မြစ်ဆုံစီမံကိန်းမှာ တရုတ်နဲ့ချုပ်ထားတဲ့ စာချုပ်ပါ အချက်အလက်တွေ - လျှပ်စစ်ဒုဝန်ကြီးဟောင်းနဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း

လျှပ်စစ်ဒုဝန်ကြီးဟောင်း ဦးမော်သာထွေး ဓာတ်ပုံ မူပိုင် U Maw Thar Htwe
Image caption "နိုင်ငံတော်သမ္မတက စာချုပ်မှာ သြဇာလွှမ်းမိုးလို့ မရဘူး" - လျှပ်စစ်ဒုဝန်ကြီးဟောင်း ဦးမော်သာထွေး

မြစ်ဆုံစီမံကိန်းကို ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်က သူ့လက်ထက်မှာ ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရသစ်လက်ထက်မှာလည်း ဒီစီမံကိန်းကို ဆက်လုပ်မှာ လက်မခံနိုင်တဲ့အတွက် ကန့်ကွက်ဆန္ဒပြမှုတွေအပြင် တရုတ်က ကုန်ကျထားတဲ့စရိတ်တွေ ပြန်ပေးပြီး မြစ်ဆုံကို ပြန်ရွေးကြမယ်ဆိုတဲ့ လှုပ်ရှားမှုမျိုးတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီတော့ အဲဒီ မြစ်ဆုံစီမံကိန်း စာချုပ်ထဲမှာ ဘာတွေပါသလဲ။ ဘာလို့ စာချုပ်ပါအကြောင်းအရာကို ပြည်သူတွေကို အသိမပေးတာပါလဲ။ စီမံကိန်းကို ပြန်အလျော်ပေးပြီး ရွေးလို့ရော ဖြစ်နိုင်သလား။ မြစ်ဆုံစီမံကိန်း စာချုပ်ထဲက အချက်အလက်၊ အကြောင်းအရာတွေနဲ့ မြစ်ဆုံစီမံကိန်း အကြောင်းတွေကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှာ အရာရှိကြီးအဆင့်ကနေ ဒုဝန်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမော်သာထွေးကို ဘီဘီစီသတင်းထောက် မစိုးစိုးထွန်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

ဘီဘီစီ - မြစ်ဆုံစီမံကိန်းကို ဘယ်တုန်းက စပြီး အကောင်အထည်ဖော်ခဲ့ကြတာလဲ။

ဦးမော်သာထွေး- ၂၀၀၆ ခုနှစ်ကမှ စတာ။ ဘာမှ မလေ့လာဘဲနဲ့ ဆိုပြီး တချို့လည်း ပြောကြတာပေါ့ဗျာ။ တကယ်က ၂၀၀၆ ကတည်းက လေ့လာခဲ့တာ။ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ အထိ … အဲ့ဒီအချိန်မှာ ကျွန်တော်က ရုံးချုပ်မရောက်သေးဘူး။ နယ်မှာ ညွှန်ကြားရေးမှူးအဆင့်ပဲ ရှိသေးတယ်၊ အဲ့ဒီ လက်မှတ်ထိုးပွဲကြီးတွေ ကျင်းပတယ်ဆိုတာ သတင်းစာတွေထဲ ပါတယ်ပေါ့ဗျာ။ နှစ်နိုင်ငံ အကြီးအကဲတွေ ခရီးစဉ်တွေ လာတဲ့အချိန်တွေမှာ ထိုးကြတာပေါ့။ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ထိုးတာ။

အစက ၂၀၀၆ အောက်တိုဘာလ အစောပိုင်းတုန်းက China-Asean Exposition Summit ကို တက်ဖို့သွားတဲ့ ဝန်ကြီးချုပ် ဦးစိုးဝင်းရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်စီပီအိုင် ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တယ်။

ဒီနောက် ၂၀၀၆ နှစ်ကုန်ပိုင်း ဒီဇင်ဘာမှာ စီပီအိုင် ဒုဥက္ကဌ ကိုယ်တိုင် နေပြည်တော်ကိုလာခဲ့ပြီး အဲ့ဒီခရီးစဉ်မှာပဲ မေခ၊ မေလိခ နဲ့ မြစ်ဆုံပေါ်မှာ ရေအားလျှပ်စစ်ထုတ်ယူနိုင်မယ့် ဆည်တွေတည်ဆောက်ဖို့ ကနဦးအဆင့် Preliminary ဆန်းစစ်စူးစမ်း လေ့လာတိုင်းတာတဲ့ နှစ်ဖက်နားလည်မှုစာချွန်လွှာ MOU ကို လျှပ်စစ်အကောင်အထည်ဖော်ရေးဌာနက ညွှန်ချုပ် ဦးအောင်ကိုရွှေနဲ့ တရုတ် China Power Investment (CPI) တို့ လက်မှတ်ထိုးခဲ့ကြတယ်။

ပထမတခေါက် ထိုးလိုက်တဲ့အချိန်မှာ ဘာတွေပါလဲဆိုတော့ (သဘာဝ ဓာတ်ငွေ့တွေ သယ်ပို့မယ့်) ပိုက်လိုင်းကြီး လုပ်ဖို့ ကိစ္စတွေလည်း ပါရဲ့၊ နောက်တခြားသော နိုင်ငံတော်ထဲမှာ လုပ်မယ့် တာယာစက်ရုံတို့ ဘာတို့ ကိစ္စတွေလည်း ပါပါတယ်။

၂၀၀၉ ဇွန်မှာ ထိုးတာက ဒုတိယအဆင့်က စူးစမ်းခြင်းပြီးလို့ စီမံကိန်းလုပ်ဖို့အတွက် သဘောတူညီချက်စာချုပ် MOA လက်မှတ်ထိုးတာပါ။ အဲ့ဒါ ဘေဂျင်းမှာပါ။ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ တရုတ်ဒုသမ္မတ ရှီကျင့်ဖျင်တို့ ရှေ့မှောက်မှာ စီပီအိုင်ဥက္ကဌနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဦးသိန်းလွင်တို့ လက်မှတ်ထိုးခဲ့ကြတာ။ အဲ့ဒီခရီးစဉ်မှာ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ (လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) ဗိုလ်ချုပ်မင်းအောင်လှိုင်၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း တို့လည်း လိုက်ပါလာခဲ့ကြတယ်။

အဲ့ဒီတုန်းက ကျွန်တော်က နယ်မှာ ညွှန်ကြားရေးမှူးအဆင့်ပဲရှိသေးတယ်၊

၂၀၁၁ ဦးသိန်းစိန် အစိုးရသစ်ပေါ်လာတဲ့အချိန်မှာ ကျွန်တော်က ညွှန်ကြားရေးမှူးချုပ် ဖြစ်လာတယ်။ ၂၀၁၂ မှာ လျှပ်စစ် ၁ နဲ့ ၂ က ပေါင်းလိုက်တယ်။ ၂၀၁၃ မှာ ကျွန်တော့်ကို လျှပ်စစ်မှာ ဒုဝန်ကြီး အဖြစ် တာဝန် ပေးတယ်။

