လျှပ်စစ်မီးပြဿနာ- ၂ဝ၃ဝ တနိုင်ငံလုံး မီးလင်းရေး ဘယ်လောက် လက်တွေ့ကျလဲ

လျှပ်စစ် ဓာတ်ပုံ မူပိုင် World Bank
Image caption လူတစ်ရာမှာ ၃ဝ သာ လျှပ်စစ်မီးရပြီး အရှေ့တောင်အာရှမှာ အနည်းဆုံး

လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ဆိုရင် ရေအားလျှပ်စစ် စက်ရုံတွေကို အကြီးစား ပြင်ဆင်ဖို့ လိုတယ်ဆိုပြီး မေလ ၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနက ပြောလာပါတယ်။

စက်ရုံ ၅ ရုံ အတွက် လိုအပ်တဲ့ ပြင်ဆင်စရိတ်ကို ပြင်သစ်ကနေနဲ့ ချေးခွင့်ပေးဖို့ လျှပ်စစ်နဲ့စွမ်းအင် ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို တောင်းခံတာ ဖြစ်ပါတယ်။

အနည်းဆုံး ၁ဝနှစ် တစ်ကြိမ် အကြီးစား ပြင်ဆင်တာတွေ လုပ်သင့်ပေမယ့် တချို့ စက်ရုံတွေ ဆိုရင် အနှစ် ၃ဝ ကျော် မောင်းထားတဲ့ စက်တွေကို သုံးနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီးပြတ်တဲ့ ပြဿနာကို အစိုးရက ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ လွှတ်တော်ရဲ့ မေးခွန်းထုတ်မှုကို ဘတ်ဂျက်တွေ မဖြတ်ပဲ ချပေးပါလို့ ဒေါက်တာ ထွန်းနိုင်က ဖြေဆိုခဲ့ပြီး ရက်ပိုင်းမှာပဲ ခုလို နိုင်ငံခြားကနေ ငွေချေးခွင့် ပေးဖို့ ဒေါက်တာထွန်းနိုင်က တောင်းခံတာ ဖြစ်ပါတယ်။

မှန်းသလောက် တိုးမထုတ်နိုင်

၂ဝ၁၈ က ထုတ်ခဲ့တဲ့ ၃၃ဝဝ မီဂါဝပ် ဆိုတဲ့ လျှပ်စစ် ပမာဏထက် အနည်းဆုံး ၁၅ % လောက် တိုးပြီး ထုတ်နိုင်ရင် ၂ဝ၁၉ နွေရာသီ အတွက် လျှပ်စစ်လိုအပ်ချက် ပြည့်မီနိုင်တယ် ဆိုပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေ တွက်ဆ ထားခဲ့ပါတယ်။

လက်တွေ့မှာ ပြည့်မီအောင် မထုတ်နိုင်ခဲ့ပါဘူး။ တိုးထုတ်နိုင်တဲ့ ပမာဏ မီဂါဝပ် ၁၃ဝ နီးပါး ရှိခဲ့လို့ ၂ဝ၁၉ နွေရာသီမှာ ရန်ကုန်၊ မန္တလေး မြန်မာနိုင်ငံ အထက်အောက် မီးပြတ်တဲ့ဒဏ် အတော်လေး ခံရပါတယ်။

ဓာတ်ပုံ မူပိုင် Myanmae Investment Forum
Image caption အသုံးစရိတ် ဘတ်ဂျက် မလုံလောက်တာလည်း ပြဿနာတစ်ခု။

အစိုးရ ဘယ်လို စီမံကိုင်တွယ်နေလဲ ဆိုတာကို လွှတ်တော်ထဲ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် ဖြေတုန်းက ဆည်ရေတွေနည်းလို့ လျှပ်စစ် လုံလောက်အောင် မထုတ်နိုင်ဘူး ဆိုတဲ့ အချက်ကို အခြေခံ ပြဿနာ အနေနဲ့ ပြောခဲ့ပါတယ်။ ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ အပိုင်းမှာတော့ ဘတ်ဂျက် မဖြတ်နဲ့ ဆိုပြီး လွှတ်တော်ကို တန်ပြန် တောင်းဆိုပါတယ်။

