"ဆုံးရှုံးသွားတာကို ပြန်ရဖို့ဆိုရင် နိုင်အောင်တိုက်ရမှာပဲ" - ဗိုလ်ချုပ် ထွန်းမြတ်နိုင်

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဓာတ်ပုံ မူပိုင် Saw Yan Naing

ရခိုင်ပြည်နယ်မှာ တိုက်ပွဲအရှိန်မြင့်တက်နေပြီး တိုက်ပွဲကြောင့် ဒေသခံရွာသားတွေ သုံးသောင်းကျော်နေပြီလို့ စစ်ဘေးရှောင်ကို အကူအညီပေးတဲ့အဖွဲ့အစည်းတွေက ခန့်မှန်းကြပါတယ်။ အေအေက ရခိုင်ပြည်နယ်မှာ ရခိုင်တပ်ထားရှိဖို့ အစွမ်းကုန်ကြိုး စားနေချိန်မှာ မြန်မာအစိုးရက အေအေကို အမြစ်ပြတ်ခြေမှုန်းဖို့ ကြေညာထား တယ်ဆိုတော့ ရခိုင်စစ်မီးရဲ့နိဂုံးက ဘယ်လိုအဆုံးသတ်မှာလဲ။

ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကို ဘီဘီစီအကြီး တန်းသတင်းထောက် စောရန်နိုင် က ပန်ဆန်းမြို့မှာ ဧပြီလ ၁၇ ရက်က သီးသန့်တွေ့ဆုံမေးမြန်းထား ပါတယ်။

မေး။ ။ မြန်မာအစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ငြိမ်းချမ်းရေးစကား ပြောကြ တယ်၊ တချို့ဆိုရင်လည်း အပစ်အခတ်ရပ်လုပ်ထားကြတယ်။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ငယ်တချို့တွေဆိုရင် တပ်အင်အားကြီးထွား လာပြီး၊ တိုက်ပွဲတွေ အကြီးအကျယ်ပြန်ဖြစ်လာတယ်။ ဥပမာ ရက္ခိုင့်တပ်မတော် အေအေ၊ တအာင်းလွတ် မြောက်ရေးတပ်တွေပေါ့။ တချို့နေရာမှာ တိုက်ပွဲမရှိပေမဲ့ တချို့နေရာမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ဒါက ဘာတွေလွဲမှားနေလို့လဲ။

ဖြေ။ ။ ဒါကတော့ မြန်မာတပ်ရဲ့စစ်ရေးဆိုင်ရာသေနင်္ဂဗျူဟာနဲ့ဆိုင်တယ်။ ပြည်နယ်တစ်ခုမှာတိုက်ပွဲဖြစ်တယ်ဆိုတာက ဥပမာ ကရင်ပြည်နယ်မှာတိုက်ပွဲဖြစ် တာက ကရင်ကသွားတိုက်လို့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ မြန်မာတပ်မတော်က စစ်ကြောင်းထိုးလို့တိုက်ပွဲဖြစ်တာ။ အခုအဲဒီဘက်မှာစစ်မဖြစ်ဘူးဆိုတာက မြန်မာ စစ်တပ်က စစ်ဆင်ရေးမလုပ်လို့ စစ်မဖြစ်တာ။ ရခိုင်မှာဘာကြောင့် စစ်ဖြစ်လာလဲ။ ကျွန်တော်တို့ အေအေကိုထူထောင်ပြီးမှ ကျွန်တော်တို့အမျိုးသားလွတ်မြောက်ရေး အတွက် ကျွန်တော်တို့ကြိုးစားလို့ဖြစ်လာတာကတော့ တစ်ပိုင်းပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က လုံးဝတရားနည်းလမ်းကျကျ ယူဆလက်ခံထားတာကတော့ အမှန်တရားပေါ့ဗျာ၊ အဲဒါဘာလဲဆိုတော့ ရခိုင်ပြည်နယ်မှာ ရခိုင်စစ်တပ်ရှိတယ် ဆိုတာ လုံးဝတရားတာ ပေါ့နော်။

