စဉ့်ကူမှာရွှေအင်းပြိုလို့ တရုတ်နိုင်ငံသား သတ္တုတူးဖော်ရေး ပညာရှင် အပါအဝင် ၂ ဦးသေဆုံး စတဲ့ ဧပြီလ ၂၉ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် FPNCC
Image caption အပစ်အခတ် ရပ်စဲရေး (NCA) လက်မှတ်ထိုးရေးအတွက် ညှိနှိုင်းကြဖို့နဲ့ အစိုးရ တပ်မတော်က ကြေညာထားတဲ့ ၄ လ ကြာ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်

(၁) မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့ ကိုယ်စားလှယ်တွေ NRPC နဲ့ မူဆယ်မြို့မှာ တွေ့ဆုံမယ်

မြောက်ပိုင်း လက်နက်ကိုင် ၄ ဖွဲ့က ကိုယ်စားလှယ်တွေဟာ အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးကြဖို့ ဒီနေ့ ခရီးထွက်ခွာခဲ့ပါတယ်။

တိုင်းရင်းသား ကိုယ်စားလှယ်တွေဟာ အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကိုယ်စားလှယ်တွေနဲ့ မနက်ဖြန် (ဧပြီ ၃၀ ရက်) မှာ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ အပစ်အခတ် ရပ်စဲရေး (NCA) လက်မှတ်ထိုးရေးအတွက် ညှိနှိုင်းကြဖို့နဲ့ အစိုးရ တပ်မတော်က ကြေညာထားတဲ့ ၄ လ ကြာ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ KIO/KIA ( ကချင်လွတ်လပ်ရေးအဖွဲ့) က ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အခု တွေ့ဆုံဆွေးနွေးကြမယ့် အစည်းအဝေးက အရင်တွေ့ဆုံခဲ့တဲ့ အစည်းအဝေးတွေထက် အရေးကြီးတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

မြောက်ပိုင်း လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA) ၊ ရက္ခိုင့်တပ်မတော် (AA) နဲ့ ကိုးကန့် တပ်ဖွဲ့ဖြစ်တဲ့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA) တို့ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ရခိုင်ဒေသအတွင်း အစိုးရစစ်တပ်က စစ်အင်အား အလုံးအရင်း သုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေနဲ့ ပတ်သတ်ပြီး သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

Image caption ရွှေအင်းတစ်ခုမှာ ရုတ်တရက် မြေစာပြိုကျလို့ တရုတ်နိုင်ငံသား သတ္တုတူးဖော်ရေး ပညာရှင်တစ်ယောက် အပါအဝင် လူ ၂ ဦး သေဆုံး

(၂) စဉ့်ကူမှာ ရွှေအင်းပြိုလို့ တရုတ်နိုင်ငံသား သတ္တုတူးဖော်ရေး ပညာရှင် အပါအဝင် ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက ကံတောင်ကျေးရွာမှာ ရှိတဲ့ ရွှေအင်းတစ်ခုမှာ ဧပြီ ၂၇ ရက် က ရုတ်တရက် မြေစာပြိုကျလို့ တရုတ်နိုင်ငံသား သတ္တုတူးဖော်ရေး ပညာရှင်တစ်ယောက် အပါအဝင် လူ ၂ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ သွားပါတယ်။

အဲဒီ ရွှေအင်းဟာ ထက်ရည်လင်းကုမ္ပဏီ အုပ်စုပိုင် ဖြစ်ပြီး လုပ်ငန်းလုပ်ဖို့ ရွှေအင်းထဲကို ဆင်းနေချိန် ပေ ၅၀ ကျော် အရောက်မှာ ရုတ်တရက် ကျောက်သားနဲ့ မြေစာတွေ ပြိုကျလာလို့ လူသေဆုံးခဲ့ရတယ်ဆိုပြီး ကံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဦးက ပြောပါတယ်။

မြေစာပိတဲ့အတွက် ကုမ္ပဏီဝန်ထမ်း အင်းလုပ်သားတစ်ဦးနဲ့ အတူ တရုတ်နိုင်ငံသား ပညာရှင်ပါ သေဆုံးသွားခဲ့ပြီး တရုတ်နိုင်ငံသားရဲ့ စကားပြန် ဖြစ်သူကတော့ ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့တယ်လို့ သူက ပြောပါတယ်။