ပြည်သူ့လွှတ်တော် လျှပ်စစ်နဲ့ စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးနေမျိုးထက်ကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာနက တောင်းတဲ့ ဘတ်ဂျက်ဆိုရင် လွှတ်တော်ဘက်က ဖြတ်တောက် တာမျိုး မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဘတ်ဂျက် လျာထားချက် လွှတ်တော်ကို ရောက်မလာခင် စီမံဘဏ္ဍာ ဝန်ကြီးဌာနက အရင် စိစစ်တာမျိုး လုပ်တာကြောင့် အဲဒီ အဆင့်မှာ လျှပ်စစ် စွမ်းအင်ဘက်က လိုချင်သလောက် ဘတ်ဂျက် အသုံးစရိတ် မရတာမျိုး ဖြစ်နိုင်တယ်လို့လည်း ဦးနေမျိုးထက်က ဆိုပါတယ်။

ရေအားလျှပ်စစ် အပေါ် အဓိက အားထား နေရမှုကို လျှော့ချသင့်ပြီး၊ တခြား အရင်းအမြစ်တွေ ကနေ လျှပ်စစ် ပမာဏ တိုးထုတ်နိုင်ဖို့ လုပ်ဆောင်သင့်တယ်လို့ ဦးနေမျိုးထက်က ပြောပါတယ်။

မိုးတွင်းမှာ ဆည်ရေကို ကြိုလှောင်မထားနိုင်ဘူးလား

ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်ထဲ ပြောခဲ့တာထဲ နွေရာသီ လိုအပ်ချက်တွေကို တွက်ဆပြီး တမံတွေမှာ ရေတွေပို သိုလှောင်ထားတာမျိုး စီမံခဲ့တယ် ဆိုတဲ့ အချက်ပါဝင်ပါတယ်။

လက်ရှိ အစိုးရ ၃ နှစ်တာ ကာလ အတွင်းမှာ ရေအားလျှပ်စစ်ထုတ် စက်ရုံ အသစ်ဆိုတာမျိုး ထပ်ရှိမလာပေမယ့်၊ ရှိလက်စ စက်ရုံတွေကနေ လျှပ်စစ်ပမာဏ တောက်လျှောက် တိုးပြီး ထုတ်နိုင်ခဲ့တယ်လို့ ဒုဝန်ကြီးက ကိန်းဂဏန်း၊ ရုပ်ပုံကားချပ် အကိုးအကားတွေနဲ့ လွှတ်တော်ကို ပြောခဲ့ပါတယ်။

နွေအတွက်ကြိုပြီး ရေလှောင်ထားပေမယ့် ဆည်တမံတွေ ဝန်းကျင်က ဒေသခံတွေ လိုအပ်ချက်နဲ့ အညီ ဆည်ရေအမြင့်ကို ချပေးရတာမျိုး၊ နွေစပါးစိုက်တဲ့ လယ်ကွင်းတွေ အတွက် ရေထုတ် ပေးရတာမျိုး လိုက်လျောရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီလိုလိုက်လျောမှုတွေဟာလည်း လျှပ်စစ်ထုတ်နိုင်တဲ့ ပမာဏကို ကျဆင်းစေတယ်ဆိုပြီး ဒုဝန်ကြီးက ပြောတာဖြစ်ပါတယ်။ လက်တွေ့မှာလည်း ဧပြီလအတွင်း အပူချိန် စံချိန်တင်အောင် မြင့်နေချိန်တွေမှာ မီးလည်းပြတ်တဲ့ ဒဏ်ကိုပါ ရန်ကုန်၊ မန္တလေးက လူတွေ အကြီးအကျယ် ခံခဲ့ရပြီး သူတို့ရဲ့ ငြီးတွားသံ၊ ဝေဖန်သံတွေ လူမှုကွန်ရက်တွေပေါ် လွှမ်းမိုး နေခဲ့ပါတယ်။

ဆည်ရေပေါ် မမှီခိုရတဲ့ တခြား စွမ်းအင် အရင်းအမြစ်တွေ အသုံးပြုတဲ့ လျှပ်စစ်ထုတ် စက်ရုံတွေလည်း တိုးချဲ့သင့်တယ် ဆိုတဲ့ ပညာရပ်ပိုင်း အကြံပြုချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

