ရိုက်တာသတင်းထောက်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဆက်တောင်းဆိုမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption NLD အစိုးရသစ်အနေနဲ့ ဖြေရှင်းရမယ့် ကိစ္စတစ်ခုဖြစ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့က နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေနဲ့ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ အကျဉ်းသား ၉၅၃၅ ဦးကိုလွှတ်ပေးခဲ့သလို နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးကို လွှတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ ဧပြီလ ၂၆ ရက်နေ့မှာ အကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပါတယ်။

အခုလို သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်တိုင်တိုင် လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအမှုနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၅ ယောက်သာ ပါဝင်သေးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၄၅ ဦး ကျန်ရှိနေပြီး နိုင်ငံရေး ပုဒ်မနဲ့ အမှုရင်ဆိုင်နေရသူ လက်ရှိမှာ ၃၀၀ ကျော် ရှိနေတယ်လို့ အေအေပီပီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် NUMRI SALUM
Image caption ဧပြီလကုန်မှာ သမ္မတလွတ်ငြိမ်းချမ်းသာနဲ့ မြစ်ကြီးနားထောင်ကနေ နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသား ဆိုတာဘာလဲ

အေအေပီပီရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရတော့ ''မည်သူမဆို ၊ မည်သည့် အကြောင်းကြောင့်ဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံသား အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်ခြင်းတို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပြစ်မှုကြောင်းအရဖြစ်ဖြစ်၊ တရားမကြောင်းအရ ဖြစ်ဖြစ် ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူ အားလုံးကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်'' ထားပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်စေ၊ ဥပဒေ တစ်ရပ်ရပ်အရ ဖြစ်စေ၊ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ မဏ္ဍိုင် (၃)ရပ်နဲ့ လုပ်ငန်းအဖွဲ့တွေရဲ့ ရပ်တည်ချက် ဆောင်ရွက်ချက်တွေအပေါ် နည်းလမ်း အမျိုးမျိုးနဲ့ ကန့်ကွက်၊ ဟောပြော၊ ပုံနှိပ် ရေးသားဆန္ဒဖော်ထုတ်တဲ့ သူ ဒါမှမဟုတ် အသင်းအဖွဲ့တွေကို ပြစ်မှုနဲ့ တရားမ ကြောင်းအရ ဖမ်းဆီးထိန်းသိမ်း ခံရရင်လည်း နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပါတယ်။

အခုလက်ရှိ အနေအထားအရ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေနဲ့ သတင်းမီဒီယာတွေ အများဆုံး ရင်ဆိုင်နေရတဲ့ ပုဒ်မတွေကတော့ ၆၆(ဃ)၊ မတရားအသင်းဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ၊ ရာဇသတ်ကြီးမှာရှိတဲ့ အသေရေဖျက်မှုဆိုင်ရာ ပုဒ်မ ၅၀၀၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ဆိုင်တဲ့ ပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြစ်ပါတယ်။

ဒါကြောင့် အခု ရင်ဆိုင်နေရတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်ပေးဖို့နဲ့ စာနယ်ဇင်းတာဝန်တွေလုပ်ရင်း အကျဉ်းကျခံနေရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား (၄၅) ဦးကို အမြန်လွှတ်ပေးဖို့ တောင်းဆိုသွားမယ်လို့ Action Committee for Democracy Development (ACDD) က စည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္စာရွှန်းလဲ့ရည်က ဘီဘီစီကို ပြောပါတယ်။

" အကျဉ်းဦးစီးဌာနဘက်ကတော့ သူတို့ဖမ်းထားတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသားမရှိပါလို့ ငြင်းချက်ထုတ်ထားတယ်။ ဒီလိုမျိုး ငြင်းချက်ထုတ်ထားတာကတော့ အရင်က အစိုးရလက်ထက်ကလည်း ငြင်းချက်ထုတ်ထားတာလေ။ အရပ်ဘက်အဖွဲ့အစည်းတွေကော အန်အယ်လ်ဒီကိုယ်တိုင်ကော နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ တစိုက်မတ်မတ် အငြင်းခုန်ဖြစ်လာရတာ အခုမှ မဟုတ်ပါဘူး" မသဉ္စာရွှန်းလဲ့ရည်က ပြောပါတယ်။

ဒါပေမယ့် ခုထပ်ပြီး အကျဉ်းဦးစီးဘက်က နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ထုတ်ပြန်ခဲ့တာဟာ အကျဉ်းဦးစီးဌာန အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ရပ်တည်ချက်တွေ၊ အမြင်တွေက ဒီမိုကရေစီနိုင်ငံနဲ့ အံဝင်ဂွင်ကျ မဖြစ်ဘူးလို့ သတ်မှတ်ရမယ်လို့ သူက ဆိုပါတယ်။

အကျဉ်းဦးစီးဘက်က အခုလို ထုတ်ပြန်ပေမယ့် လက်ရှိအစိုးရကိုယ်တိုင် သူတို့ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့တော့ အစိုးရကို ချဉ်းကပ်တောင်းဆိုရင် ပိုပြီး သက်ရောက်မှုရှိမယ် ယုံကြည်တာကြောင့် သမ္မတကြီးနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဆက်လက် တောင်းဆိုသွားကြဖို့ ရှိတယ်လို့ မသဉ္စာရွှန်းလဲ့ရည်က သူ့အမြင်ကို ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုက်တာ သတင်းထောက် အင်းစိန် တရားရုံးမှာ ရုံးထုတ်လာစဉ်

NLD အစိုးရနဲ့ နိုင်ငံရေးအကျဉ်းသား

သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ထဲ ပါမလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး၊ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ ပါဝင်ပါတယ်။

အရင်စစ်အစိုးရခေတ်ကလည်း အခုလို နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်သွင်းအကျဉ်းချထားတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နာမည်ကြီး နိုင်ငံရေး အကျဉ်းသားတွေနဲ့ နိုင်ငံရေးပုဒ်မ နဲ့ ပြစ်ဒဏ် ကျခံသူတွေကို လွှတ်ပေးခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ဖိအားတွေ လျော့ကျခဲ့ပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သက်လို့ NHK ဂျပန်သတင်းဌာနနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူးမှာ ရိုက်တာသတင်းထောက် နှစ်ဦးဟာ ရခိုင်ပြည်နယ် သတင်းလိုက်လို့ အဖမ်းခံရတာ မဟုတ်ပဲ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်ခဲ့လို့ အဖမ်းခံရတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာသတင်းထောက်တွေ အယူခံ အမြင့်ဆုံးတရားရုံးက ပယ်ချ

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုဟာ ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်စားနေတဲ့ နိုင်ငံရေး အမှုတစ်ခုဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ နိုင်ငံတကာက NLD အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့ အမှု တစ်ခုလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်နဲ့ တခြားအခြေခံလူ့အခွင့်အရေးတွေကို နိုင်ငံတကာစံချိန်စံနှုန်းနဲ့အညီ ကျင့်သုံးဖို့နဲ့ ဒီအခွင့်အရေးတွေ တောင်းဆိုလို့ ပြစ်ဒဏ်ပေးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။

ရိုက်တာအမှုအပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်တွေထဲမှာ ရှိနေသေးတာဟာ NLD အစိုးရဘက်က အရေးတယူ ဖြေရှင်းရမယ့် ကိစ္စတစ်ခုဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာ သတင်းထောက်တွေ လွှတ်ပေးဖို့ တောင်းဆို