ဓာတ်ပုံ မူပိုင် EPA

ဘီဘီစီ - အဲဒီ MOA သဘောတူစာချုပ် မှာ ဘာတွေပါလဲ၊ ဘယ်လို သဘောတူညီချက်မျိုးတွေပါလဲ။ ဘာလို့ လူထုက ကြည့်ခွင့်မရတာလဲ။

ဦးမော်သာထွေး - ဘာမှ မဟုတ်ဘူး။ အဲ့ဒါ လူတိုင်းဖတ်လို့ရတယ်။ လူတိုင်းဖတ်လို့ရတဲ့ ကိစ္စကိုတောင်မှ ဘာလို့ ဖတ်ခွင့်မပေးတာလဲ ဆိုတော့… သူက တရားဝင်ပေးလို့ မရတာက ဒီစာချုပ်မှာ Third Party (တတိယပုဂ္ဂိုလ်/အဖွဲ့အစည်း)ကို အသိပေးမယ်ဆိုရင် သက်ဆိုင်ရာ နှစ်ယောက်ရဲ့ In Written (စာနဲ့ရေးပြီး) သဘောတူညီချက် ပါရမယ်ဆိုတာ ရှိတယ်။

Third Party ကို အသိပေးမယ်ဆိုရင် မင်း ငါ့ကို In Written အကြောင်းကြားချက်ရမှ ပေးပါကွာ၊ ဒါမျိုးပဲရှိမှာ၊ ကျွန်တော်သိတာတော့ ဒါပဲရှိမယ်၊ ဒါက ဌာနဆိုင်ရာ စာချုပ်အားလုံးနီးပါးမှာ ပါတယ်၊ အဲ့ဒီစကားလုံးက။ နောက်တခါ ပြဿနာဖြစ်လာရင် ဘယ်မှာ အဲ့ဒါကို အမှုရင်ဆိုင်မလဲဆိုတာ အမြဲတမ်းပါတယ်။ နောက်ဘယ်လိုဟာမျိုးကို ပြဿနာလို့ သတ်မှတ်မှာလဲပေါ့။

စီမံကိန်းရပ်သွားလောက်အောင် သတ်မှတ်မယ့် ပြဿနာရှိတယ်။ မသတ်မှတ်မယ့် ပြဿနာလည်း ရှိတယ်။ အဲ့ဒါမျိုးတွေမှာလည်း ဘယ်လိုညှိနှိုင်း ရမယ်ဆိုတဲ့ အသေးစိတ်ပါတယ်။ နှစ်ဘက် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက် ရမည်။ အဖြေရှာရမည်။ ရက်ပေါင်း ၃၀ ကြိုတင်အကြောင်းကြားရမည်။ ဒါမျိုးတွေပေါ့၊ ဥပမာ ကျွန်တော်တို့ ဆန္ဒပြပွဲတွေ တအားဖြစ်နေပြီ၊ ဒါဆို ဘာလုပ်ရမှာလဲ.. သူ့စာချုပ်အတိုင်းဆိုရင် ငါတို့ဒီဟာနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ကြဖို့လိုပြီ၊ ဆွေးနွေးကြမယ်၊ ညှိနှိုင်းအကြောင်းကြားမယ်။

အဲ့ဒီအတိုင်း ဆွေးနွေးရမှာ… အဲ့ဒီမှာ ဦးသိန်းစိန်က ရပ်လိုက်တယ်ပေါ့၊ တကယ်က ရပ်လိုက်လို့ မရဘူး။ သူ့မှာ ရပ်ခွင့်မရှိဘူး၊ နိုင်ငံတော်သမ္မတက စာချုပ်မှာ သြဇာလွှမ်းမိုးလို့ မရဘူး။ ဒါပေမဲ့ သူက သူ့လက်ထက်လို့ ပြောလိုက်တဲ့အတွက် သက်သာသွားတာ..

ဘီဘီစီ - မြစ်ဆုံ စာချုပ်အကြောင်းက လူတွေက သိချင်ကြတယ်၊ ဒါပေမယ့် တရားဝင်ထုတ်ပြောတာ မရှိတော့ ဘာတွေပါတယ်၊ ဘယ်လိုသဘောတူထားကြတယ်ဆိုတာ မသိရဘူး။ စာချုပ်ထဲမှာ ဘာတွေ ပါပါသေးလဲ။

ဦးမော်သာထွေး - အဓိကက ဘာလဲဆိုတော့ Concession Right - ဘယ်လောက်ကာလအထိ လုပ်ကိုင်ခွင့်ပေးမယ်၊ အသေးစိတ်ကတော့ Financial Analysis တစ်ခုပါမယ်၊ ငွေကြေးအရ ဘယ်လောက် ကုန်ကျရမယ်ဆိုတာ ပါမယ်။ အဲ့ဒီမှာ အသေးစိတ်တွက် တွက်ချက်မှု အကျဉ်းချုံးထားတဲ့ဟာတွေ ပါမယ်။ နောက်တခါ ဒီဟာအပေါ်မှာ ဓာတ်အားခနှုန်းထားကို ဘယ်လိုထားလို့ရှိရင် အရင်းကျေကာလ ဘယ်လောက်မှာ အရင်းကျေမယ်။ ဒါကြောင့်မို့ ဓာတ်အားခဈေးနှုန်းကို ဘယ်လောက်ဆိုတာ ယေဘုယျ သတ်မှတ်တာ.. ဆိုတော့ MOA ထိုးတဲ့အချိန်မှာ အဲ့လို အကြမ်းထည်တွေပဲ ပါတာ။ ဒီနောက်မှာ နိုင်ငံတော်ရင်းနှီးမြုပ်နှံမှု ကော်မရှင် တို့ ဘာတို့က သူ့ကို အတည်ပြုပေးရဦးမှာ၊ အဲ့ဒါတွေ မပေးဘူးနဲ့ တူတယ်၊ အဲ့ဒါတွေ သူတို့လက်ထဲ မရောက်သေးဘူးလို့ ကျွန်တော်သိထားတယ်။