မြင်းခြံ၊ သထုံနဲ့ ကျောက်ဆည်လို နေရာတွေမှာ အခု အစိုးရလက်ထက် သဘာဝဓာတ်ငွေ့သုံး စက်ရုံသစ်တွေ ဖွင့်လှစ် လည်ပတ်နိုင်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်မှု အများစုဟာ ရေအားလျှပ်စစ် ဆီက ရတာ ဖြစ်တဲ့ အတွက်၊ ရေအားလျှပ်စစ်ထုတ်လုပ်မှု ကျတာနဲ့ လျှပ်စစ်လိုအပ်ချက် ပြည့်မှီအောင် မဖြည့်နိုင်ပဲ၊ မီးပြတ်တဲ့ ပြဿနာ ပေါ်ပေါက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption နေပြည်တော်နားက ပေါင်းလောင်းဆည်

ရေအားလျှပ်စစ်နဲ့ မြန်မာပြည်

လက်ရှိ အစိုးရလက်ထက် ၂ဝ၁၆ မှာ စွမ်းအင်နဲ့ ဆိုင်တဲ့ မဟာစီမံကိန်း နှစ်ရပ် ချမှတ်ထားပါတယ်။ လျှပ်စစ်ထုတ်လုပ်ရေးနဲ့ ထုတ်ထားတဲ့ လျှပ်စစ်တွေကို နိုင်ငံအနှံ့ ခွဲဝေ ဖြန့်ပေးရေး ဆိုတဲ့ လုပ်ငန်းစဉ် နှစ်ခုကို ခြုံငုံမိအောင် ကြိုးစားထားတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ ရည်မှန်းချက် အနှစ်ချုပ်ကတော့ ၂ဝ၃ဝ မှာ တတိုင်းပြည်လုံး မီးလင်းရေး ဖြစ်ပါတယ်။

အဲဒီ မဟာစီမံကိန်း အရလည်း ၂ဝ၃ဝ ရောက်တဲ့အခါ တခြား စွမ်းအင် အရင်းအမြစ်တွေကနေပါ လျှပ်စစ်တိုးထုတ်နိုင်တဲ့ အခြေအနေ ရရှိဖို့ ရည်မှန်းထားတာ တွေ့ရပါတယ်။

လျှပ်စစ် စွမ်းအင် ဝန်ကြီးဌာနရဲ့ တရားဝင် ကိန်းဂဏန်းတွေ အရ ၂ဝ၁၂ မှာ မြန်မာပြည်ရဲ့ လျှပ်စစ်ထုတ်လုပ်မှု ၇ဝ % ဟာ ရေအားလျှပ်စစ်က ရတာဖြစ်ပြီး၊ သဘာဝ ဓာတ်ငွေ့ကနေ ၂၈% ၊ ကျောက်မီးသွေးကနေ ၂% ရှိတယ်လို့ ဆိုပါတယ်။

အစိုးရ မဟာစီမံကိန်းအရ ၂ဝ၃ဝ မှာ ရေအားအပေါ် မှီခိုရတာ ၅၇ % ၊ သဘာဝဓာတ်ငွေ့ အပေါ် မှီခိုရတာ ၈% ဖြစ်ဖို့ ရည်ရွယ်ထားကို တွေ့ရပါတယ်။ ဒါ့ကြောင့် ကျောက်မီးသွေးနဲ့ နေရောင်ခြည် စွမ်းအင်တွေ ကနေ လျှပ်စစ် ပမာဏ ပိုတိုးထုတ်နိုင်ဖို့ စီမံကိန်း ချထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဟာ ရေအားကနေ အဓိက ထုတ်လုပ်နေတာ ဖြစ်ပြီး၊ နွေရာသီ မြစ်ရေ ချောင်းရေနည်းပြီး ဆည်ရေခမ်းတဲ့ ကာလရောက်တိုင်း မီးပြတ်တဲ့ ပြဿနာ တပါတည်း တွေ့ကြုံနေရတာ ဖြစ်ပါတယ်။

ရေအားလျှပ်စစ်ထုတ် စက်ရုံ ဘယ်လောက်ရှိနေလဲ

မြန်မာနိုင်ငံမှာ ၁ဝ မီဂါဝပ် အထက် ထုတ်နိုင်တဲ့ ရေအားလျှပ်စစ်ထုတ်စက်ရုံကြီး ၂၇ ရုံ၊ ၁ဝ မီဂါဝပ်အောက် စက်ရုံ ၃၅ ရုံ ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ ၂ဝ၁၇/၁၈ စစ်တမ်းတွေက ဆိုပါတယ်။

