ရန်ကုန် ဒုမြို့တော်ဝန်သစ် ဦးစိုးလွင်ကိုပြိုင်ဘက်ကရွေးကောက်ပွဲကန့်ကွက်လွှာသွင်း

ရွေးကောက်ပွဲနဲ့ပက်သက်ပြီးမကျေနပ်လို့ ကန့်ကွက်တာ ဒုမြို့တော်ဝန် ဦးစိုးလွင်နဲ့ ပက်သက်တဲ့ ကန့်ကွက်လွှာတစ်ခုသာရှိ ဓာတ်ပုံ မူပိုင် U SOE LWIN FACEBOOK
Image caption ရွေးကောက်ပွဲနဲ့ပက်သက်ပြီးမကျေနပ်လို့ ကန့်ကွက်တာ ဒုမြို့တော်ဝန် ဦးစိုးလွင်နဲ့ ပက်သက်တဲ့ ကန့်ကွက်လွှာတစ်ခုသာရှိ

ပြီးခဲ့တဲ့ရက်ပိုင်းက ရာထူးယူခဲ့တဲ့ ရန်ကုန်ဒုမြို့တော်ဝန် ဦးစိုးလွင်နဲ့ ပတ်သက်ပြီး ပြိုင်ဘက် ဇောတိက ဦးခင်လှိုင် က ရွေးကောက်ပွဲကန့်ကွက်လွှာသွင်းထားတယ်လို့ စည်ပင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဘီဘီစီကိုပြောပါတယ်။

အဲဒီကန့်ကွက်မှုကလည်း တရားရုံးတခုက ပြစ်ဒဏ်ချမှတ်ခံဖူးတာရယ်၊ အခြားဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ဥပဒေတွေနဲ့ စပ်လျဉ်းပြီး စွပ်စွဲချက်နဲ့ ကန့်ကွက်လာတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတွေနဲ့ ကိုးကားပြီးပြောထားတော့ စည်ပင်ရွေးကောက်ပွဲဥပဒေနဲ့ နဲနဲလေးကျော်နေတယ်လေ၊ ဒါကြောင့်တိုင်းဥပဒေချုပ်စီကို ဥပဒေအကြံတောင်း ထားတုန်းပဲရှိသေးတယ်" လို့ ဦးအောင်ခိုင်ကပြောပါတယ်။

ဒါပေမဲ့ ဒီကန့်ကွက်မှုက တိုင်းဥပဒေချုပ်ထံက ဥပဒေအကြံပြုချက်ရရှိမှသာ ကန့်ကွက်လွှာနဲ့ပက်သက်ပြီး ထပ်မံဆောင်ရွက်နိုင်မယ် လို့လည်း သူကပြောပါတယ်။

ဒုတိယမြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးစိုးလွင်က ကော်မတီဝင်အမှတ် ၃ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တာပါ။ အဲဒီမဲဆန္ဒနယ်ထဲမှာ လူငယ်ကိုယ်စားလှယ် ကိုအောင်ခန့်၊ မော်ဒယ် သရုပ်ဆောင် ထက်ထက်ထွန်း၊ အရင်ကော်မတီဝင်ဟောင်းအဖြစ် ရွေးချယ်ခံရဖူးသူ ဦးခင်လှိုင် တို့အပါအဝင် ၁၀ ဦးအထိဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဦးစိုးလွင်ကိုတော့ ဦးခင်လှိုင်က ဧပြီလ ၅ရက်နေ့ကတည်းက စည်ပင်ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်လွှာပေးပို့ထားတာဖြစ်ပါတယ်။

ဦးခင်လှိုင်က ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ပထမအကြိမ်စည်ပင်သာယာ ရွေးကောက်ပွဲမှာလည်း ကော်မတီဝင်အဆင့်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ဖူးပါတယ်။ သူက ဇောတိကသင်္ကန်း တွေကို ထုတ်လုပ်ဖြန့်ချိနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။

အဲဒီမဲဆန္ဒနယ်မှာ ဦးစိုးလွင်ပြီးရင် မဲအများဆုံးရရှိခဲ့တဲ့ ကိုအောင်ခန့်ကတော့ ကန့်ကွက်လွှာတင်ဖို့ စဉ်းစားထားတာမရှိသေးပဲ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လိုဘယ်ပုံ လုပ်ကိုင်ဆောင်ရွက်ဖို့ ရှိလဲ ဆိုတာကို စောင့်ကြည့်ဦးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မော်ဒယ်သရုပ်ဆောင် ထက်ထက်ထွန်းကတော့ အမှုဖြစ်စဉ်ကို ဦးစိုးလွင်မဲအနိုင်ရပြီးမှ သိရှိခဲ့ တာဖြစ်ပေမယ့်လည်း ကန့်ကွက်လွှာတင်တာတွေဆက်မလုပ်တော့ဘူးလို့ ပြောပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်ရဲ့ အမည်ကိုကြေငြာ သည့်အချိန်ကစပြီး ရက်ပေါင်း ၆၀အတွင်း ကန့်ကွက်လွှာတင်သွင်းနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် U SOE LWIN FACEBOOK
Image caption အမှုကိစ္စကသေးသေးလေးပါ။ ကျန်တာကျွန်တော်ပြောထားတဲ့ဟာတွေက ဒီထက်ပိုကြီးတာတွေပါတယ်။ အပြင်ကလူတွေသိပ်မသိကြပါဘူး