အဲ့ဒီတုန်းက တိုင်းမယ် တာမယ်၊ စက်ယန္တရားတွေနဲ့ လုပ်ငန်းစမယ်ဆိုတဲ့ ဘာညာအဆင့်တော့ ရောက်နေပြီ၊ အဲ့ဒီမှာ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ စီမံကိန်းကို မြန်မြန် အကောင်အထည်ဖော်ဖို့ ဘာတို့ ညာတို့ကို အာဆီယံ အစည်းအဝေးမှာ လူကြီးချင်း ပြောတာတို့၊ လူကြီး ပြန်လာတဲ့အခါကျတော့ မင်းတို့ကွာ လုပ်ငန်းတွေ စတော့ဆိုပြီး ပြောတာတွေလည်း ရှိမှာပေါ့။

ဒီစီမံကိန်းကို တားလိုက်တဲ့အချိန်မှာကို ကြီးကြီးမားမားအကောင်အထည်ဖော်တဲ့ အဆင့်တော့ မဟုတ်သေးဘူး။ လုပ်ငန်းကန်ထရိုက်တွေကို တင်ဒါခေါ်တာတောင် မပြီးသေးဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စီမံကိန်းအတွက် ၂၀ဝ၆ ခုနှစ်ကတည်းက လေ့လာမှုတွေရှိခဲ့တယ်လို့ဆို

ဘီဘီစီ - လက်မှတ်ထိုးတဲ့ စာချုပ်က မြစ်ဆုံပဲလား၊ မြစ်ဆုံအပြင် တခြားစီမံကိန်းတွေလည်း ပါတယ်ဆိုတော့ ဘယ်လိုစီမံကိန်းမျိုးတွေလဲ။

ဦးမော်သာထွေး - စာချုပ်ကို ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းစီမံကိန်းလို့ ခေါ်တယ်။ စီမံကိန်းက ၈ ခုရှိတယ်။ တခုက စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းတွေ အတွက် လျှပ်စစ်ပေးဖို့၊ ချီဖွေငယ်မှာ အခု လည်နေတယ်။ ၉၉ မဂ္ဂါဝပ် ထုတ်တယ်၊ လျှပ်စစ်မီးတွေက ချီဖွေ၊ ဝိုင်းမော်တို့ အခု ဖားကန့်ထိတောင် ရောက်နေပြီ။

အဲ့ဒီမှာ မြစ်ဆုံက အစောဆုံးပြီးရမယ့်ဟာ.. မြစ်ဆုံဆိုရင် ၇.၂ ဘီလီယံ ရင်းနှီးမြုပ်နှံမှုရှိမယ်။ စီမံကိန်း အားလုံးထဲမှာ အကြီးဆုံး ဖြစ်တယ်။ မြစ်ဆုံက အရင်ဆုံးပြီးရမှာ၊ ပြောရမယ်ဆို အခု ၂၀၁၉ ခုနှစ်မှာ ပြီးရမှာ၊ Implementation (အကောင်အထည်ဖော်တာ) က အားလုံး ၇ နှစ်ကြာမယ် Preliminary (ကနဦးကာလ) ကို ၂ နှစ်လုပ်မယ်၊ Investigation (စုံစမ်းစစ်ဆေးတာ)ကို ၃ နှစ် လုပ်မယ်၊ အားလုံးပေါင်းလိုက်လို့ရှိရင် ၁၂ နှစ်၊ ဒါ့ကြောင့် ၂၀၀၆ ခုနှစ်က ထိုးလိုက်တဲ့ဟာက ဒီနေ့ ၂၀၁၉ မှာ မီးထွက်နေရမှာ….။

တခုရှိတာက သဘောတူညီချက်ရဲ့ အပွားတွေက သီးခြားစီထိုးကြရတာ… မြစ်ဆုံကလည်း မြစ်ဆုံအဖြစ်နဲ့ သတ်သတ်ထိုးရတယ်။ အဲ့ဒါတွေ အကုန်လုံးကို ခြုံလိုက်တဲ့ သဘောတူညီချက်ကြီး ရှိတယ်၊ အဲ့ဒီအောက်မှာ အသေး အသေးလေးတွေဆိုပြီး သတ်သတ် ထိုးရတယ်။ အဲ့ဒီမှာ ချီဖွေကြီးဆိုတာ ရှိတယ်၊ ချီဖွေမြို့ရဲ့ အထက်ဘက် ၇ မိုင်အကွာမှာ ရှိတယ်။ ချီဖွေငယ်ဆိုတာ ချီဖွေမြို့ပေါ်မှာ ပါဝါငယ် တည်ထားပြီးတော့ ဥမင်လိုဏ်နဲ့ ၆ မိုင်လောက် သွယ်လာပြီးတော့မှ ချီဖွေချောင်းကနေ ရေယူပြီးတော့မှ ချီဖွေမြို့အလွန်ကျတော့မှ ဧရာဝတီမြစ်ထဲကို ရေပြန်ထည့်ပေးလိုက်တာ၊ ချီဖွေချောင်းက ရေပါပဲ။ ချီဖွေချောင်းက ဧရာဝတီမြစ်ကို သီးခြားသွားတာ အဲ့ဒီကျော်ကျတဲ့ရေကသွား၊ အောက်ကရေက စက်ရုံထဲကိုလာ အဲ့ဒါက ချီဖွေငယ်.. ချီဖွေငယ်က ၉၉ မဂ္ဂါဝပ်၊ ချီဖွေကြီးက ၃၂၀၀ မဂ္ဂါဝပ်ရှိတယ်လို့ ကျွန်တော်ထင်တယ်။

ဘီဘီစီ - ဒီစီမံကိန်းတွေကို သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ရပ်ခဲ့တယ်၊ ဘာလို့ အပြီးသတ်ဖျက်တာမျိုး မလုပ်နိုင်ခဲ့တာလဲ။ စာချုပ်ထဲမှာများ ညှိရခက်နေတဲ့ အချက်တွေ ပါနေလို့လား။

ဦးမော်သာထွေး - မဟုတ်ပါဘူး…မခက်ပါဘူး၊ ကျွန်တော့်အထင် ဦးသိန်းစိန် နည်းနည်းလေး ဆန္ဒစောတယ်၊ နည်းနည်းလောတယ်လို့ ထင်တယ်။ ဒါက တကယ် ကံကောင်းသွားတယ်ပေါ့ဗျာ၊ China Power Investment (CPI) ဆိုတာ တရုတ်မှာ တကယ့်ကို ဧရာမ ကုမ္ပဏီကြီး၊ ဧရာမကုမ္ပဏီကြီးကို မြန်မာနိုင်ငံက ရပ်လိုက်တယ်ဆိုတော့…. ဘာဖြစ်သွားလဲဆိုတော့ ကမ္ဘာအနံှ့မှာ သူ့ရင်းနှီးမြုပ်နှံမှုတွေ ရှိတယ်။ သူ့ပညာရှင်တွေလည်း အများကြီးရှိတယ်၊ အဲ့ဒါကို back-up ပေးထားတာကလည်း တရုတ်သမ္မတ၊ နိုင်ငံတော်အဆင့်အကြီးအကဲတွေ အကုန်လုံးက ….. အဲ့ဒါကို ကျွန်တော်တို့က ဆန္ဒပြမယ်လို့ ပြောလိုက်တာနဲ့ ချီတက်မယ်လို့ ပြောလိုက်တာနဲ့ ဘတ် ဘုတ် ဆိုပြီးတော့ ရပ်ပစ်လိုက်တော့ ဟိုက Surprised! သိပ်အံ့အားသင့်သွား လိမ့်မယ်။