ပုဂ္ဂလိကကို ၁၀ မီဂါဝပ်အောက်ထုတ်တဲ့ လုပ်ငန်းမျိုးပဲ ခွင့်ပြုတာကြောင့် အကြီးစားစက်ရုံတွေဟာ အစိုးရပိုင် ပြည်သူပိုင် စက်ရုံတွေ ဖြစ်တယ်လို့ နားလည်ရပါတယ်။

ADB ရဲ့ ဆန်းစစ်ချက်အရ အဲဒီ ရေအားလျှပ်စစ် စက်ရုံတွေ စုစုပေါင်းကနေ မီဂါဝပ် ၃ ထောင် စွန်းစွန်း ထုတ်တယ်လို့ ဆိုပါတယ်။ ဓာတ်ငွေ့သုံး စက်ရုံပေါင်း ၂ဝ ကနေ မီဂါဝပ် ၁၈ဝဝ ကျော် ရပြီး၊ ရှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ တစ်ခုတည်းသော ကျောက်မီးသွေးသုံး စက်ရုံကနေ ၁၂ဝ မီဂါဝပ် ရပါတယ်။ ဒီတော့ လျှပ်စစ်ထုတ်နိုင်တဲ့ ပမာဏ စုစုပေါင်းဟာ ၃၃ဝဝ လောက် ရှိပြီး ၂ဝ၁၉ လိုအပ်ချက် ပြည့်မှီဖို့ဆို အနည်းဆုံး ၁၅ % တိုးထုတ်ဖို့ လိုတယ်ဆိုပြီး တွက်ဆ ထားခဲ့ပါတယ်။

အဓိပ္ပာယ်ကတော့ မီဂါဝပ် ၅ဝဝ လောက် တိုးထုတ်မှ ၂ဝ၁၉ နွေရာသီ မီးမပြတ်နိုင်မှာကို တွက်ဆ ထားခဲ့ပေမယ့် ပြည့်မီအောင် တိုးမြင့် မထုတ်နိုင်ခဲ့ပါဘူး။

ရှိလက်စ ရေအားလျှပ်စစ်စက်ရုံတချို့ကို မွမ်းမံပြင်ဆင်တဲ့ ဖြေရှင်းနည်း

မှီခိုနေရတဲ့ ရေအားလျှပ်စစ် စက်ရုံတွေထဲ မပြင်ဆင်ပဲ အနှစ် ၃ဝ ကျော်ထိအောင် မောင်းထားတဲ့ စက်မျိုးတွေ ရှိနေတဲ့ အတွက် စက်ချို့ယွင်းပြီး လျှပ်စစ်ထုတ်နိုင်စွမ်းလည်း ကျဆင်း ခဲ့တာလို့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး ဌာနဘက်က လွှတ်တော်ထဲ ပြောပါတယ်။

ပြင်ဆင်စရိတ်ရဖို့ ပြင်သစ် ဖွံ့ဖြိုးရေး အေဂျင်စီ AFD ဆီကနေ ယူရို ၃၅ သန်းခွဲကျော် ချေးယူခွင့် ပေးပါဆိုပြီးတော့လည်း ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်ကို တောင်းဆိုတာ ဖြစ်ပါတယ်။

ပဲခူးတိုင်းထဲက ရဲနွယ်နဲ့ ဇောင်းတူ၊ မကွေးတိုင်းထဲက မုန်း၊ မန္တလေးတိုင်းထဲက ကင်းတားနဲ့ စစ်ကိုင်းတိုင်းထဲ မှာရှိတဲ့ သဖန်းဆိပ် စတဲ့ ရေအားလျှပ်စစ် စက်ရုံ ၅ ရုံကို ပြင်သစ်အကူအညီနဲ့ ပြင်ဆင် မွမ်းမံဖို့ အစိုးရ ဝန်ကြီးဌာနက ရည်ရွယ်တာ ဖြစ်ပါတယ်။

