ရန်ကုန်မြို့ အရှေ့နဲ့အနောက်ကို ဆက်မယ့် မိုးပျံရထားလမ်း စီမံကိန်းပါ မြို့နယ် ၅ခုက မြေတွေကို သိမ်းဖို့ ကွင်းဆင်းစစ်မယ်

ရန်ကုန်အရှေ့နဲ့အနောက်ကို ဆက်သွယ်မယ့် စီမံကိန်းရဲ့ ရထားလမ်းပိုင်း ၁ မှာ လှိုင်သာယာဘူတာကနေ ပါရမီဘူတာအထိ ပါဝင်မယ် ဓာတ်ပုံ မူပိုင် ROMEO GACAD/AFP/GETTY
Image caption ရန်ကုန်အရှေ့နဲ့အနောက်ကို ဆက်သွယ်မယ့် စီမံကိန်းရဲ့ ရထားလမ်းပိုင်း ၁ မှာ လှိုင်သာယာဘူတာကနေ ပါရမီဘူတာအထိ ပါဝင်မယ်

ရန်ကုန်မြို့ရဲ့ အရှေ့နဲ့အနောက်ကို ဆက်သွယ်သွားမယ့် မိုးပျံရထားလမ်းစီမံကိန်းထဲမှာပါတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှိုင်၊ ရန်ကင်း၊ တောင်ဥက္ကလာ စတဲ့မြို့နယ်တွေကမြေတွေကို သိမ်းဆည်းသွားဖို့ရှိပြီး ဒီမြေတွေကို ကွင်းဆင်းစစ်ဆေးတာကို မေ ၆ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အတွင်း လုပ်ဆောင် သွားမယ် လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ကြေညာထားပါတယ်။

ဒီစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ချေးငွေနဲ့ ပို့ဆောင်ရေး နဲ့ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC) ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ (YRG) နဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

စီမံကိန်းအတွင်းမှာပါတဲ့ ၁၈ ကီလိုမီတာ ရှည်လျားမယ့် ရထားလမ်းကြောင်းအပိုင်း ၁ ဖြစ်တဲ့ လှိုင်သာယာ - ပါရမီလမ်းပိုင်းကို ကနဦးတည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီထဲမှာပါတဲ့ မလွတ်တဲ့မြေတွေကို ကွင်းဆင်း စစ်ဆေးသွားမယ့် ကာလအတွင်းမှာ မြေယာလွှဲပြောင်းတာ၊ရောင်းချတာ အဆောက်အအုံအသစ် ဆောက်တာ၊ ပြုပြင်တည်ဆောက်တာတွေအတွက်တော့ မြေယာလျော်ကြေးနဲ့ ပြန်လည်နေရာချထားရေး ကရုဏာကြေး ပံ့ပိုးမယ့် အစီအစဉ်တွေကို ရမှာမဟုတ်ဘူးလို့ ရန်ကုန်မြို့တော်ဝန်ရဲ့ မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

'' မြေသိမ်းတာအတွက် တစ်ဦးချင်းစီညှိပြီး သင့်လျော်တဲ့ ဈေးနှုန်းနဲ့ လျော်ပေးဖို့ ညှိမယ်။ ဒါမှမရရင် အလားတူ မြေမျိုးအစားပြန်ပေးတာ လုပ်မယ်လို့ ရှင်းပြထားတယ်။ မြေယာလျော်ကြေးအတွက်ကို ဘယ်လောက် ပမာဏအထိ သုံးမယ်ဆိုတာကတော့ လွှတ်တော်ကိုမပြောသေးဘူး။'' လို့ စီမံကိန်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကို အသိပေးထားတဲ့အခြေအနေကို တောင်ဥက္ကလာပမြို့နယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်က ဘီဘီစီကိုပြောပြပါတယ်။

ရန်ကုန်မြို့ အရှေ့နဲ့အနောက်ကို ဆက်သွယ်မယ့် ဒီစီမံကိန်းရဲ့ လမ်းအပိုင်း ၁ထဲမှာ လှိုင်သာယာ မြို့နယ် အတွင်းမှာ ၅၄ဒဿမ ၃၆ ဧက ၊ရန်ကုန် - ပုသိမ် လမ်းတစ်လျှောက် ရထားလမ်းရဲ့ အလယ်မျဉ်း တစ်ဘက်တစ်ချက် စီကို ၁၄ ဒဿမ ၅မီတာ အကျယ်နဲ့ ပါရမီလမ်းတစ်လျှောက် ရထားလမ်းအလယ် မျဉ်းရဲ့ တစ်ဘက်တစ်ချက်စီကို ၁၁ မီတာအကျယ် ရှိတဲ့ မြေဧရိယာတွေပါဝင်မှာဖြစ်တယ်လို့ ထုတ်ပြန် ထားပါတယ်။

စီမံကိန်းဧရိယာထဲမှာ မြို့နယ် ၅ခုထဲက မြေအချို့ပါဝင်တာတာသိရပြီး ဘယ်အိမ်တွေဘယ်လို မလွတ်ဘူး ဆိုတာကိုတော့ အတိအကျ မသိရသေးဘဲ ကွင်းဆင်းစစ်ဆေးတိုင်းတာပြီးမှသာ သိရမှာဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဦးမိုးမြင့်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရန်ကုန်အရှေ့နဲ့အနောက်ကို ဆက်သွယ်မယ့် စီမံကိန်းရဲ့ ရထားလမ်းပိုင်း ၁ မှာ လှိုင်သာယာဘူတာကနေ ပါရမီဘူတာအထိ ပါဝင်မယ်