အဲ့ဒီတုန်းက ကျွန်တော်က လန့်သွားတာ၊ ကျွန်တော်က ညွှန်ကြားရေးမှူးချုပ် စဖြစ်တာမှ သုံးလ ရှိသေးတယ်။ အဲ့ဒီမှာ ပွဲဆူတဲ့ဟာကို သွားတွေ့တာ။

လုပ်ရမှာက ညှိနှိုင်းရမှာဗျ…. လွှတ်တော်၊ ရေအားလျှပ်စစ်ဌာန၊ သဘာဝပတ်ဝန်းကျင်ပညာရှင် စတဲ့ ဘက်ပေါင်းစုံက အသေးစိတ် လေ့လာစူးစမ်းစုံစမ်းစစ်ဆေး ဘာညာ ကော်မရှင်တစ်ခုဖွ့ဲရမှာ…. အဲ့အပေါ်မှာ အဘက်ဘက်က အသံကိုနားထောင် သေချာသုံးသပ်ပြီးမှ တရုတ်နဲ့ ပြန်ညှိ… ဒီနေရာမှာတော့ မလုပ်တော့ဘူး၊ တမံက မြင့်နေတယ် အဲ့ဒါပေါ့၊ ဒါတွေကို သေသေချာချာလေး သုံးသပ်ပြီး နှစ်နှစ်ကြာလောက် လုပ်တော့မှ အဖြေတခုခုရမှာ……. Historical Monument (သမိုင်းဝင် အထိမ်းအမှတ်နေရာ) လို့ ပြောတဲ့လူကို ပစ်ထားလို့မရဘူး၊ သဘာဝပတ်ဝန်းကျင်ပညာရှင်ကိုလည်း ပစ်မထားနဲ့။ အစိုးရဘက်ကိုလည်း ထည့်တွက်… နောက်ပြီး သာမန်ပြည်သူတွေပေါ့… သူတို့ကလည်း မီးမလာရင် မကြိုက်ဘူး၊ မြစ်ဆုံဘာညာ နားလည်တာမဟုတ်ဘူး။

ဓာတ်ပုံ မူပိုင် EPA

ဘီဘီစီ - NLD အစိုးရကရော မြစ်ဆုံစီမံကိန်းကို ဘယ်လိုသုံးသပ်နေလဲ။ သူတို့ ဘက်မှာ ဘယ်လို စဉ်းစားချက်တွေ ရှိနေယ်လို့ သိထားပါလဲ။

ဦးမော်သာထွေး - ညှိနှိုင်းပြီးတော့ လုပ်ရမယ့် အလုပ်ကို အခုထိကို ဘာဖြစ်လို့ စီမံကိန်းနဲ့ ပတ်သက်လို့ သိမ်းဆည်းထားတာလဲပေါ့။ NLD အစိုးရ က ၂၀၁၆ ဒီဇင်ဘာလောက်ကတည်းက မြစ်ဆုံ လေ့လာသုံးသပ်ရေး ကော်မရှင်ကြီးဖွဲ့ပြီးတော့ အစီရင်ခံစာ တင်သွင်းရမယ်လို့ လုပ်ခဲ့ကြတယ်။ အစိုးရ တက်လာလာချင်း ဖွဲ့ပြီးတော့ လုပ်ခဲ့တာ၊ ဒါတွေက နှစ်နှစ်တောင် မကတော့ဘူး၊ အခု သူတို့အစီရင်ခံတာတွေ ပြီးသွားပြီ၊ သူတို့အဖွဲ့ထဲက ဆွေးနွေးတာ၊ တင်သွင်းစာပါ အချက်တွေအကြောင်း အပြင်မှာ ပြောလို့မရဘူး။

ဒီ အဖွဲ့ဖွဲ့ပြီးချင်း ဒေါ်အောင်ဆန်းစုကြည်က ပါတဲ့သူတွေကို မိတ်ဆက်ပေးပါဦးဆိုပြီး ခေါ်တွေ့တယ်၊ အဲ့ဒီနေ့က စပြီး သူမလာတော့ဘူး။ ဒီအစီရင်ခံစာတွေလည်း သူ့လက်ထဲမှာရှိတယ်။

ညှိကြနှိုင်းကြဖို့ ညှိနှိုင်းရေးကော်မရှင် ဖွဲ့လိုက်ရင် နှစ်နှစ်လောက် သေချာ ညှိကြနှိုင်းကြရင်းနဲ့ (ဆည်လုပ်မယ့်နေရာ) ရွှေ့ချင်လည်း ရွှေ့သွားမယ်။ ဝိတ်လျော့ရင်လည်း လျော့သွားမယ်၊ ဒါမှမဟုတ် ရပ်ရင်လည်း ရပ်သွား မယ်၊ စသဖြင့်ပေါ့။

ဒါပေမဲ့ အဲ့ဒီကော်မရှင်က ကနေ့ အစည်းအဝေးလည်း ထပ်မခေါ်တော့ဘူး၊ ကိုးလ လောက်ရှိသွားပြီ။ အစီရင်ခံစာက finanalize ပြီးသွားပြီ၊ သူတို့သွားစရာလည်း မလိုတော့ဘူး။ တင်ပြီးသွားပြီ ဆိုတော့ သူအဲ့ဒါကြီး ကိုင်ထားပြီး ဘာတွေလုပ်နေလဲ ကျွန်တော်လည်း မသိဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေထဲမှာတော့ သို့လောသို့လောတွေဖြစ်ပြီးတော့…. တစ်ဒေါ်လာတွေ လျှောက်ပြောလိုပြော ဘာပြောညာပြော ဖြစ်နေကြတာ… အချိန်တွေ ကုန်တာပေါ့ဗျာ။

နိုင်ငံတော်အကြီးအကဲဆိုတာ ပြောသင့်တဲ့ကိစ္စကို ပြောသင့်တဲ့အချိန်မှာ ပြောမယ်ဆိုတာတော့ သေချာတယ်။ မပြောတဲ့အတွက်ကြောင့် တအုံနွေးနွေးဖြစ်နေကြတာ… ဘာလို့ မပြောတာကလည်း အကြောင်းရှိနေလို့ပေါ့၊

