ရခိုင်တိုက်ပွဲနဲ့ ပတ်သက်ပြီး MNDAA,TNLA, AA အဖွဲ့တွေက သဘောထား ထုတ်ပြန်တဲ့ သတင်းတွေ အပါအဝင် သိသင့်တဲ့သတင်းတွေ

ဓာတ်ပုံ မူပိုင် Ministry of Foreign Affairs Myanmar
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်

() နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်သမ္မတတို့ ပိုးလမ်းမစီမံကိန်း မူဘောင် အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တရုတ်နိုင်ငံ ဘေဂျင်းကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဧပြီ ၂၄ ရက်က ပိုးလမ်းမ စီမံကိန်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာ တရုတ်အစိုးရက ဆက်လက် အကူ အညီပေးရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့၊ တရားဥပဒေ စိုးမိုးရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်လို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အောင်မြင်ရေးမှာ တရုတ်အစိုးရက ဆက်လက် အကူအညီပေးရေး ဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည် ဘေကျင်းမြို့မှာ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ဖို့ တရုတ်နိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာပြည်က တရုတ် စီမံကိန်းတွေကို ဆွေးနွေးမှာ ဖြစ်ပြီး ကန့်ကွက်မှုတွေ များနေတဲ့ မြစ်ဆုံ စီမံကိန်းလို ကိစ္စတွေကို ဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့မြန်မာအရေး လေ့လာသူ ဒေါ်လှကျော်ဇောက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ARAKAN ARMY
Image caption ရခိုင်တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီး MNDAA,TNLA, AA အဖွဲ့တွေက သဘောထား ထုတ်ပြန်

(၂)ရခိုင်တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီး MNDAA,TNLA, AA အဖွဲ့တွေက သဘောထား ထုတ်ပြန်

ရခိုင်ဒေသအတွင်း စစ်အင်အား အလုံးအရင်းသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရက မသိကျိုးကျွံ မျက်ကွယ်ပြုနေတာကို လက်သင့်ခံ မရတဲ့ အနေအထား ဖြစ်တယ်လို့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ MNDAA,TNLA, AA အဖွဲ့တွေက သဘောထား ထုတ်ပြန်ပါတယ်။

တပ်မတော်က ၄ လ ကျော် ကြာ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေးက တပ်မတော်က စစ်အင်အား စုစည်းပြီး ရက္ခိုင့်တပ်မတော်ကို အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်တာလို့ သုံးသပ်ကြောင်းနဲ့ မြောက်ဦးက ရှေးဟောင်း အမွေအနှစ် စေတီပုထိုးတွေ အပါအဝင် အရပ်သား ရခိုင်ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာက စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျုးလွန်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရတပ်မတော်က အင်အားအလွန်အကျွံ သုံးပြီး ရက္ခိုင့်တပ်မတော်ကို အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်နေတာနဲ့ ရခိုင်ပြည်သူလူထု အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်နေတာကို ချက်ခြင်း ရပ်တန့်ပေးဖို့ သဘောထား ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

အခုနှစ် ဧပြီ ၃၀ ရက် နောက်ပိုင်း တပ်မတော်က အပစ်အခတ် ရပ်စဲတာကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မကြေညာဘဲ အရင်နည်းတူ ရခိုင်ဒေသ တစ်ခုတည်းကို ထပ်မံချန်လှပ်ပြီး၊ တပ်မတော်က ရက္ခိုင်တပ်မတော်ကို ထိုးစစ်အရှိန်အဟုန် မြင့်မြင့် ဆက်လုပ်နေမယ်ဆိုရင် မိမိတို့ စစ်ရေးမဟာမိတ် ညီနောင်တပ်ဖွဲ့တွေက မဟာမိတ် ပီသစွာနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို မလွဲမရှောင် လုပ်ဆောင်မယ်လို့လည်း သတိပေး ပြောဆိုပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ် လျင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရေးမှာလည်း တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးဖို့ MNDAA,TNLA, AA အဖွဲ့တွေက တောင်းဆိုပါတယ်။ ဒါ့အပြင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ FPNCC ရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်ကနေ နိုင်ငံရေးအရ တွေ့ဆုံ အဖြေရှာဖို့လည်းူ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။

MNDAA,TNLA, AA အဖွဲ့တွေက သဘောထား ထုတ်ပြန်ချက်ကို ဧပြီ ၂၀ ရက် နဲ့ ၂၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ထိပ်သီးခေါင်းဆောင်တွေ ပါဝင်တဲ့ အရေးပေါ်အစည်းအဝေး အပြီးမှာ အခုလို သဘောထား ထုတ်ပြန်ချက် ကြေညာခဲ့တာပါ။

(၃) စစ်ရေးပြ အခမ်းအနား မပါတဲ့ ၅၅ နှစ် ပြည့် သျှမ်း ပြည်တပ်မတော်နေ့

စစ်ရေးပြ အခမ်းအနား မပါတဲ့ ၅၅ နှစ် ပြည့် သျှမ်းပြည်တပ်မတော် SSA တည်ထောင်တဲ့ အထိမ်းအမှတ်ကို ဧပြီ ၂၄ ရက် သျှမ်းပြည်နယ် ဝမ်ဟိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

သျှမ်းပြည် တပ်မတော်ကို ၁၉၆၄ ခုနှစ်က တည်ထောင်ခဲ့တာ ဖြစ်ပြီး အခုနှစ် ဧပြီ ၂၄ ရက် မှာ ၅၅ နှစ် ပြည့်တာ ဖြစ်ပါတယ်။

