ပိုးလမ်းမစီမံကိန်း BRI ဖိုရမ် တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွားရောက်စတဲ့ ဧပြီ ၂၄ ရက် မနက်ခင်း သိသင့်တဲ့သတင်းတွေ

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Office
ပိုးလမ်းမစီမံကိန်း BRI ဖိုရမ် တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွားရောက်
(၁) ပိုးလမ်းမစီမံကိန်း BRI ဖိုရမ် တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွားရောက်
တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပမယ့် Belt and Road Initiative ပိုးလမ်းမစီမံကိန်း BRI ဖိုရမ် တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ (ဧပြီ ၂၄ ရက် ) မှာ နေပြည်တော်ကနေ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
ပိုးလမ်းမ စီမံကိန်း Belt and Road Initiative BRI ဖိုရမ် တက်ရောက်ဖို့ တရုတ်ဘက်က ဖိတ်ကြားခဲ့တာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အစိုးရအဖွဲ့ ဝန်ကြီးတချို့လိုက်ပါသွားမှာ ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China Myanmar Economic Corridor) စီမံကိန်းတွေကိုလည်း ဆွေးနွေးကြမှာပါ။
အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဘေဂျင်းခရီးစဉ်အတွင်းမှာ ပိုးလမ်းမ စီမံကိန်း တစ်စိတ်တပိုင်းဖြစ်တဲ့ မြန်မာနိုင်ငံ အတွင်း တောင်-မြောက် ဆက်သွယ်နိုင်မယ် အမြန်လမ်း စီမံကိန်းကြီးတွေနဲ့ ပတ်သက်လို့ သဘောတူဖို့ ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
မြန်မာ - တရုတ် စီပွားရေးစင်္ကြံနဲ့ မြန်မာ - တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးနဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ်တွေကို ပိုမိုထိရောက် အကောင်အထည် ဖော်နိုင်ဖို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ပါဝင်တဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု One Belt One Road (OBOR) နဲ့ စပ်လျဉ်းတဲ့ ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။
(၂) ကုမ္ပဏီ ၆၀ ကျော် ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက နာမည်ပျက်စာရင်း စာရင်းသွင်း
ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေဆီက လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီ ၆၀ ကျော် ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက နာမည်ပျက်စာရင်း (Black List) ထည့်သွင်း သတ်မှတ်လိုက်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ဖေ့ဘုတ်စ်စာမျက်နှာကနေ ဧပြီ ၂၃ ရက်က အသိပေး ကြေညာပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက နာမည်ပျက်စာရင်း ထည့်သွင်းခံရတဲ့ ကုမ္ပဏီ ၄၀ ကျော်ဟာ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနတွေနဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ဧရာဝတီတိုင်းအတွင်းက ညောင်တုန်းဆေးရုံ ၃ ထပ်ဆောင်နဲ့ ဇလွန်ဆေးရုံ ဝန်ထမ်းအိမ်ယာတွေကို အသစ်ပြန်လည်တည်ဆောက်ခွင့် ရထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေဟာ တင်ဒါ စည်းမျဉ်းများကို ချိုးဖောက်တဲ့အပြင် အဆောက်အအုံ တည်ဆောက်ရာမှာ ခိုင်ခံ့မှု အားနည်းနေတာကို တွေ့ရလို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တိုင်းအစိုးရအဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အကျဉ်းထောင်တွေကို သွားရောက်
(၃) စစ်တွေ၊ မုပ္ပလင်နဲ့ ရွှေဘို အကျဉ်းထောင်တွေမှာ ဆူပူမှုဖြစ်လို့ လူအခွင့်အရေး ကော်မရှင်က ဝင်ရောက်စစ်ဆေး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
မြန်မာနှစ်ဆန်းတစ်ရက် (ဧပြီ ၁၇ ရက်) အကျဉ်းသား ၉ ထောင်ကျော် လွှတ်ပေးခဲ့တဲ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သတ်လို့ အကျဉ်းထောင်တချို့ ဆူပူမှုတွေ ဖြစ်ပေါ်ခဲ့ရာမှာ မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်က ဝင်ရောက်စစ်ဆေး ညှိနှိုင်းပေးခဲ့ရပါတယ်။
စစ်တွေ၊ မုပ္ပလင်နဲ့ ရွှေဘို အကျဉ်းထောင်တွေက ရာဇဝတ် ပြစ်မှုတွေနဲ့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရသူတွေ အပါအဝင် အကျဉ်းသားတချို့က သမ္မတ ဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲ မပါလို့ဆိုပြီး အကျဉ်းသားတွေက ဆူပူအော်ဟစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရေး တောင်းဆိုခဲ့ကြတာပါ။
