ရှမ်းပြည်မြောက်ပိုင်း မူဆယ်က ကေအိုင်အေ စခန်းကို တပ်မတော်က သုံးရက်ကြာ ထိုးစစ်ဆင်

ကေအိုင်အေ
Image caption ကေအိုင်အေ လက်နက်ကိုင် အဖွဲ့တွေက နေရာသစ်မှာ တပ်စွဲဖို့ ကြိုးစားလို့ တိုက်ရတာလို့ တပ်မတော်က ပြော

တပ်မတော်က အပစ်ရပ်ထားတဲ့ ကာလအတွင်း ကေအိုင်အေနဲ့ တိုက်ပွဲ ဖြစ်တာ မရှိခဲ့ဘဲ သကြန်ကာလ အပြီးမှာတော့ မုံးပေါ် မုံးလား ၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မူဆယ်ဘက်မှာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးပေါ်မှာ တပ်မတော်ရဲ့ တပ်စခန်း နေရာမှာ ကေအိုင်အေက တပ်လာစွဲလို့ တိုက်ပွဲ ဖြစ်ရတာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အခုတိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး တိုက်ပွဲဖြစ်တာကို အတည်ပြုပေမဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးကြောင်း ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ ဒုဥက္ကဋ္ဌ - ၁ ဗိုလ်ချုပ်ဂွမ်မော်က ဗုဒ္ဓဟူးနေ့ ညနေက ဘီဘီစီကို ပြောပါတယ်။

အပစ်ရပ်ဖို့ တပ်မတော်က ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး မူဝါဒ ၆ချက် ကို ဖော်ပြထားပြီး အဲဒီအထဲမှာ သဘောတူ စာချုပ်တွေကို လိုက်နာဖို့၊ ထားရှိတဲ့ ကတိက၀တ်တွေကို လိုက်နာဖို့ နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အမြတ်မထုတ်ဖို့ ဖော်ပြထားတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထောက်ပြပါတယ်။

အခု တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာဟာ ကေအိုင်အေ နယ်မြေ မဟုတ်ဘဲ ရှမ်း အရှေ့မြောက် ဒေသ ဖြစ်ကြောင်း ၊ ကေအိုင်အေနဲ့ တပ်မတော်တို့ဟာ NCA မတိုင်ခင် အရင် စစ်အစိုးရ လက်ထက် ကတည်းက Bilateral နှစ်ကြိမ် ထိုးထားခဲ့ကြကြောင်း ၊ အဲဒီ နှစ်ဘက် သဘောတူညီချက်တွေအရ နယ်မြေ သတ်မှတ် ပြီးသား ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အခုလို ကေအိုင်အေနဲ့ သက်ဆိုင်မှု မရှိတဲ့ နယ်မြေထဲ ကျော်လွန်လာပြီး တပ်စခန်းစွဲလာတဲ့အတွက် နယ်မြေလုံခြုံရေး ပြန်လည် တည်ဆောက်တဲ့ အနေနဲ့ တိုက်ပွဲ ဆင်နွှဲရတာလို့ သူက ရှင်းပြပါတယ်။

Bilateral တွေ အရ ကေအိုင်အေ နဲ့ တပ်မတော်ကြား ဘယ်နေရာမှာ တပ်တွေ စွဲကြမယ် ဆိုတာ အသေးစိတ် အချက်အလက်တွေ ရှိတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Hkun Lat
Image caption ကေအိုင်အေရဲ့ ဂိဒေါင်စခန်းကို ၂၀၁၆မှာ တပ်မတော်က လေးလကြာ စစ်ဆင်နွဲပြီး သိမ်းယူခဲ့

ဧပြီ ၁၉ နဲ့ ၂၀ ရက်တို့မှာ မုံးပေါ်က အုပ်ချုပ်မှု လုပ်ငန်းတွေကို ကေအိုင်အေက မိုင်းထောင် မိုင်းဆွဲလို့ ဧပြီ ၂၀၊၂၁၊ ၂၂ နဲ့ ၂၃ တို့မှာ နယ်မြေကို ပြန်လည် ထိန်းချုပ်ရတာမျိုး ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

