အာဆာ တိုက်ခိုက်မှု - ရဲကားတစ်စီးကို အာဆာ မိုင်းခွဲခဲ့တယ်လို့ အစိုးရ ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Youtube
အာဆာခေါင်းဆောင် အာတာအူလာ၂ဝ၁၇ တုန်းက ထုတ်ပြန်ခဲ့တဲ့ ဗီဒီယို
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အာဆာအဖွဲ့ရဲ့ စစ်ရေးလှုပ်ရှား တိုက်ခိုက်တာတွေ ပေါ်ပေါက်လာပြန်တယ် ဆိုပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဘီဘီစီကို အတည်ပြုပါတယ်။
ဧပြီလ ၂၂ ရက်၊ တနင်္လာနေ့မှာ မောင်တောမြို့နယ်ထဲ ရဲကားတစ်စီး မိုင်းဆွဲတိုက်ခိုက်တာ ခံခဲ့ရပြီး ရဲဒုတပ်ကြပ်တစ်ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
တိုက်ခိုက်သူတွေဟာ အာဆာအဖွဲ့ဝင်တွေလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ အာဆာဆိုတာ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် နာမည်အောက် စုဖွဲ့ထားတဲ့ လက်နက်ကိုင် အဖွဲ့ကို အတိုကောက် ခေါ်တာ ဖြစ်ပါတယ်။
အစိုးရပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း မောင်တောမြို့နယ်၊ နယ်မြေ ၄ ဇီးပင်ချောင်းလမ်းဆုံနှင့် လိပ်ရလမ်းဆုံမှာ တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။
တိုက်ခိုက် ခံခဲ့ရတဲ့ယာဉ်ဟာ တောင်ပြို(ယာ) နယ်မြေရုံးကနေ ကြိမ်ချောင်း နယ်မြေရုံး ရှိရာ မောင်းနှင်လာတာ ဖြစ်ပြီး၊ တောင်ပြို၊ ငါးခူရ၊ ကြိမ်ချောင်း နယ်မြေရုံး တွေက ရဲတပ်ဖွဲ့ဝင်တချို့ လိုက်ပါလာတာ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, http://www.cincds.gov.mm
ခေါင်းပိုင်းထိသွားတဲ့ ရဲယာဉ်
မနက် အစောပိုင်း ၇ နာရီခွဲ အကျော်လောက်မှာ ရဲတပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ အဲဒီ မော်တော်ယာဉ်ကို အာဆာ အဖွဲ့က မိုင်းခွဲ ခဲ့တာဖြစ်ပြီး၊ လမ်း ဘယ်-ညာ တောင်ကုန်းတွေ ပေါ်ကနေလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အစိုးရ ပြန်ကြားရေး ဌာနက ဆိုပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် ဒုတပ်ကြပ် ရှိုင်းထက်အောင်ရဲ့ ညာဘက်မျက်လုံး ယမ်းငွေ့ရိုက်တဲ့ ဒဏ်ရာ ရခဲ့သလို၊ ကားလည်း ခေါင်းပိုင်း ကြေမွ ပျက်စီးသွားတယ်လို့လည်း အစိုးရ ပြန်ကြားရေး ဌာနက ထုတ်ပြန် ထားပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ ဘက်ကလည်း ပြန်လည် ခုခံပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, MOI
အာဆာ မိုင်းခွဲရာမှာ သုံးခဲ့တဲ့ ပစ္စည်းတွေ ဆိုပြီး အစိုးရ ထုတ်ပြန်တဲ့ပုံ
ဒီတိုက်ခိုက်မှုကို သူတို့ ဘယ်လိုဘယ်ပုံ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အာဆာ အဖွဲ့ နာမည်နဲ့ ပြောထားတဲ့ တစ်မိနစ် ဝန်းကျင် ဗီဒီယိုဖိုင် တစ်ခု လူမှုကွန်ရက်ပေါ် ပြန့်နှံ့ခဲ့ပါတယ်။
အဲဒီ ဗီဒီယိုဖိုင်ဟာ တကယ်ပဲ အာဆာ အဖွဲ့က ရိုက်ကူး ဖြန့်ချီတာလား ဆိုတာကိုတော့ ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြုတာမျိုး မလုပ်နိုင်သေးပါဘူး။
ရခိုင်ပြည်နယ်ထဲ အာဆာအဖွဲ့ ဘယ်မှာ အခြေချတာလဲ