အဲဒီလို ပြင်ဆင်နိုင်ရင် တစ်နှစ်ကို ကီလိုဝပ် သန်း ၂၅ဝ လောက် ဆုံးရှုံးနေတာ ပြန်ရလာနိုင်တယ်လို့ ဒေါက်တာထွန်းနိုင်က ဆိုပါတယ်။ ဒါဟာ အခုနှစ် လိုအပ်ချက်နဲ့ နှိုင်းယှဉ်ရင်ု အတော်လေး ဖြည့်ဆည်းပေးနိုင်တဲ့ ပမာဏမျိုး ဖြစ်ပါတယ်။

ဒါပေမယ့် ၅ နှစ် စီမံကိန်းလို့ ဆိုတာကြောင့် နောက် ၅ နှစ်မှ အသီးအပွင့် အပြည့်အဝ ခံစားလာရဖို့ မျှော်လင့်ရပြီး၊ ဒီ ၅ နှစ်တာ အတွင်းမှာ တိုင်းပြည်ရဲ့ လျှပ်စစ် လိုအပ်ချက် ပမာဏကလည်း ရပ်နေမှာ မဟုတ်ပဲ တစ်နှစ်ထက် တစ်နှစ် တိုးလာနေပါတယ်။ ၂ဝဝဝပြည့်ကျော် နှစ်တွေကစပြီး မြန်မာနိုင်ငံမှာ လျှပ်စစ်သုံးစွဲအား နှစ်စဉ် အနည်းဆုံး ၁ဝ % နီးပါး တိုးလာ နေတယ်လို့ ADB စစ်တမ်းတွေက ဆိုပါတယ်။

ဆောက်လက်စ လျှပ်စစ်ထုတ် စက်ရုံတွေရော ရှိလား

ရေအားလျှပ်စစ်ရုံသစ်တွေ ဆောက်ဖို့ စီမံကိန်းသစ်တွေ ၅၁ ခု ရှိပြီး အဲဒီထဲက တည်ဆောက်လက်စ ၇ ခု ရှိပါတယ်။ အဲဒီ စီမံကိန်း ၅၁ ခုကနေ မီဂါဝပ် ၄၆ဝဝဝ ရနိုင်တယ်လို့ တွက်ဆ ထားပါတယ်။ ဒါဟာ လက်ရှိ ရေအားလျှပ်စစ် ပမာဏထက် ၁၅ ဆ ပိုရမှာ ဖြစ်တယ်လို့ စာရွက်ပေါ်မှာတော့ အဖြေထွက်ပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်တဲ့ ရေအား လျှပ်စစ်စက်ရုံ စီမံကိန်း အများစုဟာ တရုတ် ကုမ္ပဏီတွေဖြစ်ပြီး အနည်းဆုံး အနှစ် ၄ဝ လုပ်ပိုင်ခွင့် ပေးရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံထဲ အခြေစိုက်တဲ့ အီးယူကုန်သွယ်ရေး အဖွဲ့ EUROCHAM ရဲ့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် စီမံကိန်းတွေကနေ ထုတ်လုပ်မယ့် လျှပ်စစ်တွေဟာ တရုတ်ပြည်ကို ပြန်ပို့ဖို့ ဆိုရင် မြန်မာ ပြည်တွင်းသုံး ဖြစ်လာမှာ မဟုတ်ပါဘူး။

Image caption မြင်းခြံနယ်ထဲက IPP ပုဂ္ဂလိကပိုင် ဓာတ်ငွေ့သုံး စက်ရုံ

သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာ၊ ဒေသခံတွေ ထိခိုက်နစ်နာမှုတွေ ရှိတာတွေ အပေါ် မူတည်ပြီး အပြင်းအထန် ကန့်ကွက်ခံနေရတဲ့ စီမံကိန်းတွေလည်း ရှိနေတဲ့ အတွက် တကယ်တမ်း အကောင်အထည် မဖော်နိုင် ဖြစ်နေတဲ့ နေရာတွေ ရှိနေပြီး နှောင့်နှေးမှုတွေလည်း ရှိပါတယ်။

ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိတဲ့ ကမ္ဘာ့ နိုင်ငံ ၅ နိုင်ငံထဲ မြန်မာနိုင်ငံ ပါဝင် နေတယ်လို့ EUROCHAM အဖွဲ့က ဆိုပါတယ်။ ချမှတ်ပြီး စီမံကိန်း ၅၁ ခု သာမက၊ ရေအားလျှပ်စစ်ထုတ်ဖို့ ဖြစ်နိုင်ခြေ ရှိတဲ့ နေရာပေါင်း ၃ဝဝ ကျော် ရှိတယ်လို့လည်း သူတို့ရဲ့ ၂ဝ၁၈ အစီရင်ခံစာထဲ ပြောထားပါတယ်။

ဒါ့ကြောင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက်ရေး ဆန်းစစ် ထိန်းချုပ်မှုတွေ၊ အာမခံချက်တွေ ပေးနိုင်ပြီး ဒေသခံတွေလည်း သဘောတူနှစ်လိုမယ့် စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်ရင်တော့ ရေအားကနေ လျှပ်စစ်တွေ ပိုပြီး ထုတ်လာနိုင်တဲ့ အခွင့်အလမ်း ရှိနေပါတယ်။

၂ဝ၃ဝ တနိုင်ငံလုံး မီးလင်းရေး မဟာစီမံကိန်းမှာ ကျောက်မီးသွေးနဲ့ နေရောင်ခြည်လို ရင်းမြစ်တွေကနေ စွမ်းအင် ပိုထုတ်နိုင်ဖို့ ရည်ရွယ်ထားတာ တွေ့ရပေမယ့်၊ ရေအား အပေါ် ၅၇ % အထိ မှီခိုမယ်လို့ ဆိုထားတဲ့ အတွက် လျှပ်စစ် ထုတ်လုပ်မှု ပမာဏ ထက်ဝက်ကျော်ကို ရေအားကနေ ဆက်လက် ရရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

System Breakdown နဲ့ ပြည်တွင်းစစ်

ဘာ့ကြောင့် မီးပြတ်ရတာလည်း ဆိုတဲ့ အကြောင်းခံတွေထဲမှာ ထရန်စဖော်မာလို့ ခေါ်တဲ့ ဓာတ်အား ပင်မလိုင်းကလာတဲ့ လျှပ်စစ်ဓာတ်အားတွေကို လူတွေအိမ်ထဲ အသုံးပြုနိုင်တဲ့ ဗို့အားဖြစ်အောင် ပြောင်းပေးတဲ့ ပစ္စည်း ပေါက်ကွဲတာ၊ မြေအောက်ကြိုးတွေ ပေါက်တာ၊ System Breakdown ဖြစ်တာ စသဖြင့် ရပ်ကွက်ထဲ လူတွေ နားယဉ်နေနှင့်ပြီး အကြောင်းတွေ ရှိပါတယ်။

System Breakdown ဘာ့ကြောင့် ဖြစ်ရလဲ ဆိုပြီး ဒေါက်တာထွန်းနိုင် လွှတ်တော်ကို ရှင်းပြ ခဲ့တဲ့ အထဲ ပြည်တွင်းစစ် ရိုတ်ခတ်ခံရတဲ့ ပြဿနာလည်း ပါဝင်ပါတယ်။ ဒေါက်တာထွန်းနိုင် ပေးခဲ့တဲ့ ဥပမာတွေထဲ တိုက်ပွဲတွေ ရှိနေခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်ထဲ ဓာတ်အားလိုင်းတွေ လက်နက်ကြီးကျည် ထိပြီး ပြတ်တာမျိုးတွေ ဖြစ်ခဲ့ကြောင်း ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် ADB
Image caption ကြိုးသစ်တွေ သွယ်ဖို့ ကမ္ဘာ့ဘဏ်က ချေးငွေပေး

တောမီးလောင်တာမျိုးလို သဘာဝဘေးကလည်း ဓာတ်အားပေး ဂရစ် (grid)လိုင်းတွေကို အန္တရာယ်ဖြစ်စေပါတယ်။ ဒီ ကြိုးတွေရဲ့ သက်တမ်း ကြာမြင့် ဟောင်းနွမ်းမှုတွေကြောင့် မိုင်ရှည်ခရီးဝေး ချိတ်ဆက်သွယ်တန်းရာမှာ ပေးပို့တဲ့ ဓာတ်အားတွေ အလေအလွင့် အဆုံးအရှုံး များစေတယ်ဆိုပြီး အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာတွေထဲ ထောက်ပြလေ့ ရှိပါတယ်။