အခုအခါ ကေအိုင်အေ စခန်း ၇ခု၊ ၈ခု လောက်ကို တပ်မတော်က ပြန်လည် ထိန်းသိမ်း နိုင်ခဲ့ပြီး ကေအိုင်အေ ဘက်က ထိခိုက် ကျဆုံးမှုကို မသိပေမဲ့ တပ်မတော်ဘက်က စစ်သည် အနည်းငယ် ဒဏ်ရာရကာ လက်နက် တချို့ သိမ်းဆည်း ရမိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်ရဲ့ မုံးပေါ်စခန်းနဲ့ ကေအိုင်အေ တပ်စွဲစခန်းက မီတာ ရှစ်ထောင်ကနေ တသောင်းလောက်သာ ဝေးတယ်လို့ သူက ဆိုပါတယ်။

အခုလို အပစ်ရပ်ကာလမှာ တိုက်ပွဲ ဖြစ်ရတဲ့ အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက တပ်မတော်ကို ယုံကြည်မှု ကျဆင်း လာတာမျိုး ရှိခြင်း မရှိခြင်းထက် လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အပစ်ရပ်ထားတာကို အခွင့်အရေး မယူဖို့ ပြည်သူလူထုကို ၀န်ထုပ်၀န်ပိုး မဖြစ်စေဖို့ လိုတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption တပ်မတော်ရဲ့ မုံးပေါ်စခန်းနဲ့ ကေအိုင်အေ တပ်စွဲစခန်းက မီတာ ရှစ်ထောင်ကနေ တသောင်းလောက်သာ ဝေးတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြော

အပစ်ရပ် ကာလအတွင်း မှာ ရှမ်းပြည် အရှေ့မြောက်ပိုင်းမှာ တပ်မတော် နဲ့ တိုက်ခိုက်မှု မရှိပေမဲ့ SSPP နဲ့ TNLA ပူးပေါင်း တပ်ဖွဲ့ ၊ RCSS/SSA အဖွဲ့တွေ အင်အား ပိုများလာတာကို တွေ့ရမှာဖြစ်ကြောင်း ၊ ဒီလို အခြေအနေ မျိုးမှာ အပစ်ရပ်ထားတယ်ဆိုပြီး လက်ပိုက်ကြည့်နေလို့ မရနိုင်ကြောင်း ၊ အခု တိုက်ပွဲ ဖြစ်ရတာကလည်း စာချုပ်ကို မလိုက်နာလို့ ဖြစ်ရကြောင်း နဲ့ ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အမြတ်ထုတ်တာ ဖြစ်တဲ့ အတွက် ဒီကိစ္စတွေကို သတိပေးပြီး လုပ်ရတာ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

ဒီလို တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် အစိုးရက ကြိုးပမ်း အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ် ကြီးကြီးမားမား ထိခိုက်မှု ရှိလာမယ်လို့ မထင်ကြောင်း ၊ မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်ကြည့်မယ် ဆိုရင် ၁၉၄၈ ခုနှစ် ကတည်းက သောင်းကျန်းသူ အဖွဲ့လို့ ခေါ်တဲ့ ဆန့်ကျင်ဘက် အဖွဲ့တွေ ရှိလာခဲ့တာ ဖြစ်ကြောင်း၊ ဉီးနု အစိုးရ လက်ထက် ကတည်းက လက်ဝဲ ညီညွတ်ရေး ဆိုပြီး တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ရှိခဲ့တာ ဖြစ်ကြောင်း ၊ ဒါကြောင့် ငြိမ်းချမ်းရေး ရယူကြဖို့ သဘောဆန္ဒတွေသာ တူညီ ခဲ့ကြမယ် ဆိုရင် ဒါမျိုး တိုက်ပွဲတွေ ဖြစ်လာမှာ မဟုတ်တဲ့ အတွက် အခု လကုန် ဧပြီ ၃၀ ရက်နေ့မှာ ကျင်းပမယ့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင် တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို သက်ရောက်မှု ကြီးကြီးမားမား ရှိမှာ မဟုတ်ဘူးလို့ ယူဆကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

တပ်မတော်အနေ အပစ်ရပ် ကာလကို မသတ်မှတ်ဘဲ နေနိုင်ပေမယ့် ငြိမ်းချမ်းရေးကို အမှန် လိုလားတဲ့ ဆန္ဒရှိတာကြောင့် အပစ်ရပ်ဖို့ ထုတ်ပြန်ရတာ ဖြစ်ပြီး ဒီထုတ်ပြန်ချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တိတိကျကျ လိုက်နာဖို့ လိုတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။