လူသေဆုံးမှု ဖြစ်ခဲ့တဲ့ ရွှေအင်း တည်ရှိရာ ကံတောင်ကျေးရွာဟာ တစ်ရွာလုံးနီးပါး ရွှေတူးဖော်ရေး အလုပ်ကိုသာ အဓိက လုပ်ကိုင်တဲ့ တောင်ပေါ်ဒေသ တစ်ခု ဖြစ်ပါတယ်။

အဲဒီမှာ ရွှေအင်းတွေကို လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတွေက တိုက်ရိုက်လုပ်ကိုင်တာတွေ ရှိသလို ဒေသခံတွေက လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက တဆင့် ပြန်လည်ရယူပြီး တပိုင်တနိုင် လုပ်ကိုင်တာတွေလည်း ရှိပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လက်ပန်လှ နယ်မြေရဲစခန်းမှာ သေမှုသေခင်း ဖွင့်ထားပြီး ရဲလုပ်ငန်းစဉ်အတိုင်း သက်သေတွေကို စစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စခန်းမှူး ရဲအုပ်ကျော်ခိုင်မိုးက ပြောပါတယ်။

(၃) ရသေ့တောင်မြို့နယ်မှာ ပေါက်ကွဲမှု ဖြစ်လို့ ၈ တန်းကျောင်းသားတစ်ဦး သေဆုံး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ အတွက် အသက် ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသား တစ်ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦး ဒဏ်ရာ ပြင်းထန်တဲ့အတွက် ရသေ့တောင် စစ်တွေဆေးရုံကို တင်ပို့ထားရပါတယ်။

သေဆုံးတဲ့ ၈ တန်း ကျောင်းသားနဲ့ ဒဏ်ရာရသွားတဲ့ ကလေးတစ်ဦးဟာ ဆွေမျိုးတော်စပ်သူတွေ ဖြစ်ပြီး သူများဆီမှာ စပါးထုတ် အငှားထမ်းတာကို လုပ်ကိုင်နေချိန် ရွာဘုန်းကြီးကျောင်း အနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒဏ်ရာရရှိသွားတဲ့ ကလေးတစ်ဦးရဲ့မိခင်က ပြောပါတယ်။

ပေါက်ကွဲတာဟာ ဗုံးလား၊ မိုင်းလား၊ လက်နက်ကြီးကျည်လားဆိုတာကို တိတိကျကျ မသိဘူးလို့ သူက ဆက်ပြောပါတယ်။

ရသေ့တောင်မြို့နယ် တခုထဲအတွင်းမှာ အခုလို လက်နက်ကြီးကျည် ကျပေါက်ကွဲတာ ဗုံးပေါက်ကွဲလို့ သေဆုံးတဲ့သူဟာ အနည်းဆုံး ၅ ဦး ရှိသွားပြီးလို့ ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA) အကြား ဖြစ်ပွာ နေတဲ့ တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာ၊ သေနတ်ကျည် ထိမှန်တာတွေကြောင့် သေဆုံးရတဲ့ ဒေသခံပြည်သူ ၅၀ ကျော် ရှိပြီလို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မျက်နှာဖုံးတဲ့အဝတ်တွေ ဝတ်ဆင်တာမျိုး သီရိလင်္ကာနိုင်ငံမှာ တားမြစ်

(၄) မျက်နှာဖုံးတဲ့အဝတ်တွေ ဝတ်ဆင်တာမျိုး သီရိလင်္ကာနိုင်ငံမှာ တားမြစ်ချက်ထုတ်

သီရိလင်္ကာနိုင်ငံမှာတော့ နိုင်ငံသားတွေ အနေနဲ့ မျက်နှာဖုံးတဲ့ အဝတ်တွေ ဝတ်ဆင်တာမျိုးကို တားမြစ်တဲ့ အရေးပေါ် စီမံချက်ဟာ ဒီကနေ့ ဧပြီလ ၂၉ ရက် မှာ စတင် အသက်ဝင်ပြီ ဖြစ်ပါတယ်။

