အော်စလိုကနေ စတော့ဟုမ်းကို အသွား Orebro မြို့နားမှာ ဘတ်စကား တိမ်းမှောက်

ကားတိမ်းမှောက် ဓာတ်ပုံ မူပိုင် Moe Maung Maung facebook
Image caption မြန်မာခရီးသွားတွေ အနေနဲ့ နှုတ်ဆိတ်မနေဘဲ ထိခိုက်နစ်နာမှုအတွက် ရပိုင်ခွင့်ရယူဖို့ တိုက်တွန်းထား

နော်ဝေနိုင်ငံ အော်စလိုမြို့က ထွက်လာတဲ့ ဘတ်စကားတစီးဟာ ဧပြီ၂၀ရက် စနေနေ့ မနက်တုန်းက စတော့ဟုမ်းမြို့ကို အသွား E18 လို့ ခေါ်တဲ့ အဝေးပြေး လမ်းမကြီးပေါ်မှာ တိမ်းမှောက် သွားခဲ့ပါတယ်။

မြန်မာပြည်ကနေ ဥရောပကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေ အပြည့်တင်ဆောင်လာတဲ့ ဘတ်စကားဟာ Orebro မြို့နားမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ချိန်မှာ ကားပေါ်မှာ ခရီးသည် ၁၉ယောက် လိုက်ပါလာပြီး သူတို့အားလုံးဟာ မြန်မာနိုင်ငံက ခရီးသွားတွေ ဖြစ်တယ်လို့ အော်စလိုမြို့သား ကိုမိုးမောင်မောင်က ပြောပါတယ်။

အသက်၇၀ အရွယ်ရှိ နော်ဝေ နိုင်ငံသား ကားမောင်းသမား ကတော့ ထိခိုက်မှု တစုံတရာ မရှိပေမဲ့ ခရီးသည် ၈ ယောက်ကိုတော့ ကားမှောက်မှု ဖြစ်ပြီးပြီးချင်း ဆေးရုံတင်ခဲ့ရပြီး ယာဉ်ပေါ်ပါ အများစုဟာ ထိတ်လန့် တုန်လှုပ်နေကြတယ်လို့ ရဲက ပြောပါတယ်။

ကျန်တဲ့သူ ၁၁ယောက်ကိုတော့ Orebro မြို့က ကျန်းမာရေး စောင့်ရှောက်မှု ဌာနဆီ ပို့ဆောင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရဲအရာရှိ Jens auf der Heide ပြောကြောင်း Gothenburg Post သတင်းစာမှာ ဖော်ပြထားပါတယ်။

Orebro တက္ကသိုလ် ဆေးရုံကို ရောက်လာတဲ့ လူကြီး ငါးယောက် အနက် သုံးယောက်က အခြေအနေ ကောင်းပြီး ကျန်နှစ်ယောက်က ဒဏ်ရာရထားပေမဲ့ အသက်အန္တရာယ် ရှိလောက်တဲ့ အနေအထားတော့ မဟုတ်ဘူးလို့ ကိုမိုးမောင်မောင်က ပြောပါတယ်။

ရဲတပ်ဖွဲ့ အဆိုအရ အဲ့ဒီ ခရီးသွား ဘတ်စကားပေါ်မှာ ကလေးတွေလည်းလိုက်ပါလာတယ်လို့ ရဲတပ်ဖွဲ့ ဆေးမှူး Mats Ohman က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် moe maung maung
Image caption အော်စလိုကနေ စတော့ဟုမ်းကိုသွားတဲ့ မြန်မာခရီးသွားတွေပါ ယာဉ်တိမ်းမှောက် မှုကြောင့် တနေကုန် လမ်းပိတ်ဆို့မှုဖြစ်

Berglunda နဲ့ Adolfsberg ကြား လမ်းဘေး အကာအရံတွေကို တရွတ်တိုက်ဆွဲသွားခဲ့တဲ့ ခရီးသည်တင် ဘတ်စကားကို လမ်းဘေးမှာ တုံးလုံးလဲ နေတာတွေ့ရတယ်လို့ အခင်းဖြစ်ပွားတဲ့ နေရာကို ရောက်လာတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ဆိုကြောင်း Gothenburg Post သတင်းစာမှာ ရေးသားထားပါတယ်။

အခုအချိန် မှာတော့ ဒီဘတ်စကားကို စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုလား ၊ မတော်တဆမှုလား ၊ ရည်ရွယ်ချက် ရှိသလား ဆိုတာတွေကို ရဲက စုံစမ်း စစ်ဆေးနေတယ်လို့ ကိုမိုးမောင်မောင်က ရှင်းပြပါတယ်။

လက်ရှိမှာ တိမ်းမှောက်ခဲ့တဲ့ ဘတ်စကားကို ရဲက သိမ်းထားပြီး စစ်ဆေးနေပေမဲ့ ပြီးခဲ့တဲ့ စနေနေ့ ဧပြီ၂၀ နေ့လယ် အထိ ဒီကိစ္စနဲ့ ပတ်သက်လို့ သံသယနဲ့ ထိန်းသိမ်းခံထားရသူ မရှိသေးဘူးလို့ Gothenburg Post သတင်းစာမှာ ဖော်ပြထားပါတယ်။

နော်ဝေ အစိုးရကော ဆွီဒင် နိုင်ငံမှာပါ အခုလို ယာဉ်မတော်တဆ ထိခိုက်ခံရသူတွေရဲ့ အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေးကာ ကြည့်ရှု စောင့်ရှောက်လေ့ ရှိတယ်လို့ ကိုမိုးမောင်မောင် က ပြောပါတယ်။

အခင်းဖြစ်ပွားမှုမှာ ထိခိုက်မှု တစုံတရာ ရခဲ့သူတွေ အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရပိုင်ခွင့် အခွင့်အရေးကို နှုတ်ဆိတ် မနေဘဲ လိုအပ်တဲ့ အရာတွေ ဖြည့်ဆည်းပေးနိုင်ဖို့ သက်ဆိုင်ရာ ဒေသခံ အဖွဲ့အစည်းတွေကို အချိန်မရွေး ဆက်သွယ် အကူအညီ တောင်းနိုင်သလို ၊ ဥပဒေ ရေးရာ အရ အခမဲ့ အကူအညီတွေလည်း ရယူနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ဒီယာဉ်မတော်တဆမှုမှာ ထိခိုက်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ခရီးသွား ကုမ္ပဏီ တွေရဲ့ နားချမှု တခုတည်းကို လက်ခံမထားဘဲ ရသင့်ရထိုက်တဲ့ အခွင့်အရေး ရနိုင်ဖို့ ဒေသခံ အဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားဖို့ ကိုမိုးမောင်မောင်က တိုက်တွန်းထားပါတယ်။