မြန်မာနိုင်ငံ အနှံ့အပြားမှာ အပူရှိန်ပြင်းထန်လို့ ရေပြတ်လပ်

မြို့ကြီးတစ်ချို့မှာ အပူရှိန်စံချိန်တင်မြင့်တက် ဓာတ်ပုံ မူပိုင် Alamy
Image caption မြို့ကြီးတစ်ချို့မှာ အပူရှိန်စံချိန်တင်မြင့်တက်

ဧပြီလဆန်းကစလို့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတချို့ရဲ့ နေ့အပူချိန်တွေ မြင့်မားနေတဲ့အတွက် မြန်မာနိုင်ငံ အနှံ့အပြားမှာ ရေပြတ်လပ်တာတွေ ရေခန်းခြောက်တာတွေ တွေ့ကြုံနေရပါတယ်။

မွန်ပြည်နယ် ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်က မြို့နယ် တချို့တို့မှာ နေ့အပူချိန်တွေဟာ အရင်နှစ်တွေထက် စံချိန်သစ်တင်တဲ့ အထိ ပိုမိုပူပြင်းလာပါတယ်။ တချို့နေရာတွေမှာ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နေပါတယ်။

ဒီလိုပူပြင်းမှုတွေကြောင့် အရင်က ရေမခန်းဖူးတဲ့ ကန်တွေဟာ ရေခန်းခြောက်သွားခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ထဲက ကျေးရွာတချို့မှာ ဖြစ်ပွားနေပုံကို ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုအောင်ကိုလတ်က ဘီဘီစီကို ပြောပါတယ်။

ကန်ရေကို အဓိကထား အသုံးပြုရတဲ့ ကျေးရွာတွေမှာ အရင်နှစ်တွေကလည်း ရေခန်းသွားတာရှိခဲ့ပေမဲ့ မေလရောက်မှပဲ အဲဒီလို အဖြစ်တွေ ကြုံတွေ့ရလေ့ရှိတာပါ။

ဒီလို ရေပြတ်လပ်တာကြောင့် တချို့ဒေသတွေကို ပရဟိတအဖွဲ့တွေက ရေသယ်ကားတွေနဲ့ လိုက်လံ ရေပို့ဆောင်ပေးနေတာတွေရှိနေတယ်လို့မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က ဆိုပါတယ်။

ရေအားလျှပ်စစ် ထုတ်လုပ်ပေးနေတဲ့ ဆည်တွေမှာလဲ ပုံမှန်နှစ်တွေထက် ရေလျော့နည်းနေတဲ့အတွက် ဧပြီလ ၁ရက်က စလို့လျှပ်စစ်ဓါတ်အား လျှော့ချတာတွေ လုပ်ဆောင်ဖို့ သက်ဆိုင်ရာက ညွန်ကြားထားခဲ့လို့ တချို့ မြို့နယ်တွေမှာ လျှပ်စစ်ဓါတ်အားကို အချိန်ပိုင်း ဖြတ်တောက်တာတွေ လုပ်ဆောင်နေရပါတယ်။

ဓာတ်ပုံ မူပိုင် ဓာတ်ပုံ မူပိုင်NOAH SEELAM
Image caption အိန္ဒိယလယ်သမားတွေ အပူရှိန်နဲ့ ခြောက်သွေ့မှုဒဏ် ခံနေရ

အပူရှိန်မြင့်မားတဲ့ဒဏ်ကြောင့် ဧပြီ ၂၂ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ် အိမ်ရာနဲ့ အောင်မင်္ဂလာ အဝေးပြေးကို ပြေးဆွဲနေတဲ့ YBS အမှတ်(၂) ယာဉ်တစ်စီးပေါ် လိုက်ပါလာတဲ့ အသက် ၈၀အရွယ် အမျိုးသားကြီးတစ်ဦးဟာ ကားပေါ်မှာ သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ သစ်တောတွေဟာ ပြုန်းတီးသွားတဲ့အတွက် ရာသီဥတု ဖောက်ပြန်တာတွေ အပူရှိန်လွန်ကဲတာတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာနေပါတယ်။