မြန်မာ့ဆန်ကို အဓိကထားပြီး ကုန်ဖလှယ်တဲ့ ဘာတာစနစ်နဲ့ ကူမင်းကို ကုန်သွယ်မယ်

တရုတ်နိုင်ငံဘက်ကတော့ ဓာတ်မြေသြဇာ၊ လျှပ်စစ်ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းတွေကို ဆန်နဲ့လဲလှယ်ဖို့ စွေ့ချိုင် ကုမ္ပဏီနဲ့ ဆွေးနွေးထားတယ် ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်နိုင်ငံဘက်ကတော့ ဓာတ်မြေသြဇာ၊ လျှပ်စစ်ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းတွေကို ဆန်နဲ့လဲလှယ်ဖို့ စွေ့ချိုင် ကုမ္ပဏီနဲ့ ဆွေးနွေးထားတယ်

မြန်မာ့ဆန်ကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကတစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို ကုန်စည်ဖလှယ်တဲ့စနစ် Barter System နဲ့စတင်ရောင်းချမယ်လို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI ဒုဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဘီဘီစီကိုပြော ပါတယ်။

လက်ရှိမူဆယ်ကုန်သွယ်ရေးဇုန်မှာရောက်ရှိနေတဲ့ ဆန်တွေကို Barter System အသုံးပြုပြီး ယူနန်ပြည်နယ် အစိုးရက အသိအမှတ်ပြုကုန်သွယ်ခွင့်ရရှိထားတဲ့ စွေချိုက်ကုမ္ပဏီနဲ့ စတင်ကာဖလှယ်သွားဖို့ ကုန်သည် စက်မှုအသင်းချုပ်က ပြင်ဆင်ထားတယ်လို့သူကဆိုပါတယ်။

ကုန်သည်စက်မှုအသင်းကတာ့ လဲလှယ်မယ့် ဆန်အရေအတွက်ကို အတိအကျပြောဆိုတာ မရှိသေးပါဘူး။ ဒါပေမဲ့လည်း မူဆယ်ကုန်သွယ်ရေးစခန်းက ကုန်သည်တွေရဲ့အဆိုအရ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှာ မြန်မာ့ဆန်တန်ချိန်ရှစ်သောင်းအထိရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ ဓာတ်မြေသြဇာ၊ လျှပ်စစ်ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းတွေကို ဆန်နဲ့လဲလှယ်ဖို့ စွေချိုက် ကုမ္ပဏီနဲ့ ဆွေးနွေးထားတယ်လို့ ဦးရဲမင်းအောင်ကပြောပါတယ်။

အဲဒီကုန်သွယ်မှုကို ၁၉၉၈ခုနှစ်က ဖွင့်လှစ်ထားတဲ့ မူဆယ်ကုန်သွယ်ရေးစခန်းမှာ စတင်အကောင်အထည်ဖော်မှာလို့လည်း သူကပြောပါတယ်။

ပထမဦးဆုံးဆောင်ရွက်ချက်အဖြစ် တရုတ်နဲ့ မြန်မာနိုင်ငံအကြား ဆန်ကိုစတင်ခဲ့တာဖြစ်ပြီး၊ အဲဒီနောက်ပိုင်း မှာတော့ ပဲ၊ ပြောင်းနဲ့ တခြားတရုတ်ဘက်က တင်ပြတဲ့ကုန်ပစ္စည်းတွေကို လဲလှယ်ကြမှာလို့လည်း သူကဆို ပါတယ်။

လတ်တလော ဇန်နဝါရီလကစပြီး တရုတ်နိုင်ငံဘက်က အဝယ်ကုန်သည်တွေကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးတာတွေရှိနေလို့ မူဆယ်နယ်စပ်ဂိတ်ကနေ ကုန်သွယ်မှုတွေကျဆင်းနေကြောင်းနဲ့ အဲဒီလိုကိစ္စမျိုးတွေကိုဖြေရှင်းဖို့ စဉ်းစားရာမှာ ကုန်ဖလှယ်တဲ့စနစ်နဲ့ ဆောင်ရွက်ဖို့ကြိုးပမ်းတာလည်းဖြစ်တယ်လို့ ဒေသခံကုန်သည်တွေဆီက သိရပါတယ်။

ဒါကလည်း ကုန်သွယ်ရေးဦးစီးဌာနနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းပြည်သူ့အစိုးရတို့က ကုန်ပေးကုန်ယူ ကုန်သွယ်ရေးစနစ် (Barter System) ကိုအကောင်အထည်ဖော်ဖို့ ပြီးခဲ့တဲ့ ဧပြီ ၂၁ရက်နေ့က နှစ်ဖက် နားလည်မှုစာချွန်လွှာ MOU ရေးထိုးမှုအပြီး အခုလိုအကောင် အထည်ဖော်တာ ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ဘီဘီစီကို ပြောပါတယ်။

အဲဒီနားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံက ရောင်းချလိုတဲ့ကုန်ပစ္စည်းတွေနဲ့ တရုတ်နိုင်ငံက ရောင်းလိုတဲ့ ကုန်ပစ္စည်းတွေကို နှစ်ဖက်သဘောတူလဲလှယ်ကုန်သွယ်ကြမှာဖြစ်ပြီး အဲဒီလိုလုပ်ဖို့အတွက် ကူမင်းအစိုးရက အသိမှတ်ပြုထားတဲ့ စွေချိုက်ကုမ္ပဏီနဲ့ မြန်မာအစိုးရဖက်က ကုန်သည်စက်မှုအသင်းချုပ်တို့က ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

Image caption ပဲ၊ နှမ်းတွေကို တရုတ်ဖက်ကမဝယ်လို့ ကုန်သွယ်မှုကျတာတွေရှိတယ်။ ဒီစနစ်ကြောင့် ပြန်အဆင်ပြေမလား၊ ဒီစနစ်အောင်မြင်မမြင်က လုပ်ကြည့်မှသိမယ်

အခုစနစ်ကြောင့် မြန်မာနိုင်ငံက ရောင်းလိုတဲ့ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံက ရောင်းလိုတဲ့ကုန်ပစ္စည်း တွေနဲ့ နှစ်ဘက်ညှိနှိုင်းပြီး ကုန်သွယ်မှုပြုလုပ်ရမှာဖြစ်လို့ အကျိုးရှိနိုင်သလို အခက်အခဲတွေလည်းရှိနိုင်တယ် လို့ ကုန်သည်တချို့က ဆိုကြပါတယ်။

"ပိုက်ဆံတစ်ခါတည်းမရဘဲ ရတဲ့ကုန်ပစ္စည်းကိုဒီဘက်မှာ တစ်ခါပြန်ရောင်းပြီးတော့မှ ငွေကိုပြန်ဖော်ရမှာ၊ ဒါ့အပြင် ဟိုကလိုချင်တဲ့ပစ္စည်းကိုရောင်းရမယ်ဆိုတဲ့အခါကျတော့ အများစုတော့အဆင်မပြေနိုင်ဘူး။ တရုတ်ဘက်ကတော့ အခုစနစ်နဲ့ရောင်းရင်အခွန်လျှော့တာရှိလို့ သူတို့ကဒီစနစ်ကိုသုံးကြမှာပဲ" လို့ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းက လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တရုတ်ကုန်သည်တွေနဲ့ သစ်သီးဝလံ ရောင်းဝယ်ကုန်သွယ်နေသူ ကိုသက်ကတော့ အခုစနစ်က ဆန်၊ ပဲ၊ ပြောင်းတွေကုန်သွယ်ရာမှာ အသုံးဝင်နိုင်မယ်လို့ ယူဆပါတယ်။ သစ်သီးဝလံအနေနဲ့ကတော့ ထွက်တဲ့ကာလပေါ်မူတည်ပြီးရောင်းဝယ်ရတာဖြစ်လို့ အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့ သူကဆိုပါတယ်။

ဓာတ်ပုံ မူပိုင် LOCAL YOUTH
Image caption မူဆယ်မြို့တနေရာမြင်ကွင်း

ကုန်သည်စက်မှုလုပ်ငန်းရှင်အသင်းချုပ်ကတော့ အခုစနစ်ကိုစတင်အကောင်ထည်ဖော်ဖော်ချင်းအချိန်မှာ ကုန်သည်တွေက ပို့ချင်ကြတဲ့ ကုန်ပစ္စည်းအကုန်လုံးကို ကုန်သွယ်လဲလှယ်ပေးနိုင်ဦးမှာမဟုတ်ဘဲ ရှေ့လျှောက် စနစ်ပိုမိုအသက်ဝင်လာတဲ့အချိန်ကစပြီး၊ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်စပ် ကုန်သွယ်ရေးစခန်းတွေမှာ လုပ်ငန်းလုပ်ကိုင်နေကြတဲ့သူတွေအားလုံး ပါဝင်လာနိုင်ဖို့ ရည်မှန်းထားတယ်လို့ ဦးရဲမင်းအောင်ကပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်က တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က "အခု ပဲ၊ နှမ်းတွေကို တရုတ်ဘက်ကမဝယ်လို့ ကုန်သွယ်မှုကျတာတွေရှိတယ်။ ဒီစနစ်ကြောင့် ပြန်အဆင်ပြေမလား၊ ဒီစနစ်အောင်မြင်မမြင်က လုပ်ကြည့်မှသိမယ်။" လို့ ဆိုပါတယ်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ မြန်မာနိုင်ငံက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ရဲ့ အခုဖေဖော်ဝါရီလအထိ အမေရိကန်ဒေါ်လာ ၂ဘီလီယံကျော် တရုတ်နဲ့ ကုန်သွယ်မှုပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇-၁၈တုန်းကတော့ ၆ ဘီလီယံနီးပါးကုန်သွယ်ထားပါတယ်။

လက်ရှိတော့ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံကုန်သွယ်မှုတွေကို မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီးနဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