အပစ်ရပ်ကာလ နှစ်လထပ်တိုးလိုက်ပြီလို့ တပ်မတော်ပြော

အေအေနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ရခိုင်ဒေသကိုတော့ ဆက်ချန်ထားခဲ့ ဓာတ်ပုံ မူပိုင် AFP
Image caption အေအေနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ရခိုင်ဒေသကိုတော့ ဆက်ချန်ထားခဲ့

ကချင်နဲ့ ရှမ်းပြည်နယ်အခြေစိုက် စစ်တိုင်းဌာနချုပ်နယ်မြေ ၅ ခုမှာ တပ်မတော်က ကြေညာထားတဲ့ ၄ လ တာ အပစ်ရပ်ကာလဟာ ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးသွားပြီးနောက် ဇွန်လ ၃၀ ရက်အထိ သက်တမ်းနှစ်လ ထပ်တိုးလိုက်ပါတယ်။

အဲဒီလို သက်တမ်းတိုးတာနဲ့ပတ်သက်ပြီး ဘီဘီစီရဲ့ မေးမြန်းချက်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုပါတယ်။

မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်၊ အရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေတွေမှာ ၄ လ ကြာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို မလုပ်တော့ဘူးဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တပ်မတော်က ကြေညာချက်ထုတ်ပြန်ထားခဲ့တာပါ။ အခုသက်တမ်းတိုးရာမှာ အေအေနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ရခိုင်ဒေသကိုတော့ ဆက်ချန်ထားခဲ့ပါတယ်။

ဒီလို သက်တမ်းတိုးနိုင်ဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ တို့ဟာ ဧပြီလ ၃၀ ရက်နေ့မှာပဲ မူဆယ်မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ ဆွေးနွေးပွဲရလဒ်အပေါ် မူတည်ပြီး အပစ်ရပ်ကာလ ထပ်တိုးသင့်မသင့် ဆုံးဖြတ်မယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အစောပိုင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

မူဆယ်ဆွေးနွေးပွဲကို အစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး၊ ကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေတို့ တက်ရောက်ခဲ့ပြီး ကချင် KIO၊ တအောင်း TNLA၊ ရခိုင် AA နဲ့ ကိုးကန့် MNDAA တို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး လာမယ့် မေလမှာ ထပ်မံတွေ့ဆုံပြီး ဆွေးနွေးကြဖို့တွေလည်း သဘောတူခဲ့ကြပါတယ်။

တပ်မတော်က တိုက်ပွဲတွေလျှော့ချဖို့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ လမ်းစဉ်နဲ့လည်း သွားနေပြီး လာမယ့် ၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်နိုင်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
Image caption ပလက်ဝ အပါအဝင် ချင်းပြည်နယ်က နေရာ တချို့မှာ AA အဖွဲ့ လှုပ်ရှား

ဒါပေမဲ့ အပစ်ရပ်စစ်တိုင်းတွေထဲမပါတဲ့ ရခိုင်မှာတော့ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြား တိုက်ပွဲတွေဟာ အပြင်းအထန်ဖြစ်ပွားနေပြီး တိုက်ပွဲတွေမှာ တပ်မတော်ဘက်က Multiple Rocket Launcher System (MRLS) လို့ ခေါ်တဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ အတွဲလိုက်ဒုံးတွေ သုံးပြီး ပစ်ခတ်တိုက်ခိုက်တဲ့အထိ ရှိခဲ့ပါတယ်။

'ကျွန်တော်တို့ ၁ ကြိမ် သုံးခဲ့ဖူးပါတယ်၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ကြား ရေဆိုးချောင်း ကျေးရွာအရှေ့ဘက် ဘူးသီးတောင်နဲ့ ၁၀ ခန့်အကွာက လောရမတောင်တန်းတွေအနီး ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာပါ၊ အကြောင်းက AA က အဲ့ဒီဒေသတဝိုက်မှာ တပ်စခန်းတွေ လာချနေလို့ပါ' လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

AA ကတော့ လတ်တလောမှာ တပ်မတော်ဘက်ကနေ ရခိုင်ပြည်နယ်မှာသာမက ချင်းပြည်နယ်၊ မတူပီကနေ ပလက်ဝအထိ တပ်အင်အားတွေ တိုးချလာနေတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ပြောထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အခု မူဆယ်အစည်းအဝေးမှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ကိုယ်စားလှယ်တွေက မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကို တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့ပြီး မြောက်ပိုင်းအဖွဲ့တွေကတော့ တစ်ဖွဲ့ချင်းစီနဲ့ နှစ်ဘက်နားလည်မှု သဘောတူစာချုပ် လက်မှတ်ထိုးဖို့ အဆိုပြုခဲ့တယ်လို့ NRPC အဖွဲ့က အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၃၀ ရက်နေ့မှာ ကုန်ဆုံးသွားပြီဖြစ်တဲ့ တပ်မတော်ရဲ့ ၄ လတာ အပစ်ရပ်ကာလကိုလည်း သက်တမ်းထပ်တိုးဖို့ မြောက်ပိုင်းအဖွဲ့တွေက တောင်းဆိုခဲ့ပြီး နောက်ထပ် ညှိနှိုင်းဆွေးနွေးဖို့ မေလ ပထမပတ်မှာ ပြန်တွေ့ကြဖို့လည်း သဘောတူခဲ့ကြပါတယ်။