မြန်မာငွေ့ လွှမ်းတဲ့ လက်ဝတ်ရတနာနဲ့ ကမ္ဘာ့ စျေးကွက် ထိုးဖောက်သူ

ဓာတ်ပုံ ရင်းမြစ်, Aye Nyein Phyu
ကနေဒါက လက်ဝတ်ရတနာဖန်တီးရှင် မြန်မာဒီဇိုင်နာ မအေးငြိမ်းဖြူ
မွေးရပ်မြေရဲ့ အငွေ့အသက်တွေကို ထူးခြားတဲ့ စိတ်ကူးဉာဏ် ကွန့်မြူးမှုတွေနဲ့အတူ ဖန်တီးထားတဲ့ လက်ဝတ် ရတနာတွေကို ကမ္ဘာ့ စျေးကွက်ထဲ ထိုးဖောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာ မိန်းကလေး တစ်ယောက် ရှိပါတယ်။
သူကတော့ ကနေဒါနိုင်ငံမှာ နေထိုင်ပြီး Mondselle အမှတ်တံဆိပ် လက်ဝတ် ရတနာတွေရဲ့ ဖန်တီးရှင် ဒီဇိုင်နာ Karen Phyu ခေါ် မအေးငြိမ်းဖြူပါ။
ကနေဒါနိုင်ငံက လက်ဝတ်ရတနာ ကုမ္ပဏီ တစ်ခုမှာ ဒီဇိုင်နာ အဖြစ် ၀င်လုပ်ခဲ့ပြီးနောက် ကိုယ်ပိုင် ဒီဇိုင်းတွေနဲ့ တီထွင်ဖန်တီးထားတဲ့ Mondselle အမှတ်တံဆိပ် သူ့ရဲ့ လက်ရာလေးတွေကို ဖက်ရှင် လောကတွင်းမှာ တဖြည်းဖြည်း သိလာကြပါပြီ။
ပုသိမ်ထီးလေးတွေ ဆင့်ထားတဲ့ နားကပ်၊ လက်စွပ်၊ ဆွဲကြိုး တွေ၊ ပိတောက်ပန်းခက် ဒီဇိုင်း လက်ဝတ်ရတနာ တွေကို နာမည်ကျော် အဝတ်အစား ဖက်ရှင် ဒီဇိုင်း ကြော်ငြာသူတွေ ဝတ်ဆင်ကြတာလည်း အတော်များများ တွေ့လာရပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Aye Nyein Phyu
ပုသိမ်ထီးပုံ လက်စွပ်
ထူးခြား ထင်ရှားတဲ့ ဒီဇိုင်း လက်ရာတွေ ဖြစ်လို့ ကနေဒါနိုင်ငံမှာ လက်ဝတ်ရတနာ ဒီဇိုင်းနဲ့ ပတ်သက်လို့ ဆုတွေရထားတဲ့ နာမည်အကြီးဆုံး မဂ္ဂဇင်းအပါအဝင် တခြား မဂ္ဂဇင်းတွေမှာ မကြာခဏ ဖော်ပြခံရပါတယ်။
သူ့လက်ရာတွေထဲက ထင်ရှား လူကြိုက်များတာ တစ်ခုကတော့ မြန်မာနိုင်ငံက တိုင်းရင်းသား မျက်နှာလေးတွေပုံစံ ဒီဇိုင်းလေးတွေ ဖြစ်ပါတယ်။
အဲဒီ ဒီဇိုင်းတွေကို ပြည်တွင်း ပြည်ပက မြန်မာတွေကြားမှာ သာမက ကနေဒါ နိုင်ငံကလူတွေလည်း စိတ်ဝင်တစား အားပေးကြပါတယ်။
အသက် ၁၄ နှစ် အရွယ်ကတည်းက မိဘနဲ့ခွဲပြီး စင်္ကာပူမှာ သွားရောက် ကျောင်းတက်ခဲ့ပြီး ကနေဒါမှာ ဆက်လက် ပညာသင်ခဲ့တဲ့ အတွက် မိဘကို လွမ်းတဲ့စိတ် ကိုယ့်နိုင်ငံကို လွမ်းတဲ့ စိတ်တွေက ရင်မှာ အမြဲ ရှိနေခဲ့တာကြောင့် ဒီဇိုင်းလေးတွေ ဖန်တီးတဲ့ အခါ မြန်မာ့ အငွေ့အသက်တွေကို အဓိက ထည့်သွင်း ခဲ့တယ်လို့ မအေးငြိမ်းဖြူက ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Aye Nyein Phyu
