မြန်မာနိုင်ငံမှာ ပိုပူလာတာ စိုးရိမ်စရာ ရှိလား

ဓာတ်ပုံ မူပိုင် NAy Naing
Image caption မကွေးတိုင်း ချောက်မြို့နယ် ကျေးရွာတွေမှာ သောက်သုံးရေ အခက်အခဲဖြစ်နေပါတယ်

ပဲခူးမြို့အပါအဝင် မြန်မာနိုင်ငံက မြို့ ကြီး ၈ မြို့မှာ ဧပြီ ၂၆ ရက်က အမြင့်ဆုံးအပူချိန်တွေ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

ပဲခူးမြို့နဲ့ တောင်ငူမြို့မှာ ၅၅ နှစ်အတွင်း အပူချိန် စံချိန်တင်တာ ဖြစ်ပြီး ၄၂ နဲ့ ၄၄ ဒီဂရီစင်တီဂရိတ်ထိ ပူပြင်းခဲ့တာ ဖြစ်ပါတယ်။

အလားတူ ကြို့ပင်ကောက်မှာ ၃၄ နှစ်အတွင်း၊ ခရမ်းမှာ ၃၆ နှစ်အတွင်း၊ ဘီးလင်းမှာ ၅၄ နှစ်အတွင်း၊ ရေးမြို့မှာ ၅၅ နှစ်အတွင်း၊ သထုံမှာ ၄၆ နှစ်အတွင်း၊ ဖျာပုံမှာ ၁၈ နှစ်အတွင်း အပူချိန်တွေစံချိန်ချိုးကာ ပူပြင်းခဲ့တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။

အခုနှစ် နွေရာသီမှာ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညို နဲ့ပက်သက်တဲ့ ရာသီဥတု ဖြစ်ပေါ်နေပြီး အရင်နှစ်တွေထက် ပိုမိုပူပြင်းနေတာလို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန် က ဘီဘီစီကို ပြောပါတယ်။

နေပူလို့ရေခန်း

အပူရှိန်တွေမြင့်လာလို့ တိုင်းနဲ့ ပြည်နယ်အချို့မှာ သောက်သုံးရေ ပြတ်လပ်မူတွေ ဖြစ်ပေါ်နေပါတယ်။

ဧပြီလဆန်းကစလို့ မြို့ကြီးတချို့ရဲ့ နေ့အပူချိန်တွေ မြင့်မားနေတဲ့အတွက် နိုင်ငံ အနှံ့အပြားမှာ ရေတွင်းရေကန်တွေမှာ ရေခန်းခြောက်တာတွေ တွေ့ကြုံနေရပါတယ်။

မွန်ပြည်နယ် ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်က မြို့နယ် တချို့တို့မှာ နေ့အပူချိန်တွေဟာ အရင်နှစ်တွေထက် စံချိန်သစ်တင်တဲ့ အထိ ပိုမိုပူပြင်းလာပါတယ်။ တချို့နေရာတွေမှာ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နေပါတယ်။

ဒီလိုပူပြင်းမှုတွေကြောင့် အရင်က ရေမခန်းဖူးတဲ့ ကန်တွေဟာ ရေခန်းခြောက်သွားခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ထဲက ကျေးရွာတချို့မှာ ဖြစ်ပွားနေပုံကို ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုအောင်ကိုလတ်က ဘီဘီစီကို ပြောပါတယ်။

ကန်ရေကို အဓိကထား အသုံးပြုရတဲ့ ကျေးရွာတွေမှာ အရင်နှစ်တွေကလည်း ရေခန်းသွားတာရှိခဲ့ပေမဲ့ မေလရောက်မှပဲ အဲဒီလို အဖြစ်တွေ ကြုံတွေ့ရလေ့ရှိတာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် NAy Naing
Image caption သဘာဝဘေးဒဏ်ဖြစ်ရင် အရင်ဆုံး ထိခိုက်ခံရသူတွေက ဒေသခံတွေဖြစ်ပါတယ်။

