ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ ကျန်းမာရေးအယူခံ ထပ်မံ ပယ်ချခံရ

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ လက်ရှိမှာ အသည်းကင်ဆာရောဂါ နေရတယ်လို့ ရှေ့နေ ပြော ဓာတ်ပုံ မူပိုင် Ko Ko Gyi
Image caption ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ လက်ရှိမှာ အသည်းကင်ဆာရောဂါ နေရတယ်လို့ ရှေ့နေ ပြော

တပ်မတော်က ပုဒ်မ ၅၀၅ (က) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆို ခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးအမှုနဲ့ ပတ်သတ်ပြီး ကျန်းမာရေးအရ အာမခံပေးဖို့ ဧပြီလ ၂၅ ရက် ဒီကနေ့ ရုံးချိန်းမှာ ဒုတိယအကြိမ် လျှောက်ထားရာ တရားရုံးက ထပ်မံပယ်ချ လိုက်ပါတယ်။

" တရားလိုရဲ့ရှေ့နေ ဥပဒေအရာရှိက သူ့ကို ကုသပေးနေတဲ့ ဆရာဝန်ကို မစစ်ရသေးလို့ဆိုပြီး ကန့်ကွက်တာကြောင့် အာမခံ ငြင်းပယ်ခံရတာပါ။ ကင်ဆာသမား ဆိုတော့ ပိုဆိုးပါတယ်၊ ဆေးဆက်ကုသမှုလည်း မလုပ်ရတော့ ကျန်းမာရေး တော်တော် ဆိုးနေတယ်" လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ လက်ရှိမှာ အသည်းကင်ဆာရောဂါ ခံစားနေရပြီး မကြာသေးခင် လပိုင်းကမှ စင်္ကာပူနိုင်ငံမှာ သွားရောက် ကုသမှု ခံယူခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော်ကိုယ်စား တရားစွဲဆိုခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး လင်းထွန်း လာရောက် စစ်ဆေးမှု ခံယူခဲ့တယ်လို့ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာတွေဟာ တပ်မတော်အတွင်း ပုန်ကန်မှု ဖြစ်မှာနဲ့ မလေးစားမှုတွေ ဖြစ်လာမှာကို စိုးရိမ်ပြီး တရားစွဲရတာလို့ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဒီကနေ့ ရုံးချိန်းစစ်ဆေးမှုမှာ လာရောက်ထွက်ဆို သွားတယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သူရဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက် ကနေ မတ်လ ၂၂ ရက် အတွင်း ရေးသားဖော်ပြခဲ့တဲ့ ရေးသားချက် ၁၀ ခု ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကို ထိပါးစေတယ် ဆိုပြီး တပ်မတော်ကိုယ်စား ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်က အင်းစိန်မြို့မ ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့ရာမှာ ဧပြီ ၂ ရက် က အာမခံ ရရှိခဲ့ပါတယ်။

ဒုတိယဗိုလ်မှူးကြီး လင်းထွန်းကပဲ ထပ်မံပြီး ဧပြီလ ၃ ရက် မှာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက် တိုင်ကြားခဲ့ပါတယ်။

အင်းစိန်တရားရုံးမှာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက် က ပုဒ်မ ၅၀၅ (က) အမှုကို စစ်ဆေးချိန်မှာ ကျန်းမာရေး အာမခံ လျှောက်ထားရာ ပယ်ချခံရပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်ထောင်မှာ ချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာ ရောဂါ ခံစားနေရတာဖြစ်လို့ အချိန်မီ ဆေးကုသမှု ဆက်လက် ခံယူနေရရှိဖို့ အတွက် အာမခံ ရရှိဖို့ အရေးကြီးနေတယ်လို့ သူ့ဇနီးက ဘီဘီစီကို ပြောပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို စွဲဆိုထားတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဟာ ထောင်ဒဏ် အမြင့်ဆုံး ၇ နှစ် အထိ ချမှတ်နိုင်ပြီး၊ ပုဒ်မ ၅၀၅ (က) ကိုတော့ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် အထိ ချမှတ်နိုင်ပါတယ်။

လာမယ့် မေလ ၉ ရက် မှာ ရုံးချိန်း ထပ်မံချိန်းဆို ခေါ်ယူထားပြီး ကျန်ရှိနေသေးတဲ့ တရားလိုပြ သက်သေ ၅ ဦးကို ဆက်ခေါ်ယူ စစ်ဆေးမှာ ဖြစ်တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