မြန်မာပြည်မြေပုံကို အမိမြေ အလွမ်းပြေ ပထမဆုံး ဖန်တီးခဲ့
တိုင်းရင်းသား ဒီဇိုင်းဖန်တီးဖြစ်တဲ့အကြောင်း
၂၀၁၄ ခုနှစ်က လက်ဝတ်ရတနာ ဒီဇိုင်းပညာဘွဲ့ ရပြီးတဲ့နောက် Mondselle တံဆိပ်ကို ၂၀၁၅ မှာ စတင် ဖန်တီးခဲ့ပါတယ်။
အချစ်ဆုံး သူငယ်ချင်းနဲ့ ခင်မင်ရင်းနှီးမှုကိုပြတဲ့ အနေနဲ့ ဆွဲကြိုးဆင်တူဆွဲဖို့ စိတ်ကူးပြီး မြန်မာပြည်မြေပုံကို စလုပ်ခဲ့ ပါတယ်။
မြန်မာနိုင်ငံမှာ နေခဲ့တုန်းက မြတ်နိုးခဲ့ရတဲ့ အရာလေးတွေကို ပြန်လည် စဉ်းစားပြီး ဒီဇိုင်းပြန်ဆွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာပြည်အကြောင်း ငယ်ဘဝကို စဉ်းစားလိုက်ရင် ငယ်ငယ်က မြန်မာနိုင်ငံမှာ ကျောင်းတက်ခဲ့တုန်းက သူငယ်ချင်းတွေထဲမှာ တိုင်းရင်းသားတွေပါတာကို သတိရတယ်၊ ပြည်ထောင်စုနေ့ ဆိုရင် ချစ်စရာကောင်းတဲ့ တိုင်းရင်းသား ဝတ်စုံလေးတွေ ဝတ်ပြီး ကပွဲတွေ လုပ်ခဲ့တာကို အမှတ်ရမိလို့ လက်ဝတ်ရတနာတွေမှာ တိုင်းရင်းသား မျက်နှာလေးတွေ လုပ်ဖြစ်တာလို့ ပြောပါတယ်။
နောက် အကြောင်း တစ်ခုကတော့ မြန်မာ့ ယဉ်ကျေးမှုကို တတ်နိုင် သလောက် ဖော်ပြချင်တယ်၊ ကနေဒါမှာ နေထိုင်တဲ့ အတွက် ကိုယ်နေတဲ့ ကနေဒါ အသိုင်းအဝိုင်း၊ ကနေဒါ ဖက်ရှင်လောက က လူတွေကို လက်လှမ်းမီ သလောက် ပြသချင်တဲ့ အတွက် တိုင်းရင်းသား ပုံလေးတွေကို ဖန်တီးတာ လို့ မအေးငြိမ်းဖြူက ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Aye Nyein Phyu
တိုင်းရင်းသားမျက်နှာ လက်ကောက်လေးတွေ ကလည်း မအေးငြိမ်းဖြူရဲ့ ထင်ရှားတဲ့ လက်ရာတွေပါ
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား မျက်နှာ ဒီဇိုင်းတွေကို လက်ကောက်၊ ဆွဲကြိုး၊ နားကပ်နဲ့ လက်စွပ်ပုံတွေ လုပ်ထားပါတယ်။
တိုင်းရင်းသား ပေါင်းစုံရဲ့ မျက်နှာလေးတွေပေါင်းပြီး ဖန်တီးထားတဲ့ ဆွဲကြိုးကတော့ ပြည်ထောင်စု အထိမ်းအမှတ်အဖြစ် ဖန်တီးတာလို့ မအေးငြိမ်းဖြူက ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Aye Nyein Phyu
မအေးငြိမ်းဖြူရဲ့ ဖန်တီးမှု လက်ရာ ပြည်ထောင်စု ဆွဲကြိုး
မြန်မာနိုင်ငံကနေ မှာယူ အားပေးမှုကတော့ တခြားဒီဇိုင်းတွေထက် တိုင်းရင်းသား ဒီဇိုင်း တွေက ပိုများလာတယ်လို့ သူက ပြောပါတယ်။