ပိုပူလာတာစိုးရိမ်စရာ ရှိလား

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်အစီရင်ခံစာတွေအရ လက်ရှိ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ပြောကြပါတယ်။ ဒါတွေကို တုံ့ပြန်ချင်တယ်ဆိုရင်တော့ အချိန် ဆယ်စုနှစ်အနည်းငယ်ပဲ ကျန်တယ်လို့ လည်း ပညာရှင်တွေက ပြောကြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် ကတော့ စိုးရိမ်စရာ အခြေအနေရောက်ပြီလို့ ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ဒေါ်ခင်ချိုချိုရှိန် ကပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေကို ထိမ်းချုပ်တဲ့လုပ်ငန်းစဉ်တွေကို ကမ္ဘာ့နိုင်ငံတွေက မလုပ်ရင်တော့ ပညာရှင်တွေက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေ များလာပြီး ပိုပူလာမယ် လို့ လည်း ပြောကြပါတယ်။

မြန်မာနိုင်ငံက ကမ္ဘာမှာ သဘာဝဘေးဒဏ် ထိခိုက်ခံစားလွယ်တဲ့ နိုင်ငံတွေထဲမှာ ဒုတိယဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

အခုရက်ပိုင်း အပူချိန်တွေဟာ တစ်နိုင်ငံလုံးကို ပျံ့နှံလာတဲ့ သဘောရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန် ကပြောပါတယ်။

အဓိက ကတော့ ပစိဖိတ် သမုဒ္ဒရာထဲက အယ်လ်နီညိုကြောင့် ဆက်စပ် ပြီးပိုပူလာတာဖြစ်တယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် NAy Naing
Image caption မုတ်သုန်မဝင်ခင် ပူအုံးမယ် လို့ မိုးဇလ ကပြော ပါတယ်။

ဆက်ပူအုံးမှာလား

မြန်မာနိုင်ငံမှာရှိတဲ့ သစ်တောတွေ တော်တော်များများ ပြုန်းတီးသွားတဲ့အတွက် ရာသီဥတု ဖောက်ပြန်တာတွေ အပူရှိန်လွန်ကဲတာတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာနေတယ်လို့ ပညာရှင်တွေကလည်း ထောက်ပြပါတယ်။

အပူဒဏ်ကြောင့် ကျန်းမာရေးချို့ယွင်းနိုင်တာကို သတိပြုနေထိုင်ကြဖို့ အစိုးရက သတိပေးထားပါတယ်။ နေ့လယ်ခင်း အပူရှိန်ပြင်းတဲ့အချိန်တွေမှာ အပြင်မထွက်ကြဖို့လည်း နှိုးဆော်ထားပါတယ်။

အခုလို အစိုးရက သတိပေးပေမဲ့ လက်လုပ်လက်စားတွေကတော့ အတိအကျ လိုက်နာဖို့ အခက်ခဲရှိတယ်လို့လည်း ချောက်ဒေသခံတွေကပြောပါတယ် ။

ချောက်မှာ အခုရက်ပိုင်း နေ့လယ်အချိန် ရေမချိုး ဖို့ သတိပေးနေပါတယ်။ ဧပြီ ၂၆ ရက်နေ့က လည်းချောက်မြို့မှာ အပူချိန် အမြင့်ဆုံးစံချိန်ကို ရောက်ခဲ့ပါတယ် ၊

ချောက်မြို့မှာတော့ မေလကုန်လောက် အထိ အခုလို သတိပေးမှုတွေ ဆက်ရှိနိုင်တယ်လို့လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။

မိုးဇလ ကတော့ မုတ်သုန် မဝင်ခင် အချိန်အထိ တစ်နိုင်ငံလုံး ပူအုံးမယ်လို့ ပြောပါတယ် ။

နောင်ရက်တွေမှာတော့ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်နေတဲ့ မုန်တိုင်းကြောင့် ပိုပူလာနိုင်သလို မုန်တိုင်းကြောင့် မိုးရွာရင်လည်း တဖြေးဖြေးအပူချိန်တွေ လျော့လာနိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန် ကပြောပါတယ်