တစ်နှစ်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၈၀၀၀ နီးပါး ဖမ်းဆီးရမိ စတဲ့ မေလ ၅ ရက် သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့
Image caption တစ်နှစ်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၈၀၀၀ နီးပါး ဖမ်းဆီးရမိပါတယ်

(၁) တစ်နှစ်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၈၀၀၀ နီးပါး ဖမ်းဆီးရမိ

အကောက်အခွန် ဦးစီးဌာန လက်အောက်ရှိ အကောက်ခွန် လှုပ်ရှားစစ်ဆေးရေးအဖွဲ့က တစ်နှစ်အတွင်း ဖမ်းဆီးရမိတဲ့ အမှုက ၂၆၁ မှု ရှိပြီး၊ ဖမ်းမိခဲ့တဲ့ အကောက်ခွန်မဲ့ ပစ္စည်းတန်ဖိုးဟာ ကျပ်သန်းပေါင်း ၈၀၀၀ နီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန် ပါတယ်။

ဖမ်းဆီးရမိတဲ့ အမှုက ၂၆၁ မှု ဟာ အကောက်ခွန် လှုပ်ရှားစစ်ဆေးရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီ ၁၅ ရက် ကနေ ၂၀၁၉ မေလ ၃ ရက် အထိ ဖမ်းမိခဲ့တာဖြစ်ပြီး စုစုပေါင်းတန်ဖိုး ကျပ်သန်း ၇၉၈၂ ဒသမ ၄ သန်း ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ အကောက်ခွန်မဲ့ ပစ္စည်းတွေကို မန္တလေး- လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ မြဝတီ-ဘားအံ- ရန်ကုန် ကုန်သွယ်မှု လမ်းမကြီး၊ ရန်ကုန်ဘူတာ၊ လမ်းဘူတာတွေနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် စတဲ့ နေရာတွေမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေမှာ ကျောက်စိမ်း၊ တန်ဖိုးကြီး ဖိနပ်၊ ခါးပတ်နဲ့ ဦးထုပ်၊ အသုံးအဆောင် ပစ္စည်းနဲ့ အဝတ်အထည်၊ နိုင်ငံခြားဖြစ် စီးကရက်၊ ဓာတ်မြေသြဇာ၊ Apple နဲ့ Samaung တံဆိပ် လက်ကိုင်ဖုန်းများ၊ ကားတာယာ ကားအပိုပစ္စည်းတွေနဲ့ ဆိုင်ကယ် အပိုပစ္စည်း၊ ဘေထုပ်၊ အခွန်ပေးဆောင်ထားခြင်းမရှိတဲ့ သကြားများ၊ DRC ရရှိထားခြင်း မရှိတဲ့ ဆေးဝါးတွေနဲ့ ဆေးပစ္စည်း၊ Sodium Cyanide များ၊ အမိုနီယမ် နိုက်ထရိတ်များ၊ FDA ရရှိထားခြင်း မရှိတဲ့ စားသောက်ကုန်၊ အေးခဲအသားတွေနဲ့ ကွမ်းစားဆေးတွေ ပါဝင်တယ်လို့ အကောက်ခွန် လှုပ်ရှားစစ်ဆေးရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်မှာ ပါရှိတယ်။

ဓာတ်ပုံ မူပိုင် Kyaw Zay Ya
Image caption မိုးပျံရထားလမ်း စီမံကိန်းရဲ့ လမ်းပိုင်းတစ်ခု ဖြစ်တဲ့ လှိုင်သာယာကနေ ပါရမီ အထိ မိုးပျံမြို့ပတ် ရထားလမ်းပိုင်း ဆောက်လုပ်မှုကို စတင်တော့မယ်

(၂) မိုးပျံမြို့ပတ် ရထားလမ်း၊ လှိုင်သာယာ - ပါရမီ လမ်းပိုင်း ဆောက်လုပ်မှု စတင်တော့မယ်