Nostalgia တိုင်းရင်းသား ဒီဇိုင်းက အရင်တုန်းက ဘယ်သူမှ မလုပ်ခဲ့ဖူးတဲ့ ဒီဇိုင်း ပုံစံဖြစ်တာမို့ လူအများရဲ့ စိတ်ဝင်စားအားပေးမှု ရရှိခဲ့တယ်လို့ မအေးငြိမ်းဖြူက ပြောပါတယ်။
သူက လက်ဝတ်ရတနာ ဒီဇိုင်းပညာကို သင်ယူဖို့ ကနေဒါကို သွားခဲ့တာ ဖြစ်ပြီး လေးနှစ်တာ သင်ယူပြီး ဘွဲရပြီးတဲ့နောက် လုပ်ငန်း အတွေ့အကြုံရဖို့ အလုပ်ခွင် ဝင်ခဲ့ပြီး နောက်မှာမှ ကနေဒါမှာ ဆက်လက် နေထိုင်ဖို့ ဆုံးဖြတ်လိုက်တာလို့ မအေးငြိမ်းဖြူက ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Aye Nyein Phyu
နှစ်ပေါင်းများစွာ သင်လာတဲ့ ကျောင်းသားတွေထဲ ဒီလိုစိတ်ကူးဖန်တီးမှုမျိုးမတွေ့ဖူးဘူးလို့ ပါမောက္ခကိုယ်တိုင် ချီးကျူးတာခံခဲ့ရ
Ontario College of Art and Design University တက္ကသိုလ်မှာ ပညာသင်နေခဲ့ချိန် အတွင်း ထူးခြားတဲ့ အယူအဆနဲ့ တွေးမြင် ဖန်တီးမှုတွေကြောင့် ပါမောက္ခ တွေရဲ့ ချီးကျူး အားပေးမှုကို ခံရတယ်၊ သူ့ရဲ့ လက်ရာတွေကို တခြား စာသင်ကျောင်း နံရံမှာ ပြသထားတဲ့ အထိ အသိအမှတ်ပြု ခံရတာတွေ ရှိခဲ့တယ်လို့ မအေးငြိမ်းဖြူက ပြန်ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Aye Nyeinn Phyu
ဆံပင်ထုံးဖွဲ့ ထားတဲ့ မြန်မာအမျိုးသမီးနဲ့ ခေါင်းပေါင်းဝတ် မြန်မာ အမျိုးသားပုံ လက်ကောက်တွေကလည်း မြန်မာ့ သင်္ကေတကို ညွှန်းဆို
ပညာသင်ကြားမှု
ကနေဒါကို မသွားခင် စင်္ကာပူမှာ ပညာသင်ခဲ့ပါတယ်။ အသက် ၁၄ နှစ် အရွယ်ကစပြီး ၉ တန်း ကနေ ၁၂ တန်း အထိ စင်္ကာပူ အထက်တန်းကျောင်း မှာ တက်ရောက် ပညာသင်ခဲ့ပါတယ်။
အဲဒီနောက် Ontario College of Art and Design University တက္ကသိုလ်မှာ အနုပညာနဲ့ ဒီဇိုင်းဘာသာရပ်ကို လေးနှစ်တာ သင်ယူခဲ့ပါတယ်။
လောလောဆယ်မှာ လက်ဝတ်ရတနာတွေကို အွန်လိုင်းကနေ မှာယူသူတွေရဲ့ အိမ်အထိ ပို့ဆောင်ပေးတဲ့ နည်းနဲ့ ရောင်းချ နေပါတယ်။ ပထမဆုံး အရောင်းပြခန်းကိုတော့ မြန်မာ နိုင်ငံမှာ စတင်မယ်လို့ ဆိုပါတယ်။
နှစ်စဉ် ကမ္ဘာ့နိုင်ငံတချို့မှာ ကျင်းပတဲ့ လက်ဝတ်ရတနာ ဒီဇိုင်း ဖိတ်ခေါ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လောလောဆယ် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ လက်ဝတ်ရတနာ လောကမှာ Mondselle ဆိုတဲ့ နာမည်နဲ့ အသိအမှတ်ပြု ခံရပြီး နေရာ တစ်ခု ရအောင် ကြိုးစားဖို့ ရည်မှန်းထားတယ်လို့ မအေးငြိမ်းဖြူက ပြောပါတယ်။