အကျဉ်းသား ၆ ထောင်ကျော် ထပ်မံလွတ်ငြိမ်းချမ်းသာခွင့်ပေးတဲအကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ဧပြီ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း

(၁) အကျဉ်းသား ၆ ထောင်ကျော် ထပ်မံလွတ်ငြိမ်းချမ်းသာခွင့်ပေး

နိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၆၅၂၀ ဦးကို ဒီကနေ့ မေလ ၇ ရက်နေ့မှာ သမ္မတရုံးက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ဒီလို အကျဉ်းသားတွေ လွတ်ငြိမ်းခွင့်ပေးတာဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့တုန်းက အကျဉ်းသား ၉၅၀၀ကျော် နဲ့ ဧပြီ ၂၆ ရက်နေ့က အကျဉ်းသား ၆၉၀၀ ကျော် ကို သမ္မတရုံးက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

အခုတခေါက် လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာတော့ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံထားရတဲ့ သရုပ်ဆောင်မိုးအောင်ရင်ဟာလည်း ပြန်လည်လွတ်မြောက်လာမယ်ဆိုပြီးတော့ မိသားစုနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်မြောက်ပိုင်း အင်းဒင်လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရေးသားဖို့ ကြိုးစားခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ထောင် ၇ နှစ် ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာလည်း အခုတခေါက် လွတ်ငြိမ်းခွင့်ထဲ ပါခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ ခေါက်က လွတ်လာသူအများစုကတော့ မူးယစ်သုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှု ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အများဆုံးပါဝင်ပြီး နိုင်ငံရေးအကျဉ်းသားကတော့ အနည်းငယ်တယ်ပါတယ်ဆိုပြီးတော့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

(၂) ရခိုင်အခြေစိုက် DMG မီဒီယာက သတင်းထောက် (၂) ဦးကို ခေါ်စစ်နေ

ဓာတ်ပုံ မူပိုင် NARINJARA
Image caption ရခိုင်ပြည်နယ်အခြေစိုက် Development Media Group

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) က ဒါရိုက်တာလည်းဖြစ်၊ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးမောင်မင်းဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၂) နဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပြီး DMG က နောက်ထပ် သတင်းထောက် ၂ ယောက်ကိုလည်း မေလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ စစ်တွေအမှတ် (၁) မြို့မရဲစခန်းမှာ ခေါ်စစ်နေတယ်လို့ စစ်ဆေးခံရတဲ့အထဲပါတဲ့ ကိုနေဝင်းစံက ပြောပါတယ်။

သူတို့ ၂ ဦးကို ခေါ်ယူစစ်ဆေးရာမှာ ကိုယ်ရေးအချက်အလက်တွေသာမက "မြောက်ဦးမြို့မှာ ကွယ်တဲ့လ" ဆောင်းပါးအပါအဝင် ရခိုင်အကြောင်း ဆောင်ပါးတချို့ရေးသားသူတွေ ဘယ်သူတွေလဲဆိုပြီး မေးတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဂျာနယ်ရဲ့ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာ၊ အယ်ဒီတာတွေရဲ့ အမည်တွေကိုမေးသလို ပုံနှိပ်တိုက် ဂျာနယ် ဖြန့်ချီရေး ကိစ္စတွေကိုပါ မေးမြန်းတယ်လို့ ပြောပါတယ်။

မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး (၁) ဦးမြင့်ကျော်ကတော့ ဒီလို သတင်းသမားတွေကို တရားစွဲတဲ့ကိစ္စတွေကို မြန်မာနိုင်ငံ မီဒီယာကောင်စီကတဆင့် ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။

အခု DMG က အယ်ဒီတာချုပ်ကို စွဲထားတဲ့ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၂)ဟာ မတရားအသင်းကို ကူညီတယ် အားပေးအားမြောက်ပြုတယ်ဆိုတာ ထင်ရှားရင် ထောင်ဒဏ် ၃ နှစ်က ၅ နှစ်ထက်မပိုသော ထောင်ဒဏ်နဲ့ ငွေဒဏ်ကိုပါ စီရင်ခံရနိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

(၃) စင်္ကာပူကို အိမ်အကူလုပ်သားပို့ဖို့ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေ MOU ထိုးဖို့ပြင်နေ