အခုအချိန်ပြည်နယ်မှာ တိုက်ပွဲမဖြစ်ဘူး။ ကေအိုင်အေ ဟာ နှစ်ဖက်သဘောတူစာ ချုပ်ရော၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အန်စီအေ ကိုပါ လက်မှတ်မထိုးရသေးဘူး။ ဒါပေမဲ့ စစ်မဖြစ်ဘူး။ ဘာကြောင့်မဖြစ်တာလဲဆိုတော့ မြန်မာစစ်တပ်က စစ်ဆင်ရေးမလုပ်လို့ စစ်မဖြစ်တာ။ အခုလ ဧပြီလ ၃၀ ရက်နေ့ဆိုရင် သူလုပ်ချင်ရင် လုပ်လာမှာပဲ။ သူတို့လုပ်ရင်လည်း ဖြစ်မှာပဲ။ အဲဒါကြောင့် ကျွန်တော် တို့အမြဲတမ်းပြောပါတယ်။ အရှိတရားကို မြင်အောင်ကြည့်ဖို့လိုပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်မှာပြန်ပြီးဖြစ်လာတိုက်ပွဲဟာ အေအေအနေနဲ့ စစ်ရေးအရ အသာစီးယူပြီးတော့မှ စေ့စပ်ညှိနှိုင်းမယ့်သဘောလား။

ဖြေ။ ။ အဲလိုတော့မဟုတ်ဘူး။ စစ်ဖြစ်လာရင်တော့ စစ်ဆိုတာကတော့ ဘယ်သူမဆို နိုင်အောင်တိုက်ကြရမှာပဲလေ။ ကျွန်တော်တို့ စစ်ရေးအရအသာ ယူပြီးမှ နိုင်ငံရေးအရညှိမယ်ဆိုတဲ့ သဘောမျိုးတော့မဟုတ်ပါဘူး။ သူတို့က ထိုးစစ်ဆင်လာတော့ ကျွန်တော်တို့က ရှိတာနဲ့ရအောင် ခုခံတဲ့သဘောပါပဲ။

မေး။ ။ ဒီစစ်ပွဲကို အဆုံးသတ်မှာ ဘယ်လိုမျှော်လင့်ထားလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ဆုံးရှုံးမှုတွေပြန်လိုချင်လို့ တိုက်ပွဲဝင်တာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဆုံးရှုံးသွားတဲ့ဟာကို ပြန်ရဖို့ဆိုရင်တော့ နိုင်အောင်တိုက်ရ မှာပဲလေ။

မေး ။ ။ အရင်ကလည်း တပ်မတော်က တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကိုလည်း အလျှော့ပေးခဲ့တာမျိုးမရှိဘူး။ အေအေကလည်း ရခိုင်ပြည်နယ်မှာ အခြေချဖို့ကြိုးစားနေတော့ ဒီစစ်ပွဲရဲ့အဆုံးသတ်ကို အနိမ့်ဆုံးအဆင့် ဘယ်လိုမျှော် လင့်ထားလဲ။

ဖြေ။ ။ အကောင်းဆုံးကတော့ တိုက်ပြီးမှ အဆုံးသတ်သွားတာထက် ကောင်းကောင်းမွန်မွန် နိုင်ငံရေးအရ အဖြေရှာတဲ့နည်းလမ်းကိုကြိုးစားတာကတော့ အကောင်းဆုံးပါပဲ။ အခုလိုမျိုးအနေအထားမှာကျတော့ ကျွန်တော်တို့ဖက်ကတော့ နိုင်ငံရေးသဘောထားကို အကြိမ်ကြိမ်ဖော်ပြတာတွေရှိတာပေါ့။ ဒါပေမဲ့ ဟိုဘက်ကအခြေအနေကိုလည်း ကျွန်တော်တို့စောင့်ကြည့်တာပေါ့။

မေး။ ။ ဘယ်အတိုင်းအတာမှာမှ အေအေအနေနဲ့ ညှိနှိုင်းဖို့အဆင်ပြေမလဲ။

ဖြေ။ ။ အချိန်မရွေးပါပဲ။ သူတို့ဘက်က ကမ်းလှမ်းလာရင်တော့ ကျွန်တော်တို့က တော့ အပြုသဘောနဲ့ကြိုဆိုပြီး အကောင်းဆုံးကြိုးစားသွားဖို့ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲဆိုရင်လည်းပဲ သူတို့ကတိုက်နေသရွေ့တော့ ကျွန်တော်တို့က တိုက်ရမှာပဲ။

မေး။ ။ စစ်ပွဲရဲ့သဘောတရားအရ စစ်ပွဲကြာလေ မြေစာပင်ဖြစ်နေတဲ့လူထုတွေ လည်း အထိနာလေပဲ။ ဒါနဲ့ပတ်သက်ပြီး အေအေအနေနဲ့ ဘယ်လိုထည့်သွင်းစဉ်စား ထားလဲ။