ဒီလို လျှပ်စစ်နဲ့ ဆိုင်တဲ့ ဂရစ်ကြိုး အသစ်တွေ သွယ်တန်းဖို့ရာလည်း ကမ္ဘာ့ဘဏ်က ချေးငွ ဒေါ်လာ သန်း ၄ဝဝ ရထားပါတယ်။ ကမ္ဘာ့ဘဏ်က ဘဏ္ဍာရေး ဖြည့်ဆည်းပေးတဲ့ အဲဒီ စီမံကိန်းဟာ ကျေးလက် ဖွံ့ဖြိုးရေးကို အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အရင်က လျှပ်စစ်မီးကြိုး မရောက်ခဲ့တဲ့ ဝေးလံခေါင်သီတဲ့ အရပ်တချို့ကို ဓာတ်အားပေး ကြိုးလိုင်းသစ်တွေ သွယ်တန်းနိုင်လာတာမျိုး တိုးတက်မှုတွေ ရှိလာပေမယ့်၊ အဲဒီ ကြိုးသစ်တွေထဲ ထည့်ပေးဖို့ လျှပ်စစ်လုံလုံလောက်လောက် ထုတ်မပေးနိုင်ရင် ရွာတွေ မီးလင်းရေး အလှမ်းဝေးနေဦးမှာပဲ ဆိုပြီး ထုတ်လုပ်မှု မြှင့်တင်ရေး တိုက်တွန်းသူတွေက ထောက်ပြ ကြပါတယ်။

တနိုင်ငံလုံး မီးလင်းရေး ဘယ်လောက် အားထုတ်ရမလဲ

လျှပ်စစ်နဲ့ ပတ်သက်တဲ့ အစိုးရရဲ့ မဟာစီမံကိန်းတွေဟာ ၂ဝ၃ဝ တနိုင်ငံလုံး မီးလင်းရေး ဆိုတဲ့ ရည်မှန်းချက် မတိုင်ခင် ၂ဝ၂ဝ မှာ ၅ဝ% တော့ လျှပ်စစ်မီး ရရမယ်ဆိုပြီး သတ်မှတ် ထားပါတယ်။

နိုင်ငံတော် ဓာတ်အားပေးလိုင်း မရောက်တဲ့၊ အစိုးရ ဓာတ်အားပေးလိုင်း တွေရဲ့ အကျိုးကျေးဇူးတွေကို မခံစားရတဲ့ အရေအတွက်ဟာ တနိုင်ငံလုံး လူဦးရေရဲ့ ၆၅ ကနေ ၇ဝ ရာခိုင်နှုန်းကြား ရှိနိုင်တယ်လို့ နိုင်ငံတကာ စစ်တမ်းတွေက ဖော်ပြ နေပါတယ်။ အဓိပ္ပာယ်ဟာ လူ အယောက် ၁ဝဝ မှာ ၃ဝ ဝန်းကျင်ပဲ မီးရနေတာ ဖြစ်ပါတယ်။ ဒါဟာ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာကို အနည်းဆုံး ဖြစ်နေတဲ့ အနေအထား ဖြစ်ပါတယ်။

လျှပ်စစ်ထုတ်လုပ်မှု ပမာဏရဲ့ ထက်ဝက်ကို ရန်ကုန်တိုင်းက သုံးစွဲတာဖြစ်ပြီး၊ မန္တလေးက ၁၈% နီးပါး သုံးစွဲတယ်လို့ အစိုးရက ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေ အရ သိရပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေကတော့ တခြား နေရာတွေနဲ့ နှိုင်းယှဉ်ရင် အင်မတန် နည်းပါးနေတာ တွေ့ရပါတယ်။

လျှပ်စစ်မီးတွေ သုံးနေတဲ့ နေရာဒေသတွေမှာတော့ တစ်နှစ်ထက်တစ်နှစ် ဓာတ်အား ပမာဏ လိုအပ်ချက်တွေ တိုးမြင့်လာနေတာကြောင့်၊ မီးပြတ်တယ်ဆိုတဲ့ ပြဿနာဟာ အဲဒီ ပမာဏကို ပြည့်မီအောင် မဖြည့်ဆည်း နိုင်တဲ့ ပြဿနာဖြစ်ပါတယ်။