၅၅ နှစ်ပြည့် သျှမ်းပြည်တပ်မတော် အခမ်းအနားမှာတော့ စစ်ရေးပြ အခမ်းအနားတွေ လုပ်တာ မရှိဘူးလို့ ကိုယ်တိုင် သွားရောက်ခဲ့တဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုစိုင်းမိဏ်းက ပြောပါတယ်။

သျှမ်း ပြည်သူလူထုတွေ အခွင့်အရေးရရှိဖို့ အတွက် သျှမ်းတပ်မတော်ကို သျှမ်းလူထုတွေက လိုလားလျက် ရှိတာကို တွေ့ရပါတယ်။ အဲဒီ အခမ်းအနားကို တက်ရောက်လာသူတွေ ၂၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

အခမ်းအနားကို ရှမ်းနိုင်ငံရေး ပါတီတွေ ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ကိုယ်စားလှယ်လောင်းတွေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ်တွေနဲ့ သျှမ်း လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ RCSS/SSA က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

(၄) ကင်ညာမှာ ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ စစ်ကောင်စီမှာပါဝင်တဲ့ ခေါင်းဆောင် ၃ ဦးက ရာထူးက နုတ်ထွက်မယ်

ဆူဒန်နိုင်ငံမှာတော့ သမ္မတ အိုမာ အယ် ဘာရှီယာကို ရာထူးကနေ ဖြုတ်ချပြီးတဲ့နောက် အာဏာလွှဲပြောင်းရယူထားတဲ့ အသွင်ကူးပြောင်းရေး ဆိုင်ရာ စစ်ကောင်စီမှာ ပါဝင်နေသူ အငြင်းပွားဖွယ်ခေါင်းဆောင် ၃ ဦးက ရာထူးကနေ နုတ်ထွက် ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

ဒါဟာ ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့အဓိက အချက်တွေထဲက တစ်ခုပါ။ အဲဒီ ခေါင်း ဆောင် ၃ ဦးဟာ အစ္စလာမ္မစ်ဝါဒီတွေဖြစ်ပြီး သမ္မတ အိုမာအယ်ဘာရှီယာနဲ့လည်း မဟာမိတ်ဖြစ်သူတွေအမြင် ရှုမြင်ခံထားရ သူတွေပါ။

အရပ်သား အစိုးရဆီ အာဏာမြန်မြန် ပြန်လွှဲပြောင်းပေးဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြခေါင်းဆောင်တွေနဲ့ စစ်ကောင်စီတို့ ဆွေးနွေး အပြီးမှာ ဒီခေါင်းဆောင် ၃ ဦး နှုတ်ထွက်မှု ထွက်ပေါ်လာတာပါ။

သတင်းစာ ရှင်းလင်းပွဲမှာတော့ စစ်တပ်ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ပြီး ရှမ်ဆက်ဒင်း ခပ်ဘာရှီက ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံး သဘောတူထားနိုင်တာ တော်တော်များများ ရှိထားတဲ့အပြင် မတူညီတဲ့ အမြင်တွေကို ပေါင်းကူးပေးနိုင်မယ့် ပူးတွဲကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းဖို့ ဆုံးဖြတ် နိုင်ခဲ့တယ်လို့ ပြောပါတယ်။

(၅) ကမ္ဘာတဝှမ်း ဝက်သက်ရောဂါ ဖြစ်ပွားမှုနှုန်း ၃ ဆ မြင့်တက်လာ

ကမ္ဘာတဝှမ်း ဝက်သက်ရောဂါ ဖြစ်ပွားမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ် အခုလို ကာလက ထက် ၃ ဆ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က သတိပေး ပြောကြားလိုက်ပါတယ်။

သန်းနဲ့ချီတဲ့ ကလေးငယ်တွေ ဟာ ဝက်သက်ရောဂါ ကာကွယ်ဆေး မထိုးထားကြဘူးလို့လည်း ယူနီဆက်ဖ်က ပြောပါတယ်။

ကာကွယ်ဆေး ထိုးတာကို ဆန့်ကျင်တဲ့ အခြေအမြစ် မရှိတဲ့သတင်းစကားတွေကြောင့် ကျန်းမာရေးစနစ် အားနည်းတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကလေး သူငယ်တွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကလေးတွေထက် ဝက်သက်ရောဂါ ဖြစ်ပွားနိုင်ချေ ပိုမြင့်တယ်လို့ UNICEF က ပြောပါတယ်။

၂၀၁၀ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အတွင်း ဖွံ့ဖြိုးပြီး နိုင်ငံတွေထဲမှာ ပထမအကြိမ် ဝက်သက်ရောဂါ ကာကွယ်ဆေး မထိုးတဲ့ကလေး အရေအတွက်ဟာ အမေရိကန်နိုင်ငံမှာ ၂ သန်း၊ ၆ သိန်း နီးပါး အထိရှိတယ်လို့ UNICEF က ပြောပါတယ်။

ဒါ့ပြင် ဒုတိယအကြော့ ဝက်သက်ရောဂါ ကာကွယ်ဆေးမထိုးတဲ့နှုန်းဟာလည်း ပိုပြီးတော့ သတိထားရတဲ့အခြေအနေကို ရောက်နေတယ်လို့ UNICEF က ပြောထားပါတယ်။