ရန်ကုန် မြို့ပြလူထု ရထားပို့ဆောင်ရေး စီမံကိန်း YUMRTA ခေါ် မိုးပျံရထားလမ်း စီမံကိန်းရဲ့ လမ်းပိုင်းတစ်ခု ဖြစ်တဲ့ လှိုင်သာယာကနေ ပါရမီ အထိ မိုးပျံမြို့ပတ် ရထားလမ်းပိုင်း ဆောက်လုပ်မှုကို စတင်တော့မယ်လို့ ရန်ကုန်တိုင်း အစိုးရက မေလ ၃ ရက် မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလမ်းပိုင်းကို စတင်ဆောက်လုပ်တော့မှာ ဖြစ်တဲ့အတွက် လမ်းပိုင်းမှာ ပါဝင်နေတဲ့ ပြည်သူတွေရဲ့ အဆောက်အဦး၊ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး စာရင်းကောက်ခံမှုတွေကို ပြုလုပ်တော့မယ်လို့လည်း ပါရှိပါတယ်။

ရန်ကုန်တိုင်း အစိုးရက မိုးပျံမြို့ပတ်လမ်းပိုင်းအတွင်း ပါဝင်နေတဲ့ ပြည်သူတွေအတွက် ပြန်လည်နေရာ ချထားပေးရေး ပံ့ပိုးမှုတွေ လုပ်ပေးဖို့ အကျုံးဝင်ရက်ကိုလည်း မေလ ၆ ရက် လို့ သတ်မှတ်ထုတ်ပြန်ပါတယ်။

ဒါကြောင့် မေလ ၆ ရက် နောက်ပိုင်း၊ အဆိုပါ လမ်းပိုင်းအတွင်း ပါဝင်နေတဲ့ အဆောက်အအုံတွေ ပြင်ဆင်ဆောက်လုပ်တာ၊ တိုးချဲ့တာ၊ အသစ် တည်ဆောက်တာ၊ လွှဲပြောင်းတာ၊ ရောင်းချတာတွေ အတွက်ကို မြေယာ လျော်ကြေးနဲ့ ပြန်လည်နေရာချထားတာ၊ ကရုဏာကြေး ပေးအပ်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ပါတယ်။

အခု စတင် ဆောက်လုပ်မယ့် လှိုင်သာယာ-ပါရမီလမ်းပိုင်းက လှိုင်သာယာဘူတာ ကနေ စတင်မှာ ဖြစ်ပြီး ရန်ကုန် - ပုသိမ်လမ်း အတိုင်း လှိုင်မြစ်ကို ဖြတ်ပြီး ပါရမီလမ်းတလျှောက် ပါရီမီဘူတာအထိ ပါဝင်ပါတယ်။

အဲဒီလမ်းပိုင်း ဆောက်လုပ်ရာတလျှောက် ပါဝင်မယ့် မြေနေရာတွေကတော့ လှိုင်သာယာဘူတာ ပရဝဏ် အတွင်း YUMRTA ယာဒ်ဝန်း ဆောက်ဖို့ ၅၄.၃၆ ဧက၊ ရန်ကုန် - ပုသိမ် လမ်းတလျှောက်မှာ ရထားလမ်း အလယ်ကနေ ဘေးတစ်ဖက်တစ်ချက်စီ ၅ ပေ နီးပါစီ၊ ပါရမီ လမ်းတလျှောက်မှာ ရထားလမ်း အလယ်ကနေ ဘေးတစ်ဖက်တစ်ချက်စီကို ၄ ပေ နီးပါစီ အသုံးပြုမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

YUMRTA စီမံကိန်းကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က ၂၀၁၂ခုနှစ် ကတည်းက ဖြစ်နိုင်ချေ လေ့လာသုံးသပ်ခြင်း အစီအစဉ်ကို စတင်ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ ၂၆ ရက် ရန်ကုန်လွှတ်တော်အတွင်း တိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စီးပွာရေး ကော်မတီ အဖွဲ့ဝင်တွေကို မြန်မာ့မီးရထားနဲ့၊ JICA တို့က စီမံကိန်းနဲ့ ပတ်သက်ပြီး လာရောက်ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အဲဒီလို ရှင်းလင်းချိန်မှာတော့ YUMRTA စီမံကိန်းက မိုးပျံရထားတွေက လျှပ်စစ်နဲ့ ပြေးဆွဲမှာ ဖြစ်တယ်လို့ ကော်မတီဝင်တွေက ပြောပါတယ်။

