ရန်ကုန်လေဆိပ်မှာ ဘီမန်းလေယာဉ်မတော်တဆမှု ဘာကြောင့်ဖြစ်ရတယ်ဆိုတာ စုံစမ်းစစ်ဆေးနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့ကနေ ရန်ကုန်ကိုပျံသန်းလာတဲ့လေယာဉ်ဖြစ် ဓာတ်ပုံ မူပိုင် Ko Mg Za
Image caption ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့ကနေ ရန်ကုန်ကိုပျံသန်းလာတဲ့လေယာဉ်ဖြစ်

ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဘီမန်း လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်း( BG 60 ) ဟာ မေ ၈ ရက် ညနေက ရန်ကုန်လေဆိပ်အဆင်းမှာ မတော်တဆမှုဖြစ်ခဲ့တဲ့အပေါ် ဘာကြောင့် ဖြစ်ပွားခဲ့ ရတယ်ဆိုတာကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စတင်စစ်ဆေးနေပြီလို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DCA) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဘီဘီစီကိုပြောပါတယ်။

အဲဒီလေယာဉ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့ကနေ ရန်ကုန်ကိုပျံသန်းလာတဲ့လေယာဉ်ဖြစ်ပြီး ကလေးငယ်တစ်ဦးအပါအဝင် ခရီးသည် စုစုပေါင်း ၂၉ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦးလိုက်ပါလာတဲ့ လေယာဉ်ဖြစ်ပါတယ်။

မနေ့က မေ ၈ ရက်နေ့ ညနေ ၆နာရီ ၅၂ မိနစ်မှာ ရန်ကုန်လေဆိပ်ကိုအဆင်းမှာ ဖြစ်သွားခဲ့တဲ့ မတော် တဆမှုကြောင့် လေယာဉ်မှူး တစ်ဦးအပါအဝင် လူ လေးဦးကို ပထမဆုံးဆေးရုံပို့ကာကုသပေးခဲ့ရပြီး နောက်ထပ် ၁၅ ဦးကိုပါ ဆေးရုံကိုထပ်မံပို့ဆောင်ပေးခဲ့ရတယ်လို့လည်းသိရပါတယ်။

ဓာတ်ပုံ မူပိုင် MYO KYAW SOE/AFP/GETTY
Image caption လေယာဉ်မတော်တဆမှုကြောင့် စုစုပေါင်း ၁၉ ဦးကို ဆေးရုံမှာ ကုသပေးနေရ

' 'မနေ့ကဖြစ်စဉ်ကိုကြည့်ရင် အဲဒီလေယာဉ်က ပြေးလမ်းကိုဆင်းတဲ့အခါ ဘီးနဲ့ ထိရမယ့်ဧရိယာရှိတယ်၊ အဲဒီနေရာကိုထိရမယ့်အစား ပြေးလမ်းအလယ် ပေ ၆,၀၀၀ လောက်မှာမှသွားထိတယ်၊ နောက်တစ်ကြိမ် ပေ ၈,၀၀၀ ကျော်လောက်မှာ ထပ်ထိတယ်၊ အဲဒီမှာတော့ လေယာဉ်အစိတ်အပိုင်း တချို့ ပြုတ်ထွက်တာ ရှိတယ်၊ ဆိုးဆိုးရွားရွား ထိသွားတဲ့အနေအထားမျိုးရှိတယ်၊ အဲဒါပြီးတော့မှ ကျန်တဲ့ပေ နှစ်ထောင် သုံးထောင်လောက်ကိုပြေးသွားပြီးတော့မှ ပြေးလမ်းအဆုံးမှာရပ်သွားတာ'' လို့ ဦးရဲထွဋ်အောင်က လေယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပုံကို ရှင်းပြပါတယ်။

အဆိုပါ လေယာဉ်မတော်တဆမှုဖြစ်စဉ်မတိုင်ခင်ရှေ့မှာ လေယာဉ် ၃စီး ဆင်းသက်ခဲ့ပြီး ထိုင်းလေကြောင်း လိုင်း TG air way က လေယာဉ်တစ်စီးအပါအဝင်မြန်မာ့လေကြောင်းက လေယာဉ် ၂စီးတို့ လည်း ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။

' ' ကျွန်တော်တို့ဆီမှာ လေယာဉ်ပျံတွေ မတော်တဆမှုဖြစ်တိုင်း စစ်ဆေးတဲ့ ANB ဆိုတာ အဖွဲ့ရှိပါတယ်၊ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့အောက်က သီးခြားဖွဲ့ထားတာပါ၊ အခုဖြစ်စဉ်ကို DCA က ဒုညွှန်ချုပ် ဦးအောင်ကျော်ထွန်း ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ပိုင်းလော့တွေ အင်ဂျင်နီယာတွေလည်း ပါပါ တယ်။ လူကြောင့်လား ရာသီဥတုကြောင့်လား စက်ပစ္စည်းကြောင့်လားဆိုတာကို စပြီး စုံစမ်းစစ်ဆေးနေပါပြီ၊'' လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DCA) ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ်အောင်ကပြောပါတယ်။

ဘီမန်း လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ် (BG 60) မတော်တဆမှုဖြစ်စဉ်မှာ လေယာဉ် ပိုင်းလော့အပါအဝင် စုစုပေါင်း ၁၉ ဦးကို ကနဦးဖြစ်ဖြစ်ခြင်းမှာ မြောက်ဥက္ကလာပဆေးရုံကြီးမှာ ကုသမှုပေးခဲ့ပြီးနောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ ရန်ကုန် ဆေးရုံကြီးကို ပြောင်းရွှေ့ကုသခဲ့ပါတယ်။

လက်ရှိမှာ အဆိုပါ ၁၉ ဦးစလုံးကို ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ အာယု ပုဂ္ဂလိက အထူးကုဆေးရုံမှာ ကုသမှုပေးနေပြီး ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရတဲ့အနေအထားတော့ မရှိဘူးလို့လည်း ဦးရဲထွဋ်အောင် ရဲ့ပြောကြားချက်အရ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