အဲ့ဒီအကြောင်းကတော့ ဒီမြစ်ဆုံမှာ လက်မှတ်ထိုးထားတဲ့ဟာတွေ အကုန်လုံးမသိစေချင်လို့လားဆိုတော့ မဟုတ်ရေးချ မဟုတ်၊ အဲ့ဒီထဲမှာ မသိစေချင်တဲ့ဟာ ဘာမှမပါဘူး၊ စဉ်းစားကြည့်ပါ။

အစိုးရက ဒါတွေ မသိသေးဘူးလို့ ပြောနေတာ၊ ဒါ လော်ဘီအုပ်စု၊ အရင်လူတွေကို မြောင်းထဲရောက်သွားအောင် ပြောတဲ့စကားလုံး။

ဒေါ်အောင်ဆန်းစုကြည်က မသိလို့လားဆိုတော့ မဟုတ်ဘူး။ သိတယ် သူလည်းအကုန်လုံး၊ သူလည်း ဖတ်ပြီးပြီ၊ ဒါပေမဲ့ အဲ့ဒီစာချုပ်ကို ခုနက အစည်းအဝေးထဲမှာ ချမပြဘူး။ ဆိုတော့ အဲ့အဖွဲ့ထဲပါတဲ့ လူတိုင်းက စာချုပ်ကို သိနေမှာ မဟုတ်ဘူး။

ဓာတ်ပုံ မူပိုင် AFP/Getty Images

ဘီဘီစီ - ဒီစာချုပ်ထဲမှာ အကျိုးအမြတ်ခွဲဝေမှု အချိုးအစားလိုမျိုးက ပြဿနာရှိနေလို့လား။

ဦးမော်သာထွေး - အကျိုးအမြတ်က ဘာမှမခွဲဘူး။ ၁၀ ရာခိုင်နှုန်းက free power ဓာတ်အား အလကားရမယ်။ နောက်ထပ် ၁၀ ရာခိုင်နှုန်းက ရှယ်ယာရတာ၊ ပြီးရင် အဲ့ထဲမှာ ဝယ်ချင်သလောက် ဝယ်လို့ရတယ်၊ အဲ့ထဲမှာ ကျွန်တော်တို့ရတဲ့ ၁၀% က ၆၀၀ မဂ္ဂါဝပ် ဖြစ်နေပြီ။ ၆၀၀ မဂါ္ဂဝပ်ဆို ၅၀၀ ကေဗီလိုင်းနဲ့ ဓာတ်အားကို ဆွဲယူရမှာ.. အဲ့ဒီ ၆၀၀ မဂ္ဂါဝပ်ကို ဆွဲပြီး ဖြန့်ဖြူးပြီးတော့ သုံးဖို့အထိ တောင်ဆို ဒေါ်လာသန်း ၆၀၀ သုံးဖို့လိုတယ်။ အဲ့ဒီ ဒေါ်လာ သန်း ၆၀၀ ကို ငါးနှစ် ခြောက်နှစ်နဲ့ ပြီးအောင် လုပ်ရမှာ။ အဲ့ဒီအချိန်တုန်းက ဒေါ်လာ သန်း ၆၀၀ ဘယ်သူက ချေးမှာလဲ၊ Risk ယူရတဲ့ အချိန်ကာလကြီး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ။

တနိုင်ငံလုံး လျှပ်စစ်မီးလိုအပ်ချက်က အရန်အင်အားပါ အပါအဝင် မဂ္ဂါဝပ် ၂ သောင်းကျော် အဲ့ဒီထဲက တကယ်လိုတာက ၁ သောင်း ၄ ထောင်ကျော်။ ဒါပေမဲ့ လက်ရှိထုတ်ပေးနိုင်တာက မဂ္ဂါဝပ် ၃ ထောင်ကျော်ပဲ ရှိတယ်။

ဘီဘီစီ - ဆိုတော့ စီမံကိန်းကို လျော်ကြေးပေးပြီး ရပ်လိုက်လို့ရော ရနိုင်လား။ စာချုပ်မှာ လျော်ကြေးလို ကိစ္စတွေ ပါနေလား။

ဦးမော်သာထွေး - မလျော်ရပါဘူး။ ဘာမှ မလျော်ရဘူး။

ဒါက ဒီလိုရှိတယ်။ လျော်ရမှာက သူကလာပြီးတော့ အခြေစိုက်စခန်းဖွင့်ထားပြီးပြီ။ နှစ်ဖက် သဘောတူချက်ယူထားပြီးမို့ Feasibile Study ပြီးသွားပြီ၊ ဆိုတော့ Construction မစသော်လည်း လမ်းဖောက်တာ တို့လို မိုင်နာအလုပ်တွေကို သူက လုပ်လို့ရတယ်။ Investment က ထိုက်သင့်သလောက် ထည့်ထားပြီးသွားပြီ၊ စက်ယန္တရားတွေ ငှားလာခဲ့ပြီးပြီ၊ (သူက ကိုယ်ပိုင်မထားဘူး) အဲ့တော့ ဒီအလုပ်အတွက် မင်းကြိုက်တဲ့ စက်နဲ့သုံးဆိုတော့ လက်မှတ်ကလည်း ဒုတိယအဆင့် MOA သဘောတူစာချုပ်ထိုးပြီးပြီဆိုတော့ လာကြပြီပေါ့ဗျာ။ စက်တွေ ယန္တရားတွေ ကျောက်ခွဲစက်တွေ ရောက်လာကြပြီပေါ့၊ စပေါ်နဲ့ ငှားလာတာရှိတယ်၊ ပိုက်ဆံပေးပြီး ငှားလာတာရှိတယ်၊

ဒီက ဆိုင်းလိုက်တဲ့အတွက် ဘာဆက်လုပ်မယ်မှန်းကို မသိတာ၊ တော်တော်ရူးလောက်တယ်၊ အဲ့ဒီတုန်းက စီပီအိုင်ကုမ္ပဏီက လူတွေမျက်နှာက ဇီးရွက်လောက်ပဲရှိတယ်။ ဖျက်ပစ်ရတော့မှာလိုလို၊ ဒါတွေကို စိုက်ပြီး လျော်ရ မှာလိုလို၊ ပြန်ရတော့မှာလိုလိုနဲ့…. ဟိုက စာရင်းနဲ့ အတိအကျ ပါလာတာ..