ဓာတ်ပုံ မူပိုင် Reuters
Image caption အိမ်ဖော် ၅သောင်းကျော် ရှိတဲ့ စင်္ကာပူ

မြန်မာနိုင်အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ စင်္ကာပူနိုင်ငံကို အိမ်အကူလုပ်သားတွေပို့မို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်နဲ့ စင်္ကာပူအလုပ်သမားအဖွဲ့ချုပ်တို့က နှစ်ဖက်နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးဖို့ ပြင်နေပါတယ်။

လတ်တလောမှာ အိမ်အကူလုပ်သားပို့မယ့်အေဂျင်စီစာရင်းကို စကောက်နေပြီလို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွ့ဲချုပ်က တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဇော်မင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ မှာ မြန်မာအမျိုးသမီးတွေ အိမ်နီးချင်းနိုင်ငံတွေကို အိမ်ဖော်အဖြစ်သွားရောက်လုပ်ကိုင်တာကို အစိုးရက တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း တရားမဝင်သွားရောက်လုပ်ကိုင်တာတေကြောင့် လစာခေါင်းပုံဖြတ်ခံရတာ၊ အလုပ်သမားအခွင့်အရေးဆုံးရှုံးတာတွေကြုံခဲ့ရပြီး ဒီအပေါ်ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိ စင်္ကာပူမှာ အိမ်အကူလုပ်နေတဲ့ အမျိုးသမီး ၅ သောင်းကျော်ရှိနေပြီး သူတို့တွေအတွက် လိုအပ်တဲ့သင်တန်းတွေပေးဖို့လိုသလို စာချုပ်တွေမှာလည်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထည့်သွင်းချုပ်ဆိုသင့်တယ်လို့ စင်္ကာပူရောက်အိမ်အကူအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

(၄) တူရီကီမှာ မြို့တော်ဝန်ရွေးကောက်ပွဲကို ပြန်ကျင်းပရမယ်လို့ ကြေညာ

ဓာတ်ပုံ မူပိုင် EPA
Image caption မတ်လတုန်းက ကျင်းပခဲ့တဲ့ အစ္စတန်ဘူလ်မြို့တော်ဝန်ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့

တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လတုန်းက ကျင်းပခဲ့တဲ့ အစ္စတန်ဘူလ်မြို့တော်ဝန်ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်ပါတယ်။ ရွေးကောက်ပွဲ ပြန်ပြီး ပြုလုပ်ရမယ်လို့လည်း အမိန့်ထုတ်ပါတယ်။

လက်ရှိရွေးကောက်ပွဲတုန်းက သမ္မတ ရီးဆပ်တေးယက်အာဒါဝမ်ဖက်က လျာထားခဲ့သူဟာ အတိုက်အခံဖက်က ဝင်ပြိုင်တဲ့သူကို ပွတ်ခါသီခါနဲ့ မဲရှုံးခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြို့တော်အန်ကာရာမှာလည်း သမ္မတအာဒိုဝမ်ရဲ့ AK ပါတီက ရှုံးခဲ့လို့ နိုင်ငံရေးအရ အတော်လေးအထိနာသွားခဲ့ပါတယ်။

အစ္စတန်ဘူလ်မြို့တော်ဝန်ရွေးကောက်ပွဲမှာ မဲမသာမှုတွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်တခေါက်ပြန် ကျင်းပဖို့ ဆုံးဖြတ်လာတာဖြစ်ပြီး အနိုင်ရထားတဲ့ အတိုက်အခံ ရစ်ပါဘလစ်ကန်ပြည်သူ့ပါတီ CHP ကတော့ ဒါဟာ အာဏာရှင်လုပ်ရပ်ပဲလို့ ဝေဖန်နေပါတယ်။

CHP ပါတီက အမတ်လောင်း Ekrem Imamoglu က အခုလို ရွေးကောက်ပွဲပြန်ကျင်းပဖို့ပြောတဲ့အပေါ် ရှုံ့ချလိုက်ပြီး အာဏာရပါတီဟာ ရွေးကောက်ပွဲကော်မရှင်ပေါ်မှာ လွှမ်းမိုးမှုရှိတယ်လို့ ပြောပါတယ်။