ဇွန်လလယ်အထိ မီးအလှည့်ကျ ပေးမယ်

ဧပြီလဆန်းကစလို့၂ နာရီနား ၆ နာရီပေးစနစ်ကိုမြို့ကြီးတော်တော်များများကျင့်သုံးနေရပါတယ် ဓာတ်ပုံ မူပိုင် AFP/ Getty Images
Image caption ဧပြီလဆန်းကစလို့၂ နာရီနား ၆ နာရီပေးစနစ်ကိုမြို့ကြီးတော်တော်များများကျင့်သုံးနေရပါတယ်

မြန်မာနိုင်ငံအဝန်း လျှပ်စစ်ဓာတ်အားအလှည့်ကျပေးနေတဲ့စနစ် ကို ဇွန်လလယ်အထိ ဆက်ကျင့်သုံးဖို့ရှိတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက တာဝန်ရှိသူတွေက နေပြည်တော် မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာအခုလို ဓါတ်အား ဖြတ်တောက်တာတွေမရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ခုလို ဓာတ်အားဖြတ်တောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

သုံးစွဲတဲ့နှုန်းက ဒီနှစ် တက်လာသလို ဘတ်ဂျက် အကန့်အသတ်ကြောင့် ဒီနှစ်နွေရာသီမှာ လျှပ်စစ်မီး အလှည့်ကျပေးနေရတာလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ပြောပါတယ်။

NLD အစိုးရတက်လာပြီးနောက်ပိုင်း ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချဖို့အတွက် အရှုံးပေါ်နေတဲ့လုပ်ငန်းတချို့ရဲ့ဘတ်ဂျက်ကို ဖြတ်တောက်တဲ့အခါ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ထုတ်မဲ့စီမံကိန်း တချို့လည်း ဖြတ်တောက်ခံခဲ့ရပါတယ်။

အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ဖို့အတွက် ဒီနှစ်မှာတော့ နိုင်ငံတကာချေးငွေယူပြီး အသုံးပြု့ဖို့ လွှတ်တော်ကို တင်ပြတောင်းခံထားပြီး အစိုးရအဖွဲ့အနေနဲ့၂၀၃၀ မှာ တစ်နိုင်ငံလုံး မီးလင်းအောင် ဆောင်ရွက် မယ်လို့ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး က ပြောပါတယ်။

ဝန်ကြီးဌာန အနေနဲ့ သုံးစွဲတဲ့ပမာဏ ဒီနှစ် ပိုများလာတာရယ် ရေအားလျှပ်စစ်ဓာတ်ပေးနေတဲ့ ဆည်တွေ ရေနည်းနေတာရယ်ကြောင့် ဧပြီလဆန်းကစလို့ ၂ နာရီနား ၆ နာရီပေးစနစ်ကို မြို့ကြီးတော်တော်များများမှာ ကျင့်သုံးနေရတာလို့လည်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

ဇွန်လလယ်လောက်မှာ မုတ်သုံမိုး ဝင်လာရင်တော့ လက်ရှိကြုံတွေနေရတဲ့ အခက်အခဲကို ကျော်လွှားနိုင်မယ်လို့လည်း ဦးတင်မောင်ဦးက ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့စက်မှုဇုန်တွေကို ညပိုင်းမှာ လျှပ်စစ်ဓာတ်အား လုံးမဝပေးဘဲ ရပ်နားထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန်ဖြူးရေးအဖွဲ့ရဲ့ ခေတ္တအမှုဆောင် အရာရှိချုပ် ဦးအောင်ကျော်ဦးက ဆိုပါတယ်။

လာမဲ့နှစ်မှာတော့ အခုလိုဓာတ်အား ပြတ်တောက်မှု မဖြစ်အောင်ကြိုတင်စီမံမှုလုပ်နေပေမဲ့ တစ်နှစ်အတွင်းမှာ လုပ်ရမှာဖြစ်တဲ့အတွက် တော်တော်ခက်ခက်ခဲခဲလုပ်ရမှာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

လောလောဆယ်မှာတော့ ဧပြီလဆန်းကစလို့ နေပြည်တော်ကလွဲလို့ ကျန်ဒေသတွေမှာ အလှည့်ကျမီးပေး စနစ်နဲ့ဓာတ်အားဖြန့်ဖြူးပေးနေရတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