NLD ကိုပြိုင်ဖို့ဖွဲ့တဲ့ ၉၀ အမတ်တွေရဲ့ပါတီက ဘယ်သူတွေပါမှာလဲ

၁၉၉၀လွှတ်တော်အမတ်ဟောင်းများအစည်းအဝေးပြုလုပ်စဉ် ဓာတ်ပုံ မူပိုင် David Hla Myint
Image caption ၁၉၉၀လွှတ်တော်အမတ်ဟောင်းများအစည်းအဝေးပြုလုပ်စဉ်

လာမဲ့၂၀၂၀ ရွေးကောက်ပွဲ မှာ လက်ရှိ အာဏာရ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ယှဉ်ပြိုင်မယ် ဆိုပြီး ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ် အမတ်ဟောင်းတွေနဲ့ ဖွဲစည်းထားတဲ့ နိုင်ငံရေးပါတီ အသစ် အမည် ပေးလိုက်ပါ ပြီ။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ United Nationalities Democracy Party- UNDP လို့ အမည်ပေးထားတယ်လို့ ပါတီ တည်ထောင်ရေးခေါင်းဆောင်လည်းဖြစ်၊ ၁၉၉၀ အမတ်ဟောင်းလည်းဖြစ်သူ ဦးဒေးဗစ်လှမြင့်က ဘီဘီစီကို ပြောပါတယ်။

ပါတီတစ်ခုတည်ထောင်ခွင့်ကို မတ်လ ၂၂ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လျှောက်ထားခဲ့တာ လို့ လည်းသူက ပြောပါတယ်။

ပါတီတည်ထောင်ခွင့်ပြုဖို့ ရွေးကောက်ပွဲကော်မရှင်ကိုတင်တဲ့နေရာမှာတော့ ၁၉၉၀အမတ်ဟောင်း ၂ ဦး၊ တိုင်းရင်းသားအချို့နဲ့ စာရေးဆရာအချို့ စုစုပေါင်း ၁၇ ဦး ပါဝင်ပါတယ်။

ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ၁၈ ဦးနဲ့ဖွဲ့စည်းမှာဖြစ်ပြီး ၁၉၉၀ အမတ်ဟောင်းတွေက ၆ ဦး၊ တိုင်းရင်းသားတွေဖက်က ၆ ဦးနဲ့ အခြားအရပ်ဖက်အဖွဲ့နဲ့ပညာရှင်တွေ ၆ဦးစတဲ့သူတွေကို ပါဝင်ဖွဲ့စည်းမှာလို့ သူကပြောပါတယ်။

ပါတီဥက္ကဋ္ဌ ဘယ်သူလဲ

၁၉၉၀ အမတ်ဟောင်း ဦးနိုင်းနိုင်းကို ပါတီ ဥက္ကဋ္ဌ အဖြစ် ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ရဲ့ဆုံးဖြတ်ချက်အရ လျာထားတယ်လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့မှာ အရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့တဲ့ အမတ်ဟောင်း ၆၀ နီးပါးပါဝင်ပါတယ် ။

ဒါပေမယ့် ဦးနိုင်းနိုင်းကတော့ ဥက္ကဋ္ဌ တာဝန်ကို ယူဖို့ မရှိဘဲ အဲဒီပါတီသစ်မှာလည်း ပါတီဝင်အဖြစ်ပါဝင်တာထက် အပြင်ကနေပဲကူညီပေးဖို့နဲ့ ပြင်ဆင်ထားတယ်လို့ ဦးနိုင်းနိုင်းက ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသားဘက်က ပါမယ့်သူတွေက အရင် NLD ပါတီကိုထောက်ခံကြတဲ့ တိုင်းရင်းသားတွေ၊ NLD ပါတီဝင် တိုင်းရင်းသားတွေ၊ အရပ်ဘက်အဖွဲ့ကတော့ စာရေးဆရာနဲ့ ပညာရှင်တွေစတာတွေ ပါမှာဖြစ် တယ်လို့ ဦးဒေးဗစ်လှမြင့်က ဆိုပါတယ်။

တရားဝင်ပါတီမှတ်ပုံတင် ပြီးရင်တော့ ပါတီကိုဦးဆောင်မယ့်သူနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေကို ပြန်ရွေးဖို့ရှိပေမယ့် ၁၉၉၀ အမတ်ဟောင်း ၂ ဦးဖြစ်တဲ့ ဦးဒေးဗစ်လှမြင့်နဲ့ ဦးသန်းဝင်းတို့ အပြင် အခြား ၁၉၉၀ အမတ် ဟောင်း ၄ ဦးတို့က တော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ပါဝင်ဖို့ ရှိပါတယ်။

