မင်းပြားမှာ ကူးတို့ဇက်သင်္ဘောတွေ ပျက်လို့ ခရီးသည် ရာနဲ့ချီ သောင်တင်

ရာမန်၊ ရခိုင်၊ ကူးတို့ဇက်သင်္ဘော
Image caption ရာမောင်တံတား ကြံ့ခိုင်မှု မရှိတဲ့အတွက် ကူးတို့ဇက်သင်္ဘောတွေနဲ့ပဲ မြစ်ကို ဖြတ်ကူးနေရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ရာမောင်မြစ်ကို ဖြတ်ကူးတဲ့ ကူးတို့ ဇက်သင်္ဘောတွေ စက်ပျက်နေတဲ့အတွက် ကားစီးရေ ရာဂဏန်းလောက် ဆက်မသွားနိုင်ဘဲ ခရီးသွား ရာနဲ့ချီ ပိတ်မိ နေပါတယ်။

စစ်တွေ - ရန်ကုန် ကားလမ်းပေါ်မှာ ရှိတဲ့ ရာမောင် တံတားဟာ ကြံ့ခိုင်မှု မရှိတာကြောင့် တံတားပေါ်က ကားကြီးတွေကို ဖြတ်သန်းခွင့် မပြုဘဲ ဇက်ကူးသင်္ဘောတွေနဲ့ ကူးနေကြရတာပါ။

အဲဒီမှာ ကူးတို့ ဇက်သင်္ဘော ၃ စင်း ရှိတဲ့အနက် ၂ စင်းက စက်ပျက်နေပြီး ကျန်တစ်စင်းကလည်း အသုံးပြုလို့ မရဖြစ်နေပါတယ်။

Image caption ပိတ်မိနေတဲ့ ကားတွေထဲမှာ မူဆယ်ကို ပုဇွန်၊ ဂဏန်းတင်ပို့မယ့် ကုန်ကားကြီးတွေလည်းပါ

ပိတ်မိနေတဲ့ ကားတွေထဲမှာ ရခိုင်ပြည်နယ်ကနေ မူဆယ်ကို တင်ပို့ဖို့ ပုဇွန်၊ ဂဏန်းတွေ တင်လာတဲ့ ကုန်ကားကြီးတွေလည်း ပါတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဂဏန်းတွေကို ၂၈ နာရီအတွင်း အရောက် မတင်ပို့နိုင်ရင် ပုပ်ကုန်မှာမို့ စီးပွားရေးသမားတွေအတွက် နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ်မှာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် လိုရာခရီးကို အချိန်မီ မရောက်မှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

Image caption မင်းပြားမှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားဆဲမို့ လိုရာခရီးကို အချိန်မီ မရောက်မှာကို ခရီးသွားတွေ စိုးရိမ်နေကြ

ဆက်စပ် အကြောင်းအရာများ