ကောလင်းမြို့အရှေ့ ထီးချိုင့်သွားရာလမ်းမှာ ရွှေကြောတွေ့လို့ ဒေသခံထောင်ချီ တူးဖော်နေ

မြေစာတွေမှာ ကျောက်ရွှေ တွေ့ရှိတယ်ဆိုပြီး ဒေသခံထောင်ချီက လာရောက် တူးယူ ဓာတ်ပုံ မူပိုင် ကောလင်း မြို့နယ်ရေးရာ အဖြာဖြာ
Image caption မြေစာတွေမှာ ကျောက်ရွှေ တွေ့ရှိတယ်ဆိုပြီး ဒေသခံထောင်ချီက လာရောက် တူးယူ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ဘက် ထီးချိုင့်မြို့နယ်ကို သွားရာလမ်းပိုင်း ကညို့အင်းရွာ အလွန်မှာ လမ်းဖောက်လုပ်ရာနေရာက မြေစာတွေမှာ ကျောက်ရွှေ တွေ့ရှိတယ်ဆိုပြီး ဒေသခံထောင်ချီက လာရောက် တူးယူနေတယ်လို့ ကောလင်းမြို့ခံတွေက ပြောပါတယ်။

"လမ်းဖောက်ဖို့ တောင်ကြောမြေစာ တူးချရာကနေ ရွှေရတယ်ဆိုပြီး ပြောရာကနေ တဆင့်စကားတဆင့်နဲ့ မြေတွေလာသယ်ကြတာ မနေ့က လူထောင်ချီ လာတူးကြတယ်။ မြေတွေကို ဆာလာအိတ်တွေနဲ့ တူးယူပြီး ရွှေပြန်ချက်ကြတာ။ ၂ ရက် ၃ ရက် လောက် ရှိပြီ။ လမ်းဖောက်တာကိုလည်း ရပ်ထားရတယ်" လို့ ကောလင်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။

ထီးချိုင့်၊ ကောလင်း မြို့နယ်တွေက အုပ်ချုပ်သူ အာဏာပိုင်တွေက မနေ့က (ဧပြီ ၂၃ ရက်) ကွင်းဆင်း လာရောက်ကြည့်ရှုပေမယ့် ဟန့်တားပိတ်ပင်တာမျိုး မရှိသေးဘူးလို့ ဒီနေ့အထိ မြေစာတွေ လာရောက် သယ်ယူကြသူ များပြားသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ကောလင်း မြို့နယ်ရေးရာ အဖြာဖြာ
Image caption မြေစာတွေမှာ ကျောက်ရွှေ တွေ့ရှိတယ်ဆိုပြီး ဒေသခံထောင်ချီက လာရောက် တူးယူ

ကောလင်းမြို့နယ်မှာ အခုလို မြေစာတွေကနေ ရွှေကြောတွေ့တာ တတိယအကြိမ် ဖြစ်တယ်လို့ ကောလင်းမြို့ခံ ဦးမင်းလွင်က ပြောပါတယ်။

ပထမအကြိမ်က ကောလင်းမြို့နယ် လာကာ ကြိုးဝိုင်းတွင်းမှာ ၂၀၁၅ လောက်က ရွှေထွက်လို့ လူအများအပြား ဝိုင်းအုံတူးယူ ကြရာက အန္တရာယ်များတဲ့ အခြေအနေ ဖြစ်လာလို့ သက်ဆိုင်ရာမှ ထိန်းသိမ်းထားခဲ့ကြောင်းနဲ့ ဒုတိယ အကြိမ်က ကောလင်းမြို့ အနောက်ခြမ်း ရှမ်းကလုံးအနီး သစ်ဆေးတောင်မှာလည်း ရွှေထွက်လို့ လူထောင်ချီ လာရောက် လုယက် တူးကြလို့ အာဏာပိုင်တွေက တားမြစ်ထိန်းသိမ်း ထားတယ်လို့ သူက ဆိုပါတယ်။

"ကောလင်းက ရွှေထွက်ရာ ဒေသပဲ၊ ကျောက်ပုထိုး ရွှေတွင်းဆို အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ် ရွှေထုတ်နေပြီ။ ပြီးခဲ့တဲ့ ၁ လ ကျော် လောက် ကလည်း မြို့အနောက်ခြမ်း ရှမ်းကလုံးအနီး သစ်ဆေးတောင်မှာ ရွှေ ထွက်တယ်ဆိုပြီး မြေစာ တူးကြတာ၊ ဆာလာအိတ် ၅ အိတ်စာ မြေစာကို ချက်ရင် ရွှေ ၁ ကျပ်သား ရကြတယ် ပြောတယ်။ အခုနေရာကတော့ ရွှေရတာ ရာခိုင်နှုန်းနည်းတယ်လို့ ကြားရတယ်" လို့ ဦးမင်းလွင်က ပြောပါတယ်။

ရွှေထွက်လို့ တူးယူကြတဲ့ ဒေသခံတွေအတွက် ဝင်ငွေအဆင်ပြေရလမ်း ရှိလာပေမယ့် ရွှေထုတ်လုပ် ချက်ယူရာမှာ ထည့်သွင်းအသုံးပြုရတဲ့ ဆိုင်ယာနိုက် (cyanide) ဓာတုပစ္စည်းတွေကို အလွန့်အကျွံ အသုံးပြုနေတာက လူ၊ မွေးမြူရေး တိရစ္ဆာန်နဲ့ အပင်၊ မြစ်၊ ချောင်းတွေ အတွက် အန္တရာယ် ဖြစ်လာစေနိုင်လို့ စိုးရိမ်ပူပန် နေရတယ်လို့ ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။

" မြေကြီးတွေနဲ့ ဆိုင်ယာနိုက်တွေကို လက်အိတ်တောင် မစွပ်ဘဲ ကိုင်တွယ်ကြတယ်၊ ရေနဲ့ ဖျော် အလွယ်တကူ စွန့်ပစ်ကြနဲ့ အရမ်းအန္တရာယ် များတယ်။ သတိပေး ပညာပေး ရမယ်။ မနက်ဖြန် တိုင်းလွှတ်တော် ပြန်စမယ်၊ အဲဒီမှာ ဒီကိစ္စတွေ တင်ပြမယ်" လို့ ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။

တပိုင်တနိုင် ရွှေချက်တာကို ကောလင်းမြို့တစ်မြို့လုံး နီးပါးက လုပ်ကိုင်နေကြလို့ ရွှေချက်ရာမှာ အသုံးပြုတဲ့ ဆိုင်ယာနိုက် (cyanide)အန္တရာယ်က မြင့်မားနေသလို၊ ဆိုင်ယာနိုက်ဟာ မြေကြီးထဲ စိမ့်ဝင်ပါက အပင်မပေါက်နိုင်သလို ဆိုင်ယာနိုက် စီးဝင်နေတဲ့ ရေကို သောက်သုံးမိပါက ဖျားနာပြီး အသက်သေဆုံးတဲ့ အထိ အန္တရာယ်ရှိတာကို စစ်ဆေးတွေ့ရတယ်လို့ ဒေါ်ဖြူဖြူဝင်းက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