"အမှုကိစ္စကသေးသေးလေးပါ။ ကျန်တာကျွန်တော်ပြောထားတဲ့ဟာတွေက ဒီထက်ပိုကြီးတာတွေပါတယ်။ အပြင်ကလူတွေသိပ်မသိကြပါဘူး။ တော်တော်ရှင်းရခက်တဲ့ကိစ္စတွေပါ။ ဒါပေမယ့်ဒီလိုပဲလွှတ်ထားလို့တော့ မရပါဘူး။ အခုတော့ပြောပြလို့မရသေးပါဘူး" လို့ ကန့်ကွက်လွှာပို့ထားသူ ဦးခင်လှိုင်က ဘီဘီစီကိုပြောပါ တယ်။

ဦးစိုးလွင်က ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ ၂၃ရက်နေ့တုန်းက စမ်းချောင်းမြို့နယ်တရားရုံးကနေ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ညစ်ညမ်းသောပြုလုပ်မှုများနဲ့ ညစ်ညစ်သောသီချင်းများ ခေါင်းစဉ်အောက်က ၂၉၄(ခ) နဲ့ ရာဇဝတ်မှုနဲ့မကင်းတဲ့ ခြောက်လှန့်မှု ပုဒ်မ ၅၀၆ တို့နဲ့ ပြစ်မှုထင်ရှားတွေ့ရှိခဲ့လို့ ဒဏ်ငွေ တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ ရက်နဲ့ ဒဏ်ငွေ သုံးသောင်း သို့မဟုတ် ထောင်ဒဏ် ၃ လပြစ်ဒဏ်ချခံထားရဖူးပါတယ်။ အဲဒီလိုအမိန့်ချမှတ်ချက် တရားရုံးမှတ်တမ်းကိုလည်း ဘီဘီစီက ရရှိထားပါတယ်။

အဲဒီအမှုက ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ် လောင်းအရည်အချင်းသတ်မှတ်ချက်ကို ထိခိုက်မှု မရှိလို့ ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့တာလို့ စည်ပင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးအောင်ခိုင်က ဘီဘီစီကိုပြောပါတယ်။

"သူ့ပြစ်ဒဏ်ကအကျင့်စာရိတ္တနဲ့ပက်သက်မှုရှိမရှိ ရန်ကုန်တိုင်းဥပဒေချုပ်ကိုတရားဝင်မေးတဲ့အခါ ပြစ်ဒဏ်နဲ့ ပြစ်မှုက အကျင့်စာရိတ္တနဲ့ ပက်သက်တဲ့ဟာတွေမဟုတ်ဘူးလို့ အကြောင်းကြားလာလို့ ကိုယ်စားလှယ်လောင်း အဖြစ်သတ်မှတ်ပေးခဲ့တာ" လို့သူကဆိုပါတယ်။ ဒါကိုလည်း ရွေးကောက်ပွဲကိုယ်စားလှယ်အရည်အချင်းများ စိစစ်ချိန်ကတည်းက လုပ်ခဲ့တာလို့လည်း ဦးအောင်ခိုင်ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် YCDC
Image caption မြို့တော်စည်ပင်မှ နောက်ဖေးလမ်းကြား အမှိုက်ရှင်းနေစဉ်

ရန်ကုန်စည်ပင်သာယာရေးရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၂၈(ဏ)က ကိုယ်ကျင့်တရားဆိုင်ရာ ပြစ်မှု ကျူးလွန်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရဖူးသူ ဖြစ်ပါက ရွေးကောက်ခံပိုင်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

ရန်ကုန်ဒုတိယမြို့တော်ဝန် ဦးစိုးလွင်ကို ဘီဘီစီက ဖုန်းနဲ့ ၇ ကြိမ်အထိ နေ့ခင်း ၂နာရီခွဲကနေ ညနေ ၅နာရီခွဲအကြား ဆက်သွယ်ခဲ့ပါတယ်။ အဲဒီအကြိမ် ရေတွေထဲက ၃ကြိမ်မှာ ဦးစိုးလွင်ရဲ့ မိသားစုဝင်တချို့က ဦးစိုးလွင် အပြင်ထွက်သွားလို့ ည ၇နာရီခွဲလောက် မှသာ ပြန်ရောက်နိုင်တယ်လို့ဖြေကြားပါတယ်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၁၆၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁၆ ဦး အနိုင်ရရှိခဲ့ပါတယ်။ အဲဒီထဲမှာမှ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက၂၂ ဦး ပါရှိပေမယ့် အနိုင်ရရှိသူ မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကတော့ ကိုယ်စားလှယ် ၉၀ ဝင်ရောက် ယှဉ်ပြိုင်ပြီး ၈၉ ဦး အနိုင်ရရှိခဲ့တယ်လို့ စည်ပင်ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။