လူပေါင်း ၂၅၀ နီးပါး အသက်ဆုံးရှုံးခဲ့တဲ့ အီစတာပွဲတော် တနင်္ဂနွေနေ့ (ဧပြီ ၂၁ ရက်) ဗုံးခွဲ တိုက်ခိုက်မှုတွေ အပြီး အမျိုးသား လုံခြုံရေး လိုအပ်ချက်တွေကြောင့် အခုလို တားမြစ်တာ ဖြစ်တယ်လို့ သီရိလင်္ကာ သမ္မတက ပြောပါတယ်။

တားမြစ်ချက်မှာ ပြည်သူတွေ အနေနဲ့ ဘယ်သူဘယ်ဝါကို သိနိုင်ဖို့ မျက်နှာကို မဖုံးကွယ်ဘဲ ရှင်းရှင်းလင်းလင်း မြင်သာအောင် ထားရမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မွတ်ဆလင် အမျိုးသမီးတွေ ဝတ်ဆင်နေတဲ့ မျက်လုံးနှစ်ပေါက်သာ ဖော်ထားတဲ့ နီခတ် ဝတ်ရုံနဲ့ ဘာခါ ဝတ်ရုံတွေကိုလည်း တားမြစ်တယ် ဆိုတာမျိုးကိုတော့ တိတိကျကျ ဖော်ပြ ကြေညာထားတာမျိုး မရှိပါဘူး။

အီစတာ တနင်္ဂနွေနေ့တုန်းက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို သီရိလင်္ကာ အစ္စလာမ္မစ် အစွန်းရောက်တွေက ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption စပိန်မှာ အစိုးသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရေး ပြင်ဆင်

(၅) စပိန်မှာ အစိုးသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရေး ပြင်ဆင်

စပိန်နိုင်ငံမှာတော့ ဆိုရှယ်လစ် ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဟာ အထွေထွေရွေးကောက်ပွဲမှာ သူ့ပါတီက အမတ်နေရာ အများဆုံး ရခဲ့လို့ အစိုးသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေပါပြီ။

ဒါပေမဲ့ ဆိုရှယ်လစ်တွေဟာ အမတ်နေရာ အများစုကို မရခဲ့လို့ အစိုးရ ဖွဲ့နိုင်ရေးဟာ လက်ဝဲယိမ်း ပိုဒီးမို့စ်ပါတီ အပြင် အခြားဒေသန္တရ ပါတီငယ်တွေရဲ့ ထောက်ခံမှု လိုအပ်နေပါတယ်။

မစ္စတာ ဆန်းချက်စ်ကတော့ ညွန့်ပေါင်း အစိုးရ ဖွဲ့ရမယ့် အခြေအနေ ဆိုတာဟာ စပိန် ဖွဲ့စည်းပုံကို လေးစားလို့ ဖြစ်ပြီး လူမှု တရားမျှတမှု ကို တိုးမြှင့်ဖို့ ဖြစ်တယ်လို့ မစ္စတာဆန်းချက်က မက်ဒရစ်မြို့မှာ သူ့ကို ထောက်ခံသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

ရှေးရိုးစွဲ ပြည်သူ့ပါတီကတော့ အမတ်နေရာ ၆၅ နေရာနဲ့ ဒုတိယမြောက် အမတ်နေရာများဆုံး ရတဲ့ ပါတီ ဖြစ်ပြီး ဒါဟာ ပြည်သူ့ပါတီ သက်တမ်းတစ်လျှောက် အဆိုးရွားဆုံး ရလဒ်လည်း ဖြစ်လာပါတယ်။

လက်ယာစွန်းရောက် VOX ပါတီကတော့ အမတ်နေရာ ၂၄ နေရာနဲ့ စပိန်လွှတ်တော်ထဲကို ပထမဆုံး အကြိမ် ရောက်လာပါပြီ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
NCA နှစ်နှစ်ပြည့် - လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

ဒီသတင်းနဲ့ပတ်သက်သမျှ