ဘီဘီစီ - အဲ့ဒါဆို မြန်မာဘက်က အဲဒီအတွက် လျော်ရမှာလား။ လျော်မယ်ဆို ငွေတန်ဖိုး ဘယ်လောက်လောက် ရှိလဲ။

ဦးမော်သာထွေး - လျော်ရမှာလားဆိုတာ ဒီလိုရှိတယ်လေ…. ညှိနှိုင်းခြင်းဆိုတာရှိတယ်။ ဘာကြောင့် ဆက်မလုပ်ရမှာလဲဆိုတာ ညှိနှိုင်းလို့ရှိရင် ပြီးသွားပြီ။ စီးပွားရေးလောကမှာ ညှိလိုက်လို့ရတယ်။ စီးပွားရေးလုပ်ငန်း ရှင်တွေက ဘယ်တော့မှ ဆန့်ကျင်ပြီး မပြောဘူး၊ ပြေပြေလည်လည်ပြောမှာ၊ သူတို့က စီးပွားရေး လုပ်ချင်တာကို၊ အဲ့ဒါညှိလို့ရရင် လျော်တယ်လို့ ပြောလို့မရဘူး၊

ဟိုက သူ့ရဲ့ ကုန်ကျစရိတ်တွေ ဘယ်လိုလုပ်မှာလဲ ပြောတာ၊ လျော်ပါလို့ မပြောဘူး။

ဘီဘီစီ - ဒါတွေက ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ။

ဦးမော်သာထွေး - တကယ် မြစ်ဆုံစီမံကိန်းကြီး တစ်ခုလုံးပြီးတာတောင်မှ ၇.၂ ဘီလီယံ ဒေါ်လာပဲ ရှိတယ်။ ဆိုတော့ မှတ်မှတ်ရရဆို (အခုအထိ သုံးပြီးတာက) သန်း ၆ဝဝ လောက်ပဲ ရှိတယ်။

ဘီဘီစီ - အဲ့ဒါ ဦးမော်သာထွေးတို့ စာရင်းနဲ့ အသေးစိတ်လား။

ဦးမော်သာထွေး - အသေးစိတ်ပေါ့… ဒီကုန်ကျစရိတ်ကို စစ်ဆေးခြင်းဆိုတဲ့ ကော်မတီဖွဲ့ရတာ… စစ်ဆေးခြင်းကော်မတီမှာ အနည်းဆုံး အောက်ခြေမှာ ညွှန်ကြားရေးမှူးအဆင့်၊ အပေါ်မှာ ညွှန်ချုပ်အဆင့်၊ ညွှန်ချုပ်က စစ်ဆေးခြင်းအဆင့်ပေ့ါ၊ ညွှန်ကြားရေးမှူးအဆင့်က တကယ်လုပ်နေတဲ့ လူတွေဆီက တကယ့်ကုန်ကျစရိတ်ကို အကုန်ကောက်ရတာ၊ စက်ယန္တရားတွေ ငှားရတာဆိုလည်း စာချုပ်စာတမ်းတွေပြ၊ တဲထိုးတာ၊ လမ်းဖောက် တာ ဒါတွေကို အကုန်ထည့်တွက်ရတာ၊ ၆ လလောက် လုပ်ခဲ့ရတာ… အဲ့ဒါတွေ အားလုံးအတွက် ကုန်ကျစရိတ်က သန်း ၆၀၀ ထက် မပိုဘူး။

ဘီဘီစီ - ကုန်ကျစရိတ် သန်း ၆၀၀ က ဟိုဘက်ဒီဘက် သိထားပြီးသားလား။

ဦးမော်သာထွေး - လက်မှတ်ထိုးထားရတာ..

ဘီဘီစီ - လက်ရှိမှာ မြစ်ဆုံ စီမံကိန်းဆောက်လုပ်ရေးက ဘယ်လောက် ရာခိုင်နှုန်း ပြီးထားပြီလဲ။

ဦးမော်သာထွေး - ၁၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။

ဖောင်ဒေးရှင်း ထရိမန့် (အောက်ခြေအပိုင်း တည်ဆောက်တာတွေ) ပြီးသလောက်ရှိနေပြီ၊ အဲဒီနားက ကနဦးအဆင့် လမ်းတွေဖောက်တာ ပြီးနေပြီ၊ မြစ်ဆုံအရှေ့ဖက်ကမ်းက ဝိုင်းမော်က လာတဲ့ ရွာလမ်းတွေ ပြီးသွားပြီ။

ဓာတ်ပုံ မူပိုင် Getty Images

ဘီဘီစီ - စီမံကိန်းကို လုံးဝ ရပ်ချင်ရင်ရော ဘယ်လိုလုပ်ရလဲ၊ လျော်ရမှာလား၊ စာချုပ်ထဲမှာ ဘယ်လိုရေးထားလဲ

ဦးမော်သာထွေး - စာချုပ်ထဲမှာက စီမံကိန်းရပ်ချင်ရင် အဲ့ဒီမှာ တစ်လ ကြိုတင်ပြီးတော့မှ……

ပြောရမယ်ဆိုရင် အဲ့ဒီမှာ Force majeure မမျှော်မှန်းနိုင်သော ကိစ္စရပ်များ ခေါင်းစဉ်အောက်မှာ ရှိတယ်။ ဥပမာပေါ့ဗျာ… ကမ္ဘာ့အလုပ်သမားတွေက ဆန္ဒပြလိုက်ကြလို့ အလုပ်မလုပ်ကြတော့ဘူး၊ မုန်တိုင်းတွေကျတယ်၊ ငလျင်တွေလှုပ်တယ်၊ စသဖြင့်ပေါ့ ဒါတွေက Force majeure မမျှော်မှန်းနိုင်သော ပြဿနာရပ်များမှာ ဆန္ဒပြပွဲဆိုတဲ့ ခေါင်းစဉ်တစ်ခုပါတယ်။

ဘယ်လိုမျိုးလဲဆိုတော့.. အလုပ်သမားတွေက လုပ်ခမရလို့ အကြောင်းတခုခုကြောင်၊့ ဒါလောက်ပဲ သူတို့က တွက်ထားတာ၊ ဒီစီမံကိန်းကြီးကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲဆိုတာ မဟုတ်ဘူး၊ အဲဒါက မကန့်ကွက်ဘူးလို့ စောစောကတည်းကသိလို့ သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ကြတာ၊ မတော်တဆ အဲဒီလိုဖြစ်လာပြီဆိုရင်တော့ နှစ်ဘက် ညှိနှိုင်းပြီးတေ့ာ စီမံကိန်းကြီးကို ခဏရပ်လို့ရတယ်။

ဆိုင်းငံ့ပြီးတော့မှ စီမံကိန်းကို ဘယ်လိုစလို့ ရမလဲဆိုတာကို ပြန်ဆွေးနွေးရမှာပေါ့၊ အဲ့ဒီလို လုပ်ချင်ပြီဆိုရင်လည်း ဒီက အပြန်အလှန် စာပို့ပြီးတော့မှ ဆွေးနွေးရမယ်၊ ဒီလောက်ပဲ ပါတယ်။