ရဲမော်တော်ယာဉ်ကို တိုက်ခိုက်တဲ့ အဖွဲ့ဟာ အာဆာဖြစ်တယ်လို့ အစိုးရနဲ့ တပ်မတော်တို့က အသီးသီး ထုတ်ပြန်ကြတဲ့ အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အာဆာ အဖွဲ့ရဲ့ ခြေကုပ်နေရာ ရှိနေလား၊ ဘယ်နေရာတွေမှာ အခြေချ လှုပ်ရှားနေတာလဲ ဆိုတဲ့ မေးခွန်း ပေါ်ပေါက် လာပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အခုလို တိုက်ပွဲ ဖော်ဆောင်ခဲ့တဲ့ အာဆာအဖွဲ့ဟာ ဘယ်မှာ အခြေချတယ်၊ ဒါမှ မဟုတ် ဘယ်လမ်းကြောင်းကနေ ဝင်ရောက်လာတာလဲ ဆိုတာ မသိရဘူးလို့ ဘီဘီစီရဲ့ အမေးကို ဖြေဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Image/YE AUNG THU
တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
အခု ရဲကား တိုက်ခိုက် ခံခဲ့ရတဲ့ နယ်မြေ ဒေသကို ကြည့်ရင်တော တောင်ပြိုနဲ့ ကြိမ်ချောင်းတို့လို မောင်တောမြောက်ပိုင်း ဒေသဟာ ၂ဝ၁၇၊ ၂ဝ၁၈ ဖြစ်စဉ် တွေတုန်းကလည်း အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ နေရာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောတဲ့ ဖြစ်စဉ်တွေ ဆိုတာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အာဆာက နယ်ခြားစောင့်ရဲကင်း အများအပြားကို ချိန်ကိုက် တိုက်ခိုက်တာတွေ လုပ်ခဲ့တာတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
၂ဝ၁၇ ဩဂုတ်လ နှောင်းပိုင်း နယ်ခြားစောင့် ရဲကင်းစခန်းတွေကို အာဆာ လက်နက်ကိုင်တွေ အုပ်စုဖွဲ့ ချိန်ကိုက် တိုက်ခိုက်ခဲ့တဲ့နောက် မြန်မာ အစိုးရက အဲဒီ အဖွဲ့ကို အကြမ်းဖက် အုပ်စု အဖြစ် ကြေညာထားပြီး၊ ငွေကြေးထောက်ပံ့သူ၊ ပူးပေါင်းကူညီသူတွေကိုပါ အကြမ်းဖက် ဥပဒေနဲ့ အရေးယူမယ်လို့ သတိပေးထားပါတယ်။
ရခိုင်ပြည်နယ်ထဲ အာဆာရဲ့ စစ်ရေးလှုပ်ရှားမှု
အာဆာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ နောက်ပိုင်း တပ်မတော် အပါအဝင် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေ ပြုလုပ်ပြီး တုံ့ပြန်ပါတယ်။
မေယုတောင်ကြောပေါ်မှာ အာဆာ အဖွဲ့ရဲ့ စခန်းတွေ၊ သင်တန်းကျောင်းတွေကို ရှင်းလင်း နိုင်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန် ကြေညာတာမျိုးတွေ လုပ်ခဲ့ပါတယ်။
၂ဝ၁၈ နှစ်ဆန်းပိုင်း အထိ တပ်မတော် မော်တော်ယာဉ်ကို မိုင်းခွဲပြီး အဲဒီလို တိုက်ခိုက်တာ သူတို့ လက်ချက် ဖြစ်တယ်လို့ အာဆာ အဖွဲ့က ကြေညာ ခဲ့တာမျိုး စစ်ရေး လှုပ်ရှားမှုမျိုး ရှိ ခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Youtube
အစိုးရက အကြမ်းဖက် အဖွဲ့ အဖြစ် ကြေညာထားတဲ့ အာဆာ အဖွဲ့
၂ဝ၁၈ နောက်ပိုင်းလတွေမှာတော့ အာဆာရဲ့ တိုက်ခိုက်မှု ဆိုတဲ့ အသံ အတော်လေး မကြားရတော့သလောက် ရှိနေခဲ့ပြီး ပြည်တွင်း ပြည်ပ အာရုံ စိုက်မှုဟာ ဘင်္ဂလားဒေ့ရှ်ဘက် ဝင်ရောက် သွားသူတွေကို ပြန်လည် လက်ခံရေး ဆိုတဲ့ ကိစ္စအပေါ် အဓိက ရှိနေခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ဒုက္ခသည် စခန်းတွေထဲမှာ အာဆာတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်လို့ မြန်မာ အာဏာပိုင်တွေဘက်က သတိပေး ပြောဆိုတာတွေ လုပ်ခဲ့ပြီး၊ အာဆာတွေအဖြစ် မှတ်တမ်းတင်ထား နိုင်သူတွေရဲ့ ဓာတ်ပုံတွေကို ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေဆီ ပေးပို့ တာမျိုးလို လုပ်ဆောင်မှုတွေ ရှိပါတယ်။