ဓာတ်ပုံ မူပိုင် EPA

ဖြေ။ ။ တိုက်ပွဲကတော့ မြေပြင်မှာဖြစ်နေတဲ့တိုက်ပွဲတွေရှိတယ်။ ပြီးတော့ တခြားနောက်ခံအကြောင်းတရားတွေကြောင့် သူ့နည်းသူ့ဟာနဲ့ ဖြစ်တဲ့တိုက်ပွဲတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ကတော့ အားနည်းတဲ့လူတွေပေါ့ဗျာ။ အားနည်း တဲ့လူဆိုတော့ ကျွန်တော်တို့လည်း တခြားနည်းလမ်းတွေစဉ်းစားရမှာပဲ။ မဟာမိတ် တွေနဲ့ ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ။ သံတမန်ရေးနည်းလမ်းအရ ဘယ်လိုလုပ်ရ မလဲ။ နည်းလမ်းအမျိုးစုံပေါ့နော်။ စစ်ရေးအတွင်းအခေါ်မှာဆိုရင်လည်းပဲ ဒေါင့်ပေါင်း စုံက စစ်ဆင်ရေးကို စဉ်းစားရသေးတာပေါ့။ ဒါကြောင့်မလို့ ကျွန်တော်တို့လက်မှာ ကိုင်ထားတဲ့ လက်နက်၊ ခဲယမ်းရဲ့အစွမ်းအဆတစ်ခုတည်းကိုကြည့်ပြီးမှ ပြောတာထက် တခြားနည်းလမ်းတွေလည်း အများကြီးကြိုးစားလို့ရပါသေးတယ်။

မေး။ ။ ရခိုင်ပြည်နယ်မှာ ပထဝီနိုင်ငံရေးအရ တရုတ်နဲ့ အန္ဒိယအတွက် အရမ်း အရေးကြီးတဲ့နေရာဖြစ်တယ်။ တရုတ်ကတော့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ပြောဆိုတာရှိတယ်။ ဒီနိုင်ငံရေးမှာ အေအေအနေနဲ့ ဘယ်လိုကစားမလဲ။

ဖြေ။ ။ တရုတ်ကပြောနေတာလည်းကြာပါပြီး တခြားနိုင်ငံတွေကလည်းကြားဝင် ပြီးမှ ဒီကိစ္စကိုထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့အတွက် ပြောနေတာလည်း နှစ်ပေါင်းများစွာရှိပြီ။ ဒါပေမဲ့ အဓိကကတော့ ပဋ္ဋိပက္ခမှာပါဝင်နေတဲ့ အုပ်စုတွေ ကိုယ်တိုင်ကိုက လိုလိုလားလား ဖြစ်ဖို့လိုတာပေါ့။ ကျွန်တော်တို့ အေအေအနေ နဲ့ဆိုရင်တော့ ဒီလုပ်ငန်းစဉ်တစ်လျှောက်မှာ သူတို့ဖက်က ငြင်းဆန်ခဲ့တာကိုပဲ ကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ်။ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့အတိုင်းအတာတော့ မရှိသေးပါဘူး။

မေး။ ။ အေအေက အာဆာအဖွဲ့နဲ့ ပူးပေါင်းမှုတွေရှိတယ်လို့ တပ်မတော်က စွပ်စွဲပြောဆိုတာတွေရှိတယ်။ ဒီပြောဆိုမှုက လက်တွေ့နဲ့ဘယ်လောက်ထိနီးစပ်မှုရှိ လဲ။

ဖြေ။ ။ ဘယ်လိုမှလည်း မနီးစပ်ပါဘူး၊ ဖြစ်လည်းမဖြစ်နိုင်ပါဘူး။ ဒါကတော့ ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို သေးသိမ်သွားအောင်၊ အိမ်းနီးချင်းနိုင်ငံတွေက ကျွန်တော်တို့ကို အကြမ်းဖက်သမားအဖြစ်ထင်မြင်ယူဆပြီးမှ လက်မခံအောင်လုပ် နေတဲ့ တိုက်စစ်ဗျူဟာတစ်ခုပါပဲ။

မေး။ ။ တပ်မတော်က အေအေနဲ့ အာဆာရဲ့ဘုံရန်သူလိုဖြစ်နေတယ်။ ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေဆိုတဲ့ အဆိုရှိတယ်။ လက်တွေ့မှာ အဲလိုအနေအထားဖြစ်နိုင်ခြေရှိလား။