ဘီဘီစီ - ဒါဆို အခုပြည်တွင်းမှာ ဆန္ဒပြတယ်၊ စာပို့တယ် ဒါတွေက မထိရောက်ဘူးပေါ့ စာချုပ်အရ ဆိုရင်ပေါ့လေ။

ဦးမော်သာထွေး - ဒါက ဒီလိုရှိတာပေါ့၊ လူတန်းစားက မျိုးစုံပေါ့ဗျာ။ မြစ်ဆုံဆန္ဒပြပွဲဆို လိုက်လာကြသူတွေထဲမှာ Innocent (မသိနားမလည်တဲ့လူ) တွေက အများကြီးပဲ၊ ဗိုက်ပြဿနာကြောင့် လိုက်လာကြသူတွေက အများကြီးပဲ၊ ကျွန်တော်ဒီလောက်ပဲ ပြောမယ်။

အဲ့တော့ ဆန္ဒပြချင်လည်း ပြပါ။ ဒါက ပြဿနာမဟုတ်ဘူး၊ ဆန္ဒပြလို့ ရပ်သွားရမယ်လို့လည်း မရှိဘူး၊ အဲ့ဒါကို နိုင်ငံတော်က သင့်သလို ဆောင်ရွက်ရမယ်ပဲ ရှိတယ်။

ဘီဘီစီ - ဒီစီမံကိန်းလုပ်ဖို့ စီပီအိုင်ကုမ္ပဏီဘက်က လာဘ်ငွေထိုးတာမျိုး ရှိခဲ့လား၊ လွှတ်တော်အမတ်တစ်ယောက် ထွက်ပြောခဲ့ သလိုမျိုးပေါ့။ သူ့ကို လာပြီး ချဉ်းကပ်ခဲ့တာ ရှိတယ်ဆိုတာမျိုး။

ဦးမော်သာထွေး - ဟာ… သိရင် တရားစွဲပေါ့၊ သိရင် အမှုလုပ်ပေါ့.. ဘယ်လောက်ပေးထားလဲ ဘာညာဆိုတော့ တိုင်ပေါ့၊ တရုတ်ဘက်က အဲ့လို လုပ်ရင် ခွင့်မလွှတ်ဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြစ်ဆုံစီမံကိန်းကန့်ကွက်မှု ၂၀၁၉ ဧပြီလမှာ ပြလုပ်စဉ်

ဘီဘီစီ - သမ္မတ ဦးသိန်းစိန် လက်ထက်မှာ စီမံကိန်းရပ်သွားတော့ ဦးမော်သာထွေးတို့ကို တရုတ်ဖက်က ဘယ်လို လာညှိခဲ့ကြလဲ။

ဦးမော်သာထွေး - ဒီကနေ အကြောင်းကြားလိုက်တဲ့အခါမှာ Planning ဌာန ညွှန်ကြားရေးမှူးချုပ်၊ လျှပ်စစ်ဝန်ကြီးတို့နဲ့ဲ့ CPI က လာတွေ့တဲ့အခါမှာ အကြိမ်ပေါင်းများစွာ ဆွေးနွေးတယ်။ သူတို့တွေကလည်း ဘယ်လိုပြေလည်အောင် လုပ်ပေးရမလဲ၊ ကျေးရွာသားတွေ ဘာတွေလိုနေလို့လဲ၊ နောက်ဆုံးပိတ် ဘာထူးထူးခြားခြားလုပ်ပေးရမလဲ၊ လုပ်ပေးဆို လုပ်ပေးမယ် ဆိုတာမျိုးပေါ့။

ဘီဘီစီ - ဒီမြစ်ဆုံ စီမံကိန်းကြီးက သဘာဝပတ်ဝန်းကျင်ပိုင်းဆိုင်ရာ (BANCA) အစီရင်ခံစာထွက်မလာခင်မှာ စီမံကိန်းက စနေပြီလို့ ပြောကြတယ်။ ဆိုတော့ ဒါတွေ မလိုက်နာခဲ့ဘူးလား။

ဦးမော်သာထွေး - ခုခေတ်က အခြေအနေနဲ့ လာပြောမနေနဲ့၊ အဲ့ဒီခေတ်မှာ အဲ့ဒါတွေမရှိဘူး၊ BANCA လိုဟာမျိုး ပေးလုပ်တာပဲ ကျေးဇူးတင်… မြေတူးတာ ဆွတာလောက်နဲ့ မပြောနဲ့။ ဒီထက်ဆိုးတာ ဖားကန့် ချင်းတွင်းမြစ် ရွှေတူးတာတွေ ဘယ်လောက်တောင် ဆိုးနေလဲ… သူ့ပြည်သူနဲ့ သူ့အစိုးရ သဘောတူရင် အဆင်ပြေတယ်။

ဘီဘီစီ - ဒီစီမံကိန်းမှာ ရှယ်ယာခွဲဝေမှု ဘယ်လိုရှိလဲ၊ ရှယ်ယာမှာ တခြား ကုမ္ပဏီတွေပါလား။

ဦးမော်သာထွေး - အေရှားဝေါလ်က ၅ ရာခိုင်နှုန်း ရှယ်ယာပါပါတယ်။ သူ့ရင်းနှီးမြုပ်နှံမှုက ငွေကြေး၊ အဆောက်အအုံ ဒါတွေနဲ့ ထည့်ချင်ထည့်မှာပေါ့၊

တရုတ် CPI က ၇၅ ရာခိုင်နှုန်း ၊ ဒီကရတဲ့ ဓာတ်အားကို ယူနန်ပါဝါဂရစ်ကို ရောင်းမှာ၊ ကျွန်တော်တို့ရမယ့် ၂၀ ရာခိုင်နှုန်း က ကမ္ဘာမှာ မနည်းဘူး ရှာကြည့်ပေါ့။

ဘီဘီစီ - ဒါက မြစ်ဆုံတခုပဲ ကျန်တဲ့ ဆည်စီမံကိန်းတွေ ကရော ဘယ်လို အကျိုးအမြတ် ခွဲဝေထားလဲ။

ဦးမော်သာထွေး - ကျန်တဲ့ဟာတွေကတော့ အကောင်အထည်ဖော်မယ်လို့သာ ပြောတာ၊ အသေးစိတ် ပြန်ခွဲထုတ်ပြီးတော့ အဲ့ဒီအချိန်မှာ ရောင်းမယ့်ဈေး ဘာညာ အဲ့ဒီအဆင့်ကို မရောက်သွားလို့…. ရောက်သွားတာတော့ ၂ ခုတော့ ရှိတယ်၊ Laza အဲ့ဒါက အနောက်ဖက်က မလိခမြစ်၊ အရှေ့ဖက်က မေခပေါ်မှာက ချီဖွေကြီး ဆိုတာရှိတယ်။ Financial Analysis (ငွေကြေးပိုင်းဆိုင်ရာ တွက်ချက်မှု) အသေးစိတ်ကို မညှိရသေးဘူး။ အဲ့ဒါ လက်မှတ်မထိုးရသေးဘူး၊ ဈေးနှုန်းတို့ ဘာတို့ဆိုတာ မဖြတ်ရသေးဘူး။

