ရိုက်တာသတင်းထောက်တွေ အယူခံ အမြင့်ဆုံးတရားရုံးက ပယ်ချ

သတင်းထောက် ကိုကျော်စိုးဦး (ဝဲ) နဲ့ ကိုဝလုံး (ယာ) တို့ နှစ်ဦး ထောင်ဒဏ် ပြစ်ဒဏ်ခံနေရတာ တစ်နှစ် ကျော်လာခဲ့ပြီ ဖြစ် ဓာတ်ပုံ မူပိုင် YE AUNG THU / AFP / Getty Images
Image caption သတင်းထောက် ကိုကျော်စိုးဦး (ဝဲ) နဲ့ ကိုဝလုံး (ယာ) တို့ နှစ်ဦး ထောင်ဒဏ် ပြစ်ဒဏ်ခံနေရတာ တစ်နှစ် ကျော်လာခဲ့ပြီ ဖြစ်

အင်းဒင်လူသတ်မှု အကြောင်း စုံစမ်းဖော်ထုတ် ရေးသားဖို့ သတင်း အချက်အလက် စုဆောင်းနေတုန်းမှာ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်း ဌာနက မြန်မာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှု အယူခံကို ပြည်ထောင်စု တရားလွှတ်တော်က အောက်ရုံးရဲ့ဆုံးဖြတ်ချက်အတိုင်း အတည်ပြုပြီး သူတို့ရဲ့ အယူခံကို ဧပြီလ ၂၃ ရက် မနက်ပိုင်းက ပယ်ချလိုက်ပါတယ်။

"ဒီနေ့ဆုံးဖြတ်ချက်ပေါ်မှာ စိတ်မကောင်းဖြစ်ရတယ်။ ဝမ်းလည်းနည်းတယ်၊ ဒီနေ့အကောင်းဆုံးကို မျှော်လင့်ပြီး မျှော်လင့်ချက်နဲ့လာခဲ့တာ၊ အကုန်လုံးအကောင်းကိုပဲ မျှော်လင့်ထားကြတာ၊ တစ်ခုခုပြောင်းလဲ လိမ့်မယ်လို့ပေါ့" လို့ ကိုဝလုံးအမျိုးသမီး မပန်းအိမွန်က ဒီနေ့ ဆုံးဖြတ်ချက် အပေါ်သူ့အမြင်ကို ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အာဆာ ရဲ့ တိုက်ခိုက်မှုတွေကို အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တန်ပြန် စစ်ဆင်ရာမှာ ရိုဟင်ဂျာ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့တဲ့ အ ကြောင်းကို သတင်းထောက် ၂ ယောက်က စုံစမ်းဖော်ထုတ်ခဲ့တာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မျှော်လင့်ချက်တွေ ရိုက်ချိုးခံခဲ့ရတဲ့ သတင်းထောက် ၂ ဦး ရဲ့ ဇနီးသည်တွေ ပြောပြချက်

ရိုက်တာသတင်းဌာနကလည်း ပြည်ထောင်စုတရားလွှတ်တော်က သတင်းထောက်တွေရဲ့ အယူခံကို ပယ်ချပြီး အောက်တရားရုံးအမိန့် အတိုင်းထပ်မံ အတည်ပြုဆုံးဖြတ်လိုက်ကြောင်းကို အတည်ပြုပြီး သူတို့ လွတ်မြောက်ရေး အတွက် ဆက်လက် ကြိုးစားသွားမယ်လို့ ကြေညာခဲ့ပါတယ်။

"(ကို)ဝလုံး နဲ့ (ကို)ကျော်စိုးဦးတို့က ဘယ်ရာဇဝတ်မှုတစ်ခုကိုမှ မကျူးလွန်ထားသလို သူတို့လုပ်ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထား တစ်ခုမှလည်းမရှိဘူး၊ အမှန်တရားကိုဖော်ထုတ်ရေးသားရာမှာ ရဲတပ်ဖွဲ့က ထောက်ချောက် ဆင်ဖမ်းဆီးခံခဲ့ရတဲ့ နစ်နာသူတွေပါ၊ ကျွန်တော်တို့ကဆက်ပြီးတော့ သူတို့လွတ်မြောက်ဖို့ကို အမြန်ဆုံး ဆက်လုပ်သွားမယ်" လို့ ရိုက်တာ Chief Counsel ဖြစ်သူ Ms. Gail Gove က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာ သတင်းထောက်တွေကို ထောင် ၇ နှစ် ပြစ်ဒဏ်ချမှတ်
ဓာတ်ပုံ မူပိုင် THET AUNG
Image caption ဖမ်းခံထားရသူတွေ အိမ်ပြန်လာချိန်ကို မျှော်နေရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ မိသားစု

ရိုက်တာ သတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင် ကျေးရွာမှာ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အရာရှိ အဆင့် ၄ ဦး နဲ့ အခြားအဆင့် စစ်သည်တွေကို တပ်မတော်ဘက်ရဲ့ စုံစမ်းရေးအဖွဲ့က စစ်ဆေးပြီး တပ်မတော် ကနေ အမြဲတမ်း ထုတ်ပယ်ကာ နယ်ဘက် အကျဉ်းထောင်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ကို ကျခံစေဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ လူသတ်မှုကို စုံစမ်း ရေးသားခဲ့တဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကတော့ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းဆီးခံရပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာ ၃ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ် စီ ချမှတ်ခံခဲ့ရတာပါ။