ဖြေ။ ။ ယူဆချက်အားဖြင့်တော့ အဲလိုပြောကြတာပေါ့လေ။ ။ ဒါပေမဲ့ ယူဆချက်အားဖြင့်ဖြစ်နိုင်ရင် တောင်မှ လက်တွေ့မှာ မဖြစ်နိုင်တဲ့အနေအထားမှာ ရှိပါတယ်။ အာဆာရဲ့စစ်ရေး ဆိုင်ရာ အနေအထားကလည်း မဟာမိတ်ဖွဲ့ပြီးမှ လက်တွဲပြီးတိုက်ပွဲဝင်လောက် အောင် အဲလိုဖွဲ့စည်းမှုလည်း ကျွန်တော်တို့မတွေ့ရပါဘူး။ ရှိခဲ့ရင်တောင်မှ ကျွန်တော် တို့ဖက်က ထည့်သွင်းစဉ်းစားစရာတွေ အများကြီးရှိနေပါသေးတယ်။ ကျွန်တော်တို့ တပ်ရဲ့လှုပ်ရှားမှု၊ အသိမှတ်ပြုခံရမှုတွေနဲ့ တိုက်ရိုက်အချိုးကျပြီး စိန်ခေါ်မှုတွေ ရှိနေတယ်။ ဒီအနေအထားမှာ မလုပ်သင့်တဲ့အလုပ်ပဲလို့ ကျွန်တော်တို့ ယုံကြည်ထားတယ်။

မေး။ ။ ရခိုင်ပြည်နယ်က ပြည်သူလူထုတွေက အေအေကို ထောက်ခံတာ၊ သဘောကျတာတွေရှိနေတယ်လို့ ပြောဆိုမှုတွေရှိနေတယ်။ ဘာကြောင့် အခုလို ဒီလိုအနေအထားဖြစ်လာရတာလဲ။

ဖြေ။ ။ ရခိုင်လူထုတွေက စိတ်အားထက်သန်တာ အရမ်းကြာခဲ့ပါပြီ။ ကျွန်တော် ဆိုရင် အသက် ၄၀ ရှိပြီ။ ကျွန်တော့်အဖေလည်း ဒီပုံပြင်နဲ့ကြီးလာတယ်၊ ကျွန်တော့် အဘိုးလည်း ဒီတိုင်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့လူမျိုးတွေက ပထဝီအနေ အထား အရ ပြိုလဲခဲ့တယ်။ ပြန်ပြီးမှ အကြိမ်ကြိမ်ကြိုးစားခဲ့ကြပါတယ်။ ဒါဟာ မနိုးကြား လို့လည်း မဟုတ်ဘူး။ အခြေအနေအရ နည်းလမ်းတွေအဆင်မပြေခဲ့ဘူး။ အခုချိန်မှာ ကျတော့ ကျွန်တော်တို့ကြိုးစားလာတယ်၊ ရခိုင်လူထုလည်း တူညီတဲ့အတွေးအခေါ်နဲ့ စုစုစည်းစည်းရပ်တည်လာတယ်။ အဲဒါကြောင့် ကျွန်တော် တို့ အမျိုးသားလှုပ်ရှားမှုက ပိုပြီးမှ ထိထိရောက်ရောက်နဲ့ စည်းစည်းလုံးလုံးပြန်ဖြစ် လာတဲ့သဘောပါ။

မေး။ ။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာက စိတ်ဝင်စားနေကြတယ်။ သူတို့တွေက ရခိုင်လူမျိုးနဲ့ တခြားတိုင်းရင်းသားတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့က လက်တွေ့မှာ ဘယ်လောက်ထိဖြစ်နိုင်ခြေရှိလဲ၊ ဘယ်လိုအခြေအနေမျိုးမှာမှ ဖြစ်နိုင်ခြေရှိလဲ။

ဓာတ်ပုံ မူပိုင် Saw Yan Naing

ဖြေ။ ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုးဖြစ်ဖြစ်၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုပဲဖြစ်ဖြစ် ဒီလိုမျိုးအတူတူနေကြတဲ့အချိန်မှာတော့ နှစ်ဦးနှစ်ဖက်လုံးမှာ အကောင်းမြင်တဲ့အမြင် တွေရှိဖို့လိုတယ်။ ပိုပြီးမှ သဟဇာတဖြစ်ဖို့ဆိုရင် ဒီအချိန်မှာ ကျွန်တော်တို့ ရခိုင်နိုင်ငံ ရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်တွေရဲ့အတွေးအခေါ်ကျတော့ လူဆိုတာ လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံရမယ်။ လူကိုလူလိုမြင်တတ်ရမှာပေါ့နော်။ မတူကွဲ ပြားမှုကို ကိုယ်ကနားလည်သည်းခံရမယ်ပေါ့။ ဒါက ကျွန်တော်တို့ဘက်က အတွေး အခေါ်ဖြစ်တယ်။