ဘီဘီစီ - စီမံကိန်း အားလုံးပေါင်းဆိုရင် တန်ကြေးက ဘယ်လောက်ရှိလဲ။

ဦးမော်သာထွေး - တွက်ကြည့်ပေါ့ဗျာ ၁ မဂ္ဂါဝပ်ရဲ့ ရင်းနှီးမြုပ်နှံမှု ကုန်ကျစရိတ်က 1 million USD လောက်ရှိတယ်။ အဲ့တော့ အားလုံးပေါင်းက နှစ်သောင်း နှစ်ထောင်နဲ့ ငါးရာ မဂ္ဂါဝပ် ထုတ်နိုင်ဖို့ ရှိတယ်။ ဒီဟာဆိုလို့ရှိရင်တော့ USD 22 billion လောက်ရှိတယ်။

ဘီဘီစီ - စီမံကိန်း လုပ်ကိုင်ခွင့် ကာလ ဘယ်လောက်လဲ။

ဦးမော်သာထွေး - လုပ်ကိုင်ခွင့်ကာလ Concession Right က နှစ်ပေါင်း ၄၀၊ အဲ့ဒါပြီးသွားရင် သက်တမ်းတိုးခွင့်ကာလက ၅ နှစ် ၂ ကြိမ် တိုးခွင့်ရှိတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ဘီဘီစီ - အရင်းကျေ ကာလ ဘယ်လောက်သတ်မှတ်ထားလဲ။

ဦးမော်သာထွေး - ၂၉ နှစ်/၂၇ နှစ်/ နှစ် ၃၀ က ပုံမှန် စီမံကိန်းသတ်မှတ်ချက်ပေါ့။ ဒါပေမယ့် တရုတ်နဲ့က မတူဘူး။ ဘာလို့ဆို အဲ့ဒါက တရုတ်ဖြစ်နေလို့၊ အကျိုးကျေးဇူးက ဘာရလိုက်သလဲဆိုတော့ အိန္ဒိယ လုပ်လိုက်ပါ တော့လား၊ ထိုင်းလုပ်လိုက်ပါတော့လား၊ အဲဒီတော့ ဆွဲတော့ Transmission လိုင်း၊ မြဝတီအထိတောင် ဘန်ကောက်အထိတောင်ဆွဲလေ၊ ဆွဲရမယ့်လိုင်းကလည်း ၁၀၀၀ ကေဗီကြီးတွေ ၆၀၀ မဂါ္ဂဝပ် ယူမှာတောင် ဒေါ်လာသန်း ၆၀၀ လောက်ရင်းရမှာ၊ မဂ္ဂါဝပ် ၅ ထောင် လောက်ကို ယိုးဒယားကို ရောင်းကြည့်ပါလား ဒေါ်လာသန်း ၅ ထောင်လောက် ရင်းရမှာ၊ ဘယ်ဝယ်မလဲ၊ ရောင်းတာကလည်း တစ်ယူနစ်ကို 7 cent ထက်ပိုရောင်းလို့ မရပါဘူး။

အဲ့တော့ တရုတ်က နီးတဲ့ဟာကိုပဲ စဉ်းစားတယ်။ ချင်းတွင်းမြစ်ကို လုံး၀ စိတ်မဝင်စားပါဘူး၊ လေးမြို့မြစ်တို့၊ ထမံသီတို့ မစဉ်းစားဘူး။ သူ့နိုင်ငံကို ပြန်သယ်သွားတဲ့ လိုင်းလည်း အကြီးကြီးလည်း မလုပ်နိုင်ဘူး။

သူအဲဒီလို လုပ်လိုက်တဲ့အတွက် ဘာဖြစ်သွားလဲဆိုတော့ သူ့ရဲ့ Power Grid ကို အာမခံပြီးတော့ သူ့ဟာသူ ယူသွားတဲ့ အတွက်ကြောင့်မို့ ဘာကောင်းလဲ ဆိုတော့ သူ့နိုင်ငံက ကုမ္ပဏီအချင်းချင်းလုပ်ကြတော့ ဖြစ်ရင် သူ့ဟာသူ ရှင်းရမှာပေါ့၊ အဲ့လို မဟုတ်ပဲ တခြားကိုရောင်းတယ်၊ ဥပမာ အိန္ဒိယကို ရောင်းတယ်ဆိုရင် ပြဿနာဖြစ်ရင် တစ်နိုင်ငံချင်း ဥပဒေကလည်း မတူတော့ ပိုရှုပ်တာပေါ့။

ခုက အဲ့လိုမဟုတ်ဘူး၊ တရုတ်က ယူတာက ဈေးတော့နည်းတယ်၊ တစ်ယူနစ်ကို ၄ ဆင့်ပဲ ရှိတယ်။ အဲ့တော့ အရင်းကျေကာလက ရှည်သွားတာ။ မြစ်ဆုံမှာတော့ အရင်းကျေကာလက ၁၉ နှစ် အနှစ် ၂၀ လောက် သတ်မှတ်ထားတယ်။

ဘီဘီစီ - လက်မှတ်ထိုးခဲ့ကြတဲ့ မြစ်ဆုံအပါအဝင် စီမံကိန်း ၈ ခုလုံးပါတဲ့ အဲ့ဒီစာချုပ်က စာမျက်နှာ ဘယ်လောက်လောက်ပါလဲ၊ ဘယ်လိုမျိုးပါလဲ၊

ဦးမော်သာထွေး - လက်မှတ်ထိုးတဲ့ အတိုချုံးထားတဲ့ စာချုပ်က တရုတ် - မြန်မာ - အင်္ဂလိပ် ၃ မျိုးရှိတယ်၊ အင်္ဂလိပ်လိုရေးထားတဲ့ စာချုပ်မှာပဲ လက်မှတ်ထိုးတယ်၊ စာမျက်နှာက ၁၅၀ ကနေ ၂၀၀ လောက်အထိ ရှိပါတယ်။

မြစ်ဆုံအပါအဝင် တခြား မြစ်ညာမြစ်ဝှမ်းမှာ ဆောက်မယ့် စီမံကိန်း ၈ ခုရဲ့ အချက်အလက်အစုံအလင်ပါတဲ့ စာချုပ်တွေ အားလုံးပေါင်းရင် စာမျက်နှာပေါင်း ထောင်ဂဏန်း နီးပါးလောက် ရှိပါတယ်။