လတ်တလော ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာရော အာဆာ ပတ်သက်သလား
၂ဝ၁၈ နောက်ပိုင်းလတွေထဲ ရခိုင်တပ်ဖွဲ့ အေအေနဲ့ အစိုးရ စစ်တပ်ကြား တိုက်ပွဲတွေ ရခိုင်ပြည်နယ်ထဲ ပြန့်နှံ့လာပြီး အေအေနဲ့ အာဆာ စစ်ရေး ပူးပေါင်းမှုတွေ ရှိတယ် ဆိုပြီး အစိုးရနဲ့ တပ်မတော်ဘက်က ပြောဆိုလာပါတယ်။
ဥပမာ- ဘင်္ဂလားဒေ့ရှ်ထဲက ရာမူးမြို့မှာ အေအေနဲ့ အာဆာတို့ ၂ဝ၁၈ ဇူလိုင်လထဲ တွေ့ဆုံခဲ့တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့သလို ၊ ၂ဝ၁၉ ဖေဖေါ်ဝါရီလထဲ မောင်တောမြို့နယ်ထဲ ကာလာဒေးဗတ် ဆိုတဲ့ ရွာနား ကင်းပုန်း ဝပ်နေတဲ့ နယ်ခြားစောင့်တပ် တပ်စိတ်ကို အေအေနဲ့ အာဆာ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက် ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ဘက်က တရားဝင် သတင်းထုတ်ပြန်တာမျိုး လုပ်ခဲ့ပါတယ်။
အာဆာနဲ့ကြား ပူးပေါင်းဆောင်ရွက်တယ် ဆိုတဲ့ ပြောဆိုမှုတွေ အပေါ် အေအေက အမြဲ ငြင်းပယ် ခဲ့ပြီး၊ အခု ဧပြီလထဲမှာပဲ ဝနယ်မြေ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့်ပွဲမှာ အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အာဆာနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး မရှိကြောင်း ဘီဘီစီကို ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
ဦးေသာင်းထွန်း
နယ်စပ် အခြေစိုက် လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပြီးပြတ်အောင် ကိုင်တွယ်နိုင်ဖို့ရာ မလွယ်ကူလှဘဲ တစ်ဘက်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ စစ်ရေး သုတေသီတွေက ထောက်ပြလေ့ ရှိပါတယ်။
လက်ရှိမှာတော့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေရဲ့ အဆင့်မြင့် အရာရှိတွေ ပုံမှန် တွေ့ဆုံ နေကြပြီး၊ ဒုက္ခသည် လွှဲပြောင်းရေး လက်ခံရေးတွေနဲ့ မဆိုင်တဲ့ နယ်စပ်လုံခြုံရေး ကိစ္စအပေါ် အဓိက ဆွေးနွေး နေကြပါတယ်။
နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေရဲ့ ၂ဝ၁၉ ဧပြီလ အစောပိုင်း နေပြည်တော် တွေ့ဆုံပွဲ အပြီးမှာဆိုရင် နယ်စပ်မျဉ်းတလျောက် အကြမ်းဖက် အဖွဲ့တွေ အခြေစိုက်ခွင့် မပေးဘဲ အမြစ်ပြတ် ချေမှုန်းဖို့ နှစ်ဘက် သဘောတူခဲ့တယ် ဆိုတဲ့ ကြေညာချက်မျိုး ထွက်လာပါတယ်။
ဟိန္ဒူတွေကို အာဆာအဖွဲ့ သတ်ခဲ့လို့ လူ့အခွင့်အရေး အဖွဲ့ပြော
အဲဒီ ကြေညာချက်ထဲမှာတော့ ဘယ်အဖွဲ့ ဆိုပြီး နာမည်တပ် ပြောဆိုတာမျိုး မရှိပါဘူး။ ဒါ့အပြင် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေ တကယ်ပဲ စစ်ရေးလှုပ်ရှားမှုတွေ အတူ ပူးတွဲ လုပ်ဆောင်မှာလား၊ လက်ရှိ လုပ်ဆောင် နေသလိုမျိုး သတင်း အချက်အလက် ဖလှယ်တယ် ဆိုတာကိုပဲ ပူးပေါင်း ဆောင်ရွက်မှု အဖြစ် ရည်ညွှန်း ပြောတာလား ဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
နယ်စပ်ကင်းတွေ လှည့်တဲ့ အခါ နှစ်ဘက်တပ်တွေ ညှိနှိုင်းပြီး ဆောင်ရွက်မယ်၊ တပ်ရင်းမှူး အဆင့် ညှိနှိုင်း အဆင့် အစည်းအဝေးတွေ ပြုလုပ်မယ် ဆိုတဲ့ သဘောတူချက်တွေ အဲဒီ နေပြည်တော် အစည်းအဝေးမှာ ရခဲ့တာကိုတော့ အတည်ပြုထားနိုင်ပါတယ်။