ကျွန်တော်အဖွဲ့ဝင်တွေ၊ တပ်ဖွဲ့ဝင်တွေ၊ ကျွန်တော်တို့ရဲ့လူထုတွေ ကို ဒီအတွေးအခေါ်ကို ကျွန်တော်တို့ချပြတယ်။ တဖက်မှာ အရေးကြီးတာက သူတို့ဖက်ကလည်းပဲ တူညီတဲ့ဆန္ဒနဲ့ရပ်တည်ဖို့တော့လိုတာပေါ့။ ကျွန်တော်တို့ ရခိုင်ဘုရင်လက်ထက်ကတည်းက Arakan ဆိုတာက ရခိုင်ဗုဒ္ဓဘာသာဝင်တွေက လူများစုအဖြစ်တည်ရှိတယ်ဆိုတာကဟုတ်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်ဘုရင်လက်ထက်ကတည်းက မတူညီတဲ့ဘာသာတွေပေါ့လေ၊ အတူတူနေထိုင်ခဲ့တယ်။ တိုင်းပြည်ကိုတိုးတက်အောင် အတူတူကြိုးစားခဲ့ကြတယ်။

မေး။ ။ တကယ်လို့ အေအေက ရခိုင်ပြည်နယ်မှာ ပြန်ပြီးအခြေချနိုင်ပြီး အုပ်ချုပ်လာနိုင်ရင် ဒီမွတ်ဆလင်အရေးကို ဘယ်လိုခံယူထားလဲ။

ဖြေ။ ။ ဒီကိစ္စမှာ မွတ်ဆလင်တွေကတော့ အချိုးအစားကြီးမားတဲ့ လူဦးရေတွေရှိ တာပေါ့နော်။ ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တစ်ခုထဲမဟုတ်ပါဘူး၊ ဟိန္ဒူတွေရှိတယ်၊ ခရစ်ယာန်ဘာသာဝင်တွေရှိတယ်၊ နတ်ကိုးကွယ်တဲ့လူတွေရှိ တယ်။ ကျွန်တော်တို့ Arakan လို့ပြောလိုက်တဲ့အချိန်မှာ Arakan ပြည်သူလူထုကိုဆိုလိုခြင်းဖြစ်တယ်။ တခါတလေ ကျွန်တော်တို့ကို ချဉ်းကပ်ပြီးမှ ပြောဆိုတဲ့အုပ်စုတွေရှိတယ်။ သူတို့က ရခိုင်ဆိုပြီးတော့ ကွင်းစကွင်းပိတ်နဲ့ ဗုဒ္ဓဘာသာဝင် ဆိုပြီးတော့ ရိုဟင်ဂျာဆိုရင် ဘေးကကွင်းစကွင်းပိတ်နဲ့ မွတ်ဆလင် ဆိုပြီး လုပ်တယ်။ သူတို့ကိုယ်နှိုက်ကိုက ခွဲခြားတဲ့အမြင်နဲ့ လာပြီး ကျွန်တော်တို့ကို ခွဲခြားတဲ့ လူတွေလားဆိုပြီး စမ်းစစ်တာတွေရှိတယ်။ ကျွန်တော်တို့က အဲဒါကို မနှစ်သက်ဘူး။ အဲဒီလိုမျိုးခွဲခြားပြီးချဉ်းကပ်လာတယ်ဆိုကတည်းက သူ့တို့မှာသီးခြား ရည်ရွယ်ချက် ရှိတယ်ဆိုတာ ပေါ်လွင်တယ်။ ပုံမှန်အတွေးအခေါ်နဲ့ အမြင်တွေ ရှိဖို့တော့လိုတယ်။ ဒါကြောင့် ပြဿနာတွေကို အခုမရှင်းရင်လည်း တချိန်ချိန်မှာတော့ ပြဿနာတွေကို ကျွန်တော်တို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမှာပဲ။ ပြဿနာဖြေရှင်းဖို့အတွက် စိတ်ထားမှန်ဖို့လိုတယ်၊ သတ္တိရှိဖို့လိုတယ်၊ အရည်အချင်းလည်း လုံလောက်ဖို့လို တာပေါ့။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