကွာတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် KSM
Image caption အဂ်လိပ် ဘာသာစကားတက်လို မှု ကြောင့်မဟုတ် ပဲပြုစုပျိုးထောင်တဲ့ ပုံစံကွာတာကြောင့်မိဘတွေနိုင်ငံတကာကျောင်းတွေကိုထားကြတာလို့လည်းပြောပါတယ်။

အစိုးရကျောင်းတွေထက် ဘာတွေအားသာလဲ

နိုင်ငံတကာကျောင်းတက်တဲ့ ကလေးနဲ့ အစိုးရကျောင်းတက်တဲ့ ကလေးတွေဟာ မိမိ ကိုယ်ကို ယုံကြည်တဲ့ အပိုင်းမှာ အဓိက ကွာတာတွေ့ရတယ်လို့ နိုင်ငံတကာကျောင်းတက်တဲ့ ကလေးတွေရဲ့ မိဘတွေက ပြောပါတယ် ။

အချို့မိဘတွေက သူတို့ကိုယ်တိုင် ဝန်ထမ်းဖြစ်ပေမဲ့ ပညာရေးမှာ ရင်းနှီးမြုပ်နှံလိုတာကြောင့် အခုလိုနိုင်ငံတကာကျောင်းတွေ ထားဖို့ကြိုးစားနေရတာဖြစ်တယ်လို့လည်းပြောပါတယ်။

မိဘနှစ်ယောက်စလုံးက အလုပ်လုပ်နေကြတော့ ကလေးတွေ လုံခြုံရေးရော ပညာရေးပါ စိတ်ချရတဲ့ ကျောင်းကို ရွေးရတာပါလို့ Brainworks Total International School Yangon က ကျောင်းသားမိဘ ဒေါ်အေးမြကျော် ကပြောပါတယ်။

အစိုးရသင်ရိုးနဲ့ သင်တဲ့ ပုဂ္ဂလိက ကျောင်းလခ ကို မြန်မာငွေနဲ့ ကောက်တဲ့ကျောင်းတချို့ဟာလည်း တစ်နှစ်ကို ကျပ် ၂၁ သိန်းကနေ ၂၄ သိန်းလောက် တက်ဖို့ရှိနေပါတယ်။

အချို့မိဘတွေကတော့ အစိုးရကျောင်းကိုပဲ ပိုသဘောကျပါတယ်။ နိုင်ငံတကာ ကျောင်းတွေမှာ ထားရတာဟာ အပြိုင်အဆိုင် များလွန်းပြီးတော့ အဲဒီပတ်ဝန်းကျင်ကို သဘောမကျတာကြောင့် အစိုးရကျောင်းကိုပဲ ထားဖြစ်တယ်လို့ အစိုးရကျောင်းမှာ ထားတဲ့ မိဘတစ်ဦး ကပြောပါတယ်။

နိုင်ငံတကာကျောင်းမှာထားတာ ဘာတွေ အားနည်းချက်ရှိလဲ

နိုင်ငံတကာကျောင်းမှာထားတဲ့ မြန်မာမိဘတွေ အဓိကပြောတာက ကလေးတွေရဲ့ မြန်မာ ဘာသာစကားအားနည်းချက်ဖြစ်ပါတယ်။

တချို့ကလည်းမြန်မာစာကို အိမ်မှာ ဆရာခေါ်ပြီးပြန်သင်ကြပါတယ်။

ဒါအပြင် အတန်းကြီးလာတဲ့အခါမှာ တချို့ဘာသာရပ်သင်တဲ့ ဆရာညံ့ရင် အပြင်ကျူရှင် ယူရတာရှိတယ်လို့လည်း ဒေါ်မီးမီးကပြောပါတယ်။

ကလေးက မြန်မာလို အရေးအဖတ် အရမ်းအားနည်းတယ်လို့ အမည်မဖော်လိုသူ မိဘတစ်ဦးကပြောပါတယ်။

မိသားစုက မြန်မာလိုပြောဖို့ ဝိုင်းပြီး ကြိုးစားရတယ်လို့လည်း သူက ရှင်းပြပါတယ် ။

နောက်အားနည်းချက်က သူငယ်ချင်းအရေအတွက်က အစိုးရကျောင်းထက် နည်းသလို သူငယ်ချင်းတွေက နိုင်ငံခြားသား များပြီး မကြာခဏ အပြောင်းအရွှေ့တွေများတာကြောင့် ပတ်ဝန်းကျင် အပြောင်းအလဲ မကြာခဏ ဖြစ်ရတယ် လို့လည်းသူက ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက နိုင်ငံတကာကျောင်းတစ်ခုမှာ မြန်မာစာပါ တွဲပြီးသင်ကြားတာကို ကျောင်းသားမိဘအချို့ကတော့ မကြိုက်ကြပါဘူး။

ကလေးတွေကို ဘယ်အချိန်ထိ နိုင်ငံတကာကျောင်းတွေမှာ ထားကြမလဲ

ငွေကြေးပြည့်စုံတဲ့ မိဘတွေက ကာလရှည်အတွက် သူတို့မှာ အစီစဉ် ရှိပြီးသား ဖြစ်ပေမဲ့ နိုင်ငံတကာကျောင်းမှာ ကြိုးကြိုးစားစားထားရတဲ့ မိဘတွေကတော့ ကလေးတွေ ပညာရေး ခါးပြတ်မှာ အစိုးရိမ်ကြဆုံးဖြစ်ပါတယ်။

စင်ကာပူ၊ သြစတေးလျ စတဲ့နိုင်ငံတွေ ပို့ပြီး ပညာရေးကို ဆက်ဖို့ ကလည်း တချို့က အကန့်အသတ်ရှိနေတော့ မြန်မာတက္ကသိုလ်တွေ ပြန်တက်ဖို့ကိုလည်း တွေးပူကြပါတယ်။

တချို့ကလေးတွေကတော့ ဘုန်းတော်ကြီးကျောင်း ပညာရေးနဲ့ မြန်မာသင်ရိုး တွဲယူကြတယ်လို့ မိဘတချို့ကပြောပါတယ်။

ဘီဘီစီက မေးကြည့်သလောက် မိဘတချို့ကမြန်မာပြည်မှာ အတန်းကုန်အောင်ထားဖို့ စီစဉ်ထားပြီး နိုင်ငံတကာကျောင်းဆက်တက်ဖို့ ရည်မှန်းကြတာရှိသလို ရသလောက် ကလေးတွေကို ကြိုးစားပြီးထားနေ ကြတဲ့မိဘတွေကိုလည်း တွေ့ရပါတယ်။

မိဘတချို့ကလည်း သူ့ကလေးကို အခြေခံ ပိုင်အောင် ဆက်ထားပြီး အစိုးရ သင်ရိုးနဲ့သင်တဲ့ နိုင်ငံတကာကျောင်းတက်ဖို့စီစဉ်နေတယ်လို့ပြောပါတယ်။

ဒါပေမဲ့ လက်ရှိ နိုင်ငံစီးပွားရေးအခြေနေနဲ့လုပ်ငန်းတွေ မကောင်းတာကြောင့် ကလေးတွေ ပညာသင်စရိတ်ဟာ မိဘတွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်လာနေသလို ကလေးတွေအတွက် ပညာရေးတပိုင်းတစမှာ နိုင်ငံတကာလည်းမရောက် ပြည်တွင်းမှာလည်းမမှီနဲ့ ဖြစ်နေမှာကိုလည်း မိဘတွေကစိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