လက်ရှိ မြန်မာ့မီးရထားလုပ်ငန်းကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာ အထိ ၆ လ ဘတ်ဂျတ်နဲ့ ၂၀၁၇-၂၀၁၈ ဘတ်ဂျတ်မှာပါ ဘတ်ဂျတ် သန်းပေါင်း ထောင်ချီပြီး ရှုံးနေတယ်လို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဧပြီလ ၂၉ ရက်မှာ လွှတ်တော်ကို အစီရင်ခံ ထားပါတယ်။

ဓာတ်ပုံ မူပိုင် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
Image caption ဖန်နီမုန်တိုင်း ကနေ လေဖိအားနည်းရပ်ဝန်းကို ရောက်ရှိပြီ

(၃) ဖန်နီမုန်တိုင်း ကနေ လေဖိအားနည်းရပ်ဝန်းကို ရောက်ရှိသွားပြီ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၊ ကမ်းရိုးတန်း မဂ္ဂါလေရာပြည်နယ် (Meghalaya) မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖန်နီမုန်တိုင်းဟာ မုန်တိုင်းငယ်အဖြစ်ကနေ အားပျော့လာပြီး အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်(Assam) ကို ရောက်ရှိချိန်မှာ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ် အားလျော့သွားပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာတော့ မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။ တနင်္သာရီ ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် လှိုင်းကြီးပြီး လှိုင်းအမြင့်ပေ ၉ ပေ ကနေ ၁၁ ပေ အထိ ရှိနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း မိုးသက်လေပြင်း ကျနိုင်ပြီး၊ တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဓာတ်ပုံ မူပိုင် Soe Kyaw
Image caption မြောက်ဦးမြို့နယ် တိမ်ညို ကျေးရွာ အနီးမှာ စစ်ကားတန်းကို ရက္ခိုင့်တပ်မတော် (AA) ကနေ မိုင်းခွဲတိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်

(၄) မြောက်ဦး တိမ်ညိုရွာအနီး စစ်တပ်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းမ တိမ်ညို ကျေးရွာ အနီးမှာ စစ်ကားတန်းကို ရက္ခိုင့်တပ်မတော် (AA) ကနေ မိုင်းခွဲတိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သတ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက " မနက် ၉ နာရီက ဖြစ်တာ။ တိမ်ညိုနားမှာ ဖြစ်တာပါ။ တိုက်ပွဲက မပြင်းပါဘူး။ ယာဉ်တန်းလာတဲ့ ဥစ္စာကို တိမ်ညို တံတားနားမှာ ဆွဲမိုင်းနဲ့ စောင့်ပြီး ဆွဲမိုင်းဆွဲတယ်။ ပြီးတာနဲ့ ပစ်ပြီးတော့ ထွက်ပြေးတာပေါ့။ ဒါပါပဲ" လို့ ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်မှု အတွင်း စစ်တပ်ယာဉ်တစ်စီး ပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်မှု အပြီး တိုက်ပွဲ ၁၅ မိနစ်လောက် ဖြစ်ပွားခဲ့ပေမယ့် လက်နက်ငယ် လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်မှုတွေ ရှိခဲ့လို့ လက်နက်ကြီး ကျည်ဆံတစ်ချို့ တိမ်ညိုရွာထဲကို ကျရောက် ပေါက်ကွဲမှုတွေ ရှိခဲ့ပြီး ကျေးရွာထဲက အိမ်တစ်အိမ်ရဲ့ ခေါင်မိုးတွေ အကုန်လုံး ပျက်စီးကုန်တယ်လို့ တိမ်ညို ရွာသားတွေက ပြောပါတယ်။