ဒါ့ကြောင့် လျှပ်စစ်မီး မရောက်သေးတဲ့ နေရာတွေကို လျှပ်စစ် ပို့ပေးနိုင်ဖို့၊ တခါ လျှပ်စစ် ရောက်ပြီး နေရာတွေမှာလည်း ပြည့်မီအောင် ဖြည့်ဆည်းပေးဖို့ ဆိုတာတွေကို ကိုင်တွယ် ဖြေရှင်းရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် တရုတ်အကြီးစားစက်မှုလုပ်ငန်းကုမ္ပဏီ
Image caption တီကျစ်မှာရှိတဲ့ တစ်ခုတည်းသော ကျောက်မီးသွေးသုံး ဓာတ်အားထုတ်စက်ရုံ

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် စတာတွေရဲ့ စစ်တမ်းတွေကို မူတည်ပြီး အီကောနောမစ် ဆိုတဲ့ လန်ဒန် အခြေစိုက် နာမည်ကြီး မဂ္ဂဇင်းကလည်း မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အဦ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အထူး အစီရင်ခံစာ သဘောမျိုး ရေးသားပါတယ်။

အီကောနောမစ် မဂ္ဂဇင်းရဲ့ အထူး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးဖို့ အဓိက အဟန့်အတား ဖြစ်နေတာဟာ သက်ဆိုင်ရာ အစိုးရ ယန္တရားတွေဆီမှာ လုံလောက်တဲ့ လုပ်ငန်း အတွေ့အကြုံနဲ့ စွမ်းဆောင်နိုင်ရည် ချို့တဲ့လို့ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

အီကောနောမစ်က အဓိက ထောက်ပြတာကတော့ စွမ်းအင်ကဏ္ဍမှာ ပြည်ပက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး အတူလက်တွဲ အလုပ်လုပ်တဲ့ PPP အများပိုင်-ပုဂ္ဂလိပိုင်-ပူးပေါင်းဆောင်ရွက်ရေးတွေ ဖော်ဆောင်ဖို့ရာ အတွေ့အကြုံ နည်းလွန်းလှတယ်လို့ ဆိုထားပါတယ်။

ချည်းကပ်လာကြတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ သက်ဆိုင်ရအစိုးရဌာနကြား ကိုယ်စီထားရှိ နေတဲ့ လိုလားချက်တွေဟာ သဟဇာတမဖြစ်ပဲ အတော်လေး ကွဲလွဲနေတာ တွေ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

နှစ်ရှည်လများ ရင်းနှီးမြှုပ်နှံရမယ့် လုပ်ငန်း ကိစ္စတွေမှာ အစိုးရဆီက အာမခံချက် တစုံတရာ ရဖို့ ကုမ္ပဏီတွေ မျှော်လင့်ကြသလို၊ အစိုးရဘက်ကလည်း အာမခံချက် ပေးတာမျိုး လုပ်ဖို့ တွန့်ဆုတ်ပြီး စီမံခန့်ခွဲရေးတွေမှာ ပိုပြီး ပါဝင်ပတ်သက်လိုတဲ့ သဘောမျိုးတွေ ရှိတယ်လို့ အီကောနောမစ် မဂ္ဂဇင်းက ဆိုပါတယ်။

၂ဝ၃ဝ တနိုင်ငံလုံး မီးလင်းရေးဟာ မပြည့်မှီနိုင်တဲ့ ရည်မှန်းချက်လို့တော့ မဆိုလိုပဲ၊ တကယ်လို့သာ အစိုးရနဲ့ မဆိုင်တဲ့ သီးခြား လွတ်လပ်တဲ့ စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်း IPP တွေ ပေါ်ပေါက်လာအောင် လုပ်ပေးနိုင်ရင်၊ တခါ စွမ်းအင် အရင်းအမြစ် တစ်ခုတည်းမက အမျိုးအစား အစုံ အပေါ်မှာပါ မှီခိုမှု မြှင့်တင် နိုင်ရင်တော့ ၂ဝ၃ဝ မှာ တနိုင်ငံလုံး မီးလင်းရေး ဖြစ်နိုင်ပါတယ်လို့ အီကောနောမစ်က သုံးသပ်ထားပါတယ်။