မွန်ပြည်နယ် မုပ္ပလင် ကျောက်ထုတ်အကျဉ်းစခန်းမှာလည်း အကျဉ်းသား ၄၀၀ လောက်ဟာ လုပ်ငန်းခွင် မဆင်းပဲ တောင်းဆိုခဲ့ကြလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဝင်ရောက်ဖြေရှင်းပေးခဲ့ရ ပါတယ်။
"သူတို့က မလွှတ်ချင်လည်း တစ်ယောက်မှ မလွှတ်နဲ့၊ လွှတ်ရင်လည်း မျှမျှတတလွှတ်ပေးတဲ့။ လုယက်မှု၊ လူသတ်မှု၊ ဓားပြမှုတွေတော့ မလွှတ်ဘူး။ မလွှတ်ဘူးဆိုရင်လည်း ပြစ်ဒဏ်သက်သာခွင့် တစ်နှစ်ပေးဆိုပြီး တောင်းဆိုတာ" လို့ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
ပြစ်ဒဏ်ရက် လျှော့ပေါ့ပေးဖို့၊ လွတ်ငြိမ်းခွင့် စာရင်းထဲ ထည့်ပေးဖို့ အကျဉ်းသားတွေက တောင်းဆိုခဲ့တာတွေကို သမ္မတဆီ တင်ပြထားတယ်လို့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
စစ်တွေအကျဉ်းထောင် ဆူပူမှုမှာတော့ သေနတ်ဖောက်ပြီး လူစုခွဲခဲ့ရသလို ရွှေဘိုအကျဉ်းထောင် ဆူပူမှုမှာလည်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ အကျဉ်းထောင် အရာရှိတွေ ကိုယ်တိုင် လာရောက်ပြီး ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ခဲ့ရပါတယ်။
အရင်က သမ္မတလွတ်ငြိမ်းချမ်းသာခွင့်တွေမှာ ပြစ်ဒဏ်ကြီး ချမှတ်ခံရသူတွေကို ပြစ်ဒဏ် ရက်လျှော့ပေါ့ ပေးတာ၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် သမ္မတလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် လွတ်လာတဲ့ အကျဉ်းသား ၉ ထောင် ကျော်ထဲမှာတော့ မူးယစ်မှုနဲ့ ထောင်ဒဏ်ကျခံနေရသူက အများစု ဖြစ်ကြပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ရုရှားနိုင်ငံခရီးစတင်
(၄) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ရုရှားနိုင်ငံခရီးစတင်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံနိုင်ဖို့ ရုရှားနိုင်ငံကို ခရီးစတင်ပြီ ဖြစ်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာကတော့ ကင်ဂျုံအွန်းဟာ ရုရှားနိုင်ငံ အရှေ့ပိုင်းက ဗလာဒီဗိုစတော့မြို့ကို သူ့ရဲ့အထူးရထားနဲ့ ထွက်ခွာသွားတာလို့ သတင်းဖော်ပြပါတယ်။
အဲဒီမှာ မြောက်ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအွန်းနဲ့ ရုရှားသမ္မတ ပူတင်တို့ ကြာသပတေးနေ့မှာ တွေ့ဆုံ ဆွေးနွေးကြမှာပါ။
ကင်မလင် နန်းတော်ဘက်ကတော့ ခေါင်းဆောင်နှစ်ယောက်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် အရေး ဆွေးနွေးကြမယ်လို့ ပြောပါတယ်။
မစ္စတာကင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ ဖေဖော်ဝါရီလတုန်းက ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးတဲ့နောက် ဒီဆွေးနွေးပွဲဟာ မြောက်ကိုရီးယားအတွက် သံခင်းတမန်ခင်းဆိုင်ရာ ရွေးချယ်နိုင်ခွင့်တွေ ရှိလာစေနိုင်မယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
သီရိလင်္ကာ ဗုံးခွဲတိုက်ခိုက်မှုတွေအပြီး ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ပြုပြင်ဖွဲ့စည်းမှုတွေ လုပ်မယ်
(၅) ဗုံးခွဲတိုက်ခိုက်မှုတွေအပြီး ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ပြုပြင်ဖွဲ့စည်းမှုတွေ လုပ်မယ်လို့ သီရိလင်္ကာသမ္မတပြော
သီရိလင်္ကာနိုင်ငံမှာတော့ အီစတာပွဲတော်နေ့ ဧပြီ ၂၁ ရက် ဗုံးခွဲတိုက်ခိုက်မှုတွေ အပြီး နိုင်ငံ့ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ပြုပြင်ဖွဲ့စည်းတာတွေလုပ်သွားမယ်လို့ သမ္မတက ပြောပါတယ်။ အပြောင်းအလဲတစ်ချို့တော့ ၂၄ နာရီ အတွင်းရှိလာနိုင်ပါတယ်။
ဒါ့အပြင် သီရိလင်္ကာ အစိုးရဟာ ပြည်တွင်းစစ် ကာလတုန်းက ကျင့်သုံးခဲ့တဲ့ ခရိုင်အဆင့်တွေမှာ လုံခြုံရေး ကော်မတီတွေ ဖွဲ့စည်းတဲ့မူကို ပြန်လည်အသုံးပြုနိုင်ချေ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
အီစတာ တနင်္ဂနွေနေ့တုန်းက ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး နောက်ထပ် လူ ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
တရုတ်ရဲ့ One Belt One Road ရပ်ဝန်းတခု လမ်းကြောင်းတခုနဲ့ မြန်မာနိုင်ငံ အကျိုးစီးပွား

နားဆငျရနျ, တရုတ်ရဲ့ One Belt One Road ရပ်ဝန်းတခု လမ်းကြောင်းတခုနဲ့ မြန်မာနိုင်ငံ အကျိုးစီးပွား, ကြာမြင့်ချိန် 8,49
တရုတ်ရဲ့ One Belt One Road ရပ်ဝန်းတခု လမ်းကြောင်းတခု သေနင်္ဂဗျူဟာ မြောက် စီမံကိန်းကြီးနဲ့ ပတ်သက်လို့ မြန်မာ့အကျိုးစီးပွား က သေချာပေါက်ရမှာပါလား