ဘင်္ဂလား ပင်လယ်အော် မုန်တိုင်းကြောင့် မေလဆန်းမှာ မိုးရွာမယ်

မုန်တိုင်းငယ်ဟာ လာမယ့် ၃၆ နာရီ အတွင်းမှာ အားကောင်းတဲ့ ဆိုင်ကလုံးမုန်တိုင်း ဖြစ်လာမယ် ဓာတ်ပုံ မူပိုင် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
Image caption မုန်တိုင်းငယ်ဟာ လာမယ့် ၃၆ နာရီ အတွင်းမှာ အားကောင်းတဲ့ ဆိုင်ကလုံးမုန်တိုင်း ဖြစ်လာမယ်

အိန္ဒိယ သမုဒ္ဒရာနဲ့ ဆက်စပ် နေတဲ့ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် ၃ ၇က်အတွင်းမှာ အားကောင်းတဲ့ ဆိုင်ကလုံးမုန်တိုင်း ဖြစ်လာဖို့ရှိပြီး မုန်တိုင်းကြောင့်မြန်မာနိုင်ငံနေရာအနှံပြား လာမဲ့ မေလဆန်းမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုး ဒေါ်မေခင်ချောက ပြောပါတယ်။

လက်ရှိမှာ မုန်တိုင်းဟာ သီရိလင်္ကာနိုင်ငံ ထရင်ကိုမာလီမြို့ အရှေ့-အရှေ့တောင်ဘက်နဲ့ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ အရှေ့တောင်ဘက်ကို ဦးတည်ရွှေ့လျားနေပြီး လာမယ့် မေလဆန်းပိုင်းလောက်မှ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ဖြတ်ပြီး မြန်မာနိုင်ငံဘက် ရောက်မယ်လို့ လည်းသူက ပြောပါတယ်။

" မေလ ၃၊ ၄ ၊၅ လောက်မှ မြန်မာနိုင်ငံ ရခိုင်မြောက်၊ ချင်း၊ ကချင်၊ စစ်ကိုင်းတိုင်းတွေမှာ မုန်တိုင်း သက်ရောက်ပြီး မိုးရွာနိုင်တယ်လို့" လို့ ဒေါ်မေခင်ချောက ပြောပါတယ်။

မုန်တိုင်းက မြန်မာနိုင်ငံဦးတည်နေတဲ့ အနေထားမရှိဘူးလို့ပြောပြီး မြန်မာနိုင်ငံ တစ်နိင်ငံလုံး ကို တော့ မုန်တိုင်းအပြီးမေလလယ်လောက် မုတ်သုံဝင်မယ် လို့ လည်းသူကခန့်မှန်းပါတယ်။

မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ အ ရှေ့ဖက်ကမ်းခြေမှ အ ရှေ့ မြောက်ဖက်သို့ ဦးတည်ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မေလ၃ရက် ကနေ ၉ ရက် အတွင်း အတွင်း ဖြတ်ကျော်ဝင်ရောက် ဖွယ်ရာရှိတယ်လို့ လည်း မိုးလေဝသပညာရှင်ဒေါက်တာ ထွန်းလွင်ကပြောပါတယ် ၊

ရခိုင်ပြည်နယ်မြောက်ပိုင်းသည်လည်း မုန်တိုင်း စက်ကွင်းအတွင်း ကျ ရောက်နိုင်ပြီး၊ မြန်မာတနိုင်ငံလုံး မိုးရွာမယ် လို့ သူကပြောပါတယ် ၊

ဓာတ်ပုံ မူပိုင် Dr Tun Lwin FB
Image caption မိုးလေဝသပညာရှင်ဒေါက်တာ ထွန်းလွင် ခန့်မှန်းတဲ့မုန်တိုင်း လမ်းကြောင်း

မုန်တိုင်းအရှိန်ကြောင့် လေတိုက်နှုန်းက ၁ နာရီ မိုင် ၃၅ နှုန်း ရှိနိုင်လို့၊ မုန်တိုင်းကြောင့် ဖြစ်လာမယ့် မိုးတိမ် အန္တရာယ်ကြောင့် ပြည်တွင်း လေကြောင်း ပျံသန်း‌ရေး အပြင် မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ ရှိတဲ့ ကမ်းနီး၊ ကမ်းဝေး ငါး ဖမ်းရေယာဉ်တွေနဲ့ သင်္ဘော သွားလာမှုတွေကိုလည်း ကြိုတင် သတိပေးထားပါတယ်။

လက်ရှိ ခံစားနေရတဲ့ အပူချိန်ဟာလည်း ဘင်္ဂလားပင်လယ်အော်မှာ အခုဖြစ်ပေါ်နေတဲ့ မုန်တိုင်း အရှိန်ကြောင့် တဖြေးဖြေး အပူချိန်တွေ လျော့ကျနိုင်တယ်လို့ ဒေါ်မေခင်ချောက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Zeyar Ko
Image caption ဧပြီလ၂၆ ရက်နေ့ကနေ့အပူချိန်စံချိန်တင်ခဲ့တဲ့ တောင်ငူမြို့ မြို့တွင်းလမ်းများပေါ်တွင်လူအသွားအလာရှင်းလင်းနေ

"မုန်တိုင်း အရှိန်ကြောင့် အပူချိန် နဲနဲပြန်လျော့မယ်။ မုန်သုံကလည်း မေလလယ် နောက်ဆုံးပတ်မှာ မြန်မာနိုင်ငံတောင်ပိုင်းက တဆင့်ဆင့် ဝင်လာမယ်။ မုန်တိုင်းအပြီးနဲ့ မုတ်သုံ မဝင်ခင်စပ်ကြားတော့ နဲနဲ ပြန်ပူနိုင်ပါတယ်" ဒေါ်မေခင်ချောက ပြောပါတယ်။

အခုနှစ်နွေရာသီ မြန်မာနိုင်ငံမှာ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုနဲ့ ဆက်စပ်တဲ့ ရာသီဥတု ဖြစ်ပေါ်နေပြီး ပဲခူးမြို့ အပါအဝင် မြန်မာနိုင်ငံရဲ့ မြို့ကြီး ၈ မြို့ မှာ ဧပြီ ၂၆ ရက် က အမြင့်ဆုံး အပူချိန် စံချိန်တင် မြင့်တက် ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန သတင်းထုတ်ပြန်ခဲ့ပါတယ်။