ဒီပြစ်ဒဏ်နဲ့ ပတ်သက်လို့ သတင်းထောက်တွေဘက်က ရန်ကုန်တိုင်း တရားရုံးမှာ ၂၀၁၉၊ ဇန်နဝါရီလက အယူခံတင်ခဲ့ပေမဲ့ အဲဒီတုန်းကလည်း ပယ်ချခံခဲ့ရပါတယ်။ အဲဒီနောက် ပြည်ထောင်စုတရားလွှတ်တော်ကို မတ်လ ၂၆ ရက်နေ့က အယူခံ ဆက်တင်ပြီး လျှောက်လဲချက်ပါ တင်ပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုက်တာ သတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ လူသတ်မှုက အသတ်ခံရသူများ

ပြင်ဆင်ချက် အယူခံသဘောအရ ချမှတ်ခဲ့ပြီးတဲ့ ပြစ်ဒဏ်ကို ပြည်ထောင်စု တရားလွှတ်တော်က မူလအတိုင်းထားရှိနိုင်သလို မူလအမိန့်ကိုပယ်ဖျက်နိုင်ခွင့်လည်း ရှိပါတယ်။ ဒါ့အပြင် ပြစ်မှုထင်ရှားရှိပေမဲ့ မူလချမှတ် ထားပြီသား ပြစ်ဒဏ်ကို လျှော့ချတာ ဒါမှမဟုတ် ပယ်ဖျက်တာကိုလည်း ဥပဒေအရ ဆုံးဖြတ် နိုင်ခွင့် ရှိပါတယ်။ အဲဒီလိုလုပ်ပိုင်ခွင့်တွေထဲကမှ ပြည်ထောင်စုတရားလွှတ်တော်က မူလအတိုင်းထားရှိတဲ့ အမိန့်ကို ဒီနေ့ ဧပြီ ၂၃ရက်မှာ ထပ်မံအတည်ပြုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကတော့ ပြည်ထောင်စုတရားလွှတ်တော်ရဲ့ အမိန့်က မျှော်လင့်အားကိုးထားသလို ဖြစ်မလာဘဲ၊ သူတို့အတွက်သာမက တစ်နိုင်ငံလုံးအတွက် စိတ်ပျက်ဝမ်းနည်း စရာဖြစ်တယ်လို့မှတ်ချက်ပြုပါတယ်။

"အခုငြင်းဆန်လိုက်တဲ့အပေါ် အရမ်းခံစားရတယ်။ အရမ်းဝမ်းနည်းမိတယ်။ ကိုယ်မျှော်လင့်သလိုမဖြစ်တဲ့ အတွက်အရမ်းစိတ်ပျက်မိတယ်" လို့ ကိုကျော်စိုးဦးအမျိုးသမီး မချစ်စုဝင်းက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖမ်းဆီးခံသားအတွက် မိခင်တဦးရဲ့ သောက

သတင်းထောက်နှစ်ယောက်ရဲ့ အမျိုးသမီးနဲ့ မိသားစုတွေကတော့ အရင်သမ္မတဦးထင်ကျော်ကို တစ်ကြိမ်၊ အခုသမ္မတ ဦးဝင်းမြင့်ကိုတစ်ကြိမ် သူတို့နှစ်ယောက်လွှတ်မြောက်ရေးအတွက် စာရေးသားတောင်းဆို ထားဖူးပါတယ်။ အခုအချိန်ထိတော့ တစ်စုံတစ်ရာပြန်လည်အကြောင်းကြားတာကို လက်ခံမရရှိထားသေး ဘူးလို့လည်း မပန်းအိမွန်က ဘီဘီစီကိုပြောထားပါတယ်။

သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခွင့်ပေးလိုရင် တရားရုံးကဆုံးဖြတ်ထားပြီးတဲ့ အမှုကိစ္စဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ခံစားခွင့်ရှိတယ်လို့ ဦးခင်မောင်ဇော်က ဘီဘီစီကိုပြောပါတယ်။ ဒါပေမယ့်လည်းလက်ရှိအချိန်အထိတော့ သတင်းထောက်နှစ်ယောက်အတွက် လွတ်ငြိမ်းချမ်းသာ ခွင့်ကို တစ်စုံတစ်ရာမသိရသေးဘူးလို့ သူကဆိုပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သူတို့ရဲ့ သတင်း အလုပ် တွေ ကြောင့် ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ သတင်းရေးသားခြင်း (International Reporting) ခေါင်းစဉ်အောက်က အပ်နှင်းတဲ့ ပူလစ်ဇာဆုကို ဧပြီလ ၁၆ ရက်နေ့က ရရှိခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်အတွက် တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်တဲ့ Person of the Year 2018 (၂၀၁၈ ရဲ့အထင်ရှားဆုံးပုဂ္ဂိုလ်) အမည်စာရင်းမှာလည်း သူတို့ နှစ်ယောက်နာမည်တွေ ထည့်သွင်း ဖော်ပြခံခဲ့ရ ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ - ယူနက်စကို (UNESCO) က ပေးအပ်တဲ့ UNESCO/Guillermo Cano Press Freedom Prize 2019 ဆု ကို လည်း အခု ဧပြီလ ၁၀ ရက်နေ့ကပဲ ရရှိခဲ့ ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာ သတင်းထောက် ကိုဝလုံးရဲ့ဇနီးနဲ့ ဘီဘီစီ တွေ့ဆုံ

ဒီသတင်းနဲ့ပတ်သက်သမျှ