"NLD ကိုပြိုင်ရမှာမို့ ပါတီရဲ့ဥက္ကဋ္ဌမလုပ်တာမဟုတ်ပါဘူး။ ကျွန်တော် NLD ထဲကထွက်လာတာကိုက မကြိုက်တော့ လို့ထွက်လာတာ" လို့သူကဆိုပါတယ်။ ဦးနိုင်းနိုင်းက NLD ပါတီမှာဖွဲ့စည်းတဲ့အချိန်ကစပြီး ပါလာခဲ့တာဖြစ်ပြီး ပါတီကမထွက်ခင် ၂၀၁၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မတိုင်ခင်အထိ ရန်ကုန်တိုင်း ပါတီအောင်နိုင်ရေး ဥက္ကဋ္ဌ၊ ပါတီဗဟိုဦးစီးအဖွဲ့ဝင်စတဲ့ တာဝန်တွေကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် DAVID HLA MYINT
Image caption အဲဒီ ၁၉၉၀ အမတ်ဟောင်းတွေအဖွဲ့ ကိုလက်ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဦးဆောင်နေပါတယ်။

ဘယ်တုံးကစီစဉ်တာလဲ

အခုလိုပါတီတစ်ခုထောင်ဖို့နဲ့ ပါတီကိုဘယ်သူဦးဆောင်မယ်ဆိုတာကို ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကလွှတ်တော်တွင်း နိုင်ငံရေးမှာ ၉၀လွှတ်တော် ကိုယ်စားလှယ်တွေပါဝင်လုပ်ဆောင်နိုင်ဖို့ပြင်ဆင်တာဖြစ်ပါတယ်။

ဒါအပြင် လွှတ်တော်ပြင်ပနေနိုင်ငံရေးလုပ်ဖို့အတွက်ကိုတော့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ် အဖွဲ့အစည်း UNDO ကိုဖွဲ့စည်းပြီး ဆောင်ရွက်ကြမယ်လို့ ဦးဒေးဗစ်လှမြင့်ကပြောပါတယ်။

ဦးနိုင်းနိုင်းကတော့ အဲဒီပါတီသစ်မှာလည်း ပါတီဝင်အဖြစ်ပါဝင်တာထက် အပြင်ကနေပဲကူညီပေးဖို့နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရက်တစ် အဖွဲ့ UNDO အနေနဲ့ ပါဝင်ကူညီပေးဖို့ ပြင်ဆင်ထားတယ်လို့ ဦးနိုင်းနိုင်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption UNDPနဲ့ အဖွဲ့အစည်းဖြစ်တဲ့ UNDO နှစ်ခုလုံးကို ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့က ဦးဆောင်လမ်းကျောင်းမှာဖြစ်ပါတယ်။

ဦးခွန်ထွန်းဦးက ပဲ့ကိုင်မှာလား

အခု ပါတီသစ် UNDPနဲ့ အဖွဲ့အစည်းဖြစ်တဲ့ UNDO နှစ်ခုလုံးကို ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့က ဦးဆောင်မှာဖြစ်ပြီး အဲဒီ ၁၉၉၀လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ကိုလက်ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဦးဆောင်နေပါတယ်။

ဒါအပြင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA မှာ လည်း အဖွဲ့ဖွဲ့စည်းပုံအရ ဦးခွန်ထွန်းဦး က သဘာပတိအဖွဲ့ဝင်ထဲက တစ်ဦးလည်းဖြစ်ပါတယ်။

အမတ်ဟောင်းတွေဖွဲ့ခွင့်ရထားတဲ့ UNDP ပါတီကလည်း UNA နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းသွားဖို့ ပြင်ဆင် ထားပြီးလည်းဖြစ်ပါတယ်။ UNA ကို ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ကယား၊ မွန်၊ ရခိုင်စတဲ့ တိုင်းရင်းသားနိုင်ငံ ရေးပါတီ ၁၅ ခုနဲ့ စုပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။

"ကျွန်တော်တို့ NLD ယှဉ်နိုင်တယ်လို့ယုံလို့နိုင်ငံရေးပါတီတည်ထောင်တာပါ။ ရိုးရိုးပါတီထောင်ပြီးရော မဟုတ်ဘူး။ NLD ကျော်ဖြတ်သွားနိုင်ဖို့အခင်းအကျင်းတွေပြင်ဆင်ထားပါတယ်" ၁၉၉၀ အမတ်ဟောင်း ဖြစ်သူ ဦးဒေးဗစ်လှမြင့်က ဆိုပါတယ်။

သူတို့ ပါတီက လွှတ်တော်တွင်းမှာ တပ်မတော်သား လွှတ်တော်အမတ်တွေ ပါရှိနေတာကို ဖယ်ထုတ်ဖို့ ရည်မှန်းထားပြီး ဒါကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် ရေးဆွဲနိုင်အောင် ကြိုးစားမယ်လို့တော့ ပါတီရဲ့ ရည်ရွယ်ချက်ကို ချမှတ်ထားတဲ့အပေါ် သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