စီမံကိန်းအတွင်း မှာ ပါတဲ့မြေတွေဟာ မြို့နယ်အလိုက် ခေတ်ကာလပေါက်ဈေးကြီးမြင့်တဲ့ ရန်ကင်း၊ လှိုင် တောင်ဥက္ကလာပလို မြို့နယ်တွေလည်းပါဝင်နေပြီး ဒီအတွက် မြေပိုင်ရှင်တစ်ဦးချင်းစီအလိုက်ကို အတော်လေး ညှိနှိုင်းသွားရမယ့်အနေအထားရှိတယ်လို့ မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဦးက သုံးသပ်ပြောဆိုပါတယ်။

' ' မြေပေါက်ဈေးတွေက မြို့နယ် တစ်ခုထဲတောင် တစ်နေရာနဲ့ တစ်နေရာ ဈေးကတူတာမဟုတ်ဘူး။ တောင်ဥက္ကလာလိုနေရာမျိုးဆိုလည်း တစ်စတုရန်းပေပတ်လည်ကို အနိမ့်ဆုံး ကျပ် ငါးသောင်းကနေ သုံးသိန်းလောက် အထိ ပေါက်ဈေးရှိတယ်။'' လို့ ဦးသန်းဦးကပြောပြပါတယ်။

စီမံကိန်းဧရိယာအတွင်း လူနေအိမ်တွေပါဝင်နိုင်သလို အစိုးရက သိမ်းဆည်းပြီးသား မြေတွေလည်း ပါတယ်လို့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးမြတ်မင်းသူက ဘီဘီစီကိုပြောပါတယ်။

' ' လှိုင်သာယာမှာပါတဲ့ မြေတွေဆိုရင် YUMRT ယာဒ်ဝင်းတည်ဆောက်ဖို့ အရင်အစိုးရ လက်ထက်တွေ ကတည်းက သိမ်းဆည်းပြီးသားမြေတွေများတယ်။ အဲဒီမြေတွေအတွက်ကိုတော့ ပိုင်ရှင်က ဘယ်သူ ဖြစ်တယ် ဆိုတာကို တင်ပြလာလို့ မြေယာကော်မတီကနေ စစ်နေတာရှိတယ်။ ပိုင်ရှင်စိစစ်ပြီးတဲ့အခါ လျော်ကြေး ပေးသွားဖို့ရှိတယ်။'' လို့ လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း လမ်းအပိုင်း ၁ ထဲမှာပါတဲ့မြေတွေကို သိမ်းဆည်းရေး၊ ပြန်လည်နေရာချထားရေးအတွက် စစ်တမ်းကောက်ယူတဲ့နေရာမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်တဲ့မူဝါဒနဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့ အညီ စစ်တမ်းကောက်ယူသွားမှာ ဖြစ်တယ်လို့လည်း ရန်ကုန်မြို့တော်စည်ပင်ကနေ တရားဝင်ထုတ်ပြန် ကြေညာထားပါတယ်။

ရန်ကုန်အရှေ့အနောက်ကိုဆက်သွယ်မယ့် ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်းလို့ အမည်ပေးထားတဲ့ ရန်ကုန်မြို့ အရှေ့နဲ့အနောက်ကို ဆက်သွယ်သွားမယ့် ဒီစီမံကိန်းကို ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်နေပြီ ဖြစ်ပေမယ့် ရန်ကုန်တိုင်းလွှတ်တော်မှာတော့ တရားဝင် တင်သွင်းထားတာမျိုးမရှိသေးဘူးလို့ ရန်ကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမော်က ဘီဘီစီကိုပြောပါတယ်။

'' လွှတ်တော်မှာ ပဏာမရှင်းပြတာပဲ ရှိသေးတယ်။ ဒီစီမံကိန်းက လွှတ်တော်ကို တင်ပြီး လွှတ်တော်က သဘောတူမတူကို မဲခွဲဆုံးဖြတ်တာတွေလုပ်ရဦးမှာ။ အခုထိတော့ လွှတ်တော်ကို တင်သွင်းတာမျိုးမရှိသေးဘူး။ လျော်ကြေးကိစ္စ ဘာညာက ကွင်းဆင်းစစ်ဆေးပြီးမှပဲ သိရမှာ'' လို့ဒေါ်သီတာမော်ကပြောပါတယ်။

ဒီစီမံကိန်းပြီးစီးသွားပါက ရန်ကုန်မြို့ရဲ့အရှေ့နဲ့အနောက်ကို ဆက်သွယ်သွားလာနိုင်မှာဖြစ်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့နဲ့ တရုတ်ကုမ္ပဏီ၃ ခုက လုပ်ကိုင်သွားမယ့် မိုးပျံရထားစီမံကိန်းကတော့ ရန်ကုန်မြို့ရဲ့ တောင်နဲ့ မြောက်ကို ဆက်သွယ်သွားလာနိုင်မှာဖြစ်ပါတယ်။