မီတာခတွေ တိုးကောက်မယ်၊ ထောင်ဆူပူမှုတွေရဲ့ ဖြစ်စဉ်အမှန်ကိုထိရောက်စွာစုံစမ်းစစ်ဆေးမယ် အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် SOE THAN WIN/AFP/GETTY
Image caption လျှပ်စစ်မီတာခတွေတိုးကောက်လို့ ဆိုပြီး ၂၀၁၃ ခုနှစ်အတွင်းက ဆန္ဒထုတ်ဖော်ခဲ့

လျှပ်စစ်မီတာခတွေ တိုးကောက်မယ်

ဓာတ်အားသုံးစွဲခတွေကို မကြာခင်မှာ တိုးမြှင့်ကောက်ခံသွားဖို့ စီစဉ်နေတယ်လို့ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောပါတယ်။

မေ ၉ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ အစိုးရရဲ့တတိယတစ်နှစ်တာ ကာလ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးတင်မောင်ဦးပြောကြားသွားခဲ့တာဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားသုံးစွဲခကိုဘယ်လောက်တိုးမြှင့်ကောက်ခံမယ် ၊ ဘယ်တော့တိုးမြှင့်မယ်ဆိုတာကို အတိအကျ ပြောဆိုသွားတာမျိုးမရှိပေမယ့် အခုအစိုးရလက်ထက်မှာတိုးကောက်သွားဖို့ကိုတော့ အစိုးရအဖွဲ့က မူအားဖြင့် လက်ခံထားပြီးဖြစ်တယ်လို့လည်း ဦးတင်မောင်ဦးကပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အတွက် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ တစ်နှစ်ကို ကျပ် ဘီလီယံ ၅၀၀ ခန့်စိုက်ထုတ်ပြီးအရှုံးခံပေးဝေနေရတာဖြစ်တယ်လို့လည်း ဦးတင်မောင်ဦး ကပြောပါတယ်။

လက်ရှိမှာ လျှပ်စစ် ဓာတ်အားပေးမှုကို အလှည့်ကျစနစ်နဲ့ပေးနေတာဖြစ်ပါတယ်။

ဒီနှစ်မှာ လျှပ်စစ်ဓါတ်အား ၅၀၀ မဂ္ဂါဝပ်လောက်ပိုထုတ်နိုင်ပေမဲ့ အခုလို အလှည့်ကျမီးပေးနေရတာဟာ သုံးစွဲတဲ့ပမာဏပိုများ လာတာရယ် ရေအားလျှပ်စစ်ပေးနေတဲ့ဆည်တွေမှာရေနည်းနေတာ တွေကြောင့်ဖြစ် တယ်လို့လည်း သိရပါတယ်။

ဒီအခက်အခဲကိုဇွန်လလယ်လောက်မှာမုတ်သုန်မိုးဝင်လာရင်တော့ကျော်လွှားနိုင်မှာဖြစ်တယ်လို့လည်း ဦးတင်မောင်ဦးကပြောပါတယ်။

ဓာတ်ပုံ မူပိုင် KAUNG ZAW HEIN / MPA
Image caption ရွှေဘိုထောင်ဆူပူမှု ရဲတပ်ဖွဲ့အပြင် တပ်ကပါလုံခြုံရေးယူပေးခဲ့ရ

အကျဉ်းထောင်ဆူပူမှုတွေ အပေါ် ဖြစ်စဉ်အမှန်ပေါ်ပေါက်ဖို့ ထိရောက်စွာစုံစမ်းစစ်ဆေးမယ်လို့ သမ္မတရုံးထုတ်ပြန်

မေ ၈ ရက်နေ့ ၉ရက်နေ့အတွင်း အကျဉ်းထောင် ၆ခုမှာ ထောင်ဆူပူမှုတွေဖြစ်ပေါ်ခဲ့အပြီးမှာ ဒီဆူပူမှုတွေရဲ့ ဖြစ်စဉ်အမှန်ပေါ်ပေါက်ဖို့ ထိရောက်စွာစုံစမ်းစစ်ဆေးမယ်လို့ သမ္မတရုံးုထုတ်ပြန်လိုက်ပါတယ်။

အကျဉ်းထောင်ဆူပူမှုတွေဟာ မရိုးသားတဲ့ လှုံ့ဆော်မှုတွေ ကြောင့် ဖြစ်ပြီး အကျဉ်းသားတွေ ရဲ့ တောင်းဆို ချက် တွေက တစ်သဘောတည်း ဖြစ်နေပြီး ဒါတွေဟာ နောက်ကွယ်က သွေးထိုးမှုတွေ ကြောင့် ဖြစ်ရတာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ရုံး ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေ ၈ ရက်နဲ့ ၉ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အကျဉ်းထောင် ဆူပူမှုတွေအနက် ရွှေဘိုအကျဉ်းထောင်ဆူပူမှုဟာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ထောင်လုံခြုံရေးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့အပြင် တပ်မတော်ကပါလုံခြုံရေးရယူ ပေးခဲ့ရပြီး ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် အကျဉ်းသား ၄ ဦးသေဆုံးခဲ့ရပါတယ်။

ကျောက်တော်မှာ တပ်မတော်စစ်ကြောင်းတွေမိုင်းခွဲတိုက်ခိုက်ခံရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း က ရန်ကုန်-စစ်တွေ ပြည်ထောင်စု ကားလမ်းမပေါ်မှာ တပ်မတော် စစ်ကြောင်းတွေကိုရက္ခိုင့်တပ်မတော် အေအေကနေ မိုင်းခွဲတိုက်ခိုက်မှုတွေ ရှိလာတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

မေ၉ရက်နေ့ညနေကလည်းတပ်မတော်စစ်ကြောင်း တစ်ခုကို ကျောက်တော်မြို့နယ် ဒေဝန်းရွာ အနီး ရထားလမ်း တံတားအဆင်းမှာ ရက္ခိုင့်တပ်မတော်(အေအေ)က နေမိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အတွက် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ထွက်ပေါ်လာတာကြောင့် ရွာသား ၂၀၀ ကျော်ဟာ အနီးအနားက မြတ်လှဲ၊ ဂဏန်းတောင်၊ ငပြောက်စွယ်ကျတဲ့ ရွာတွေကို ထွက်ပြေးသွားခဲ့ကြရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မေလ ၈ ရက်နေ့ကလည်း ဆိုရင်လည်း ပုဏ္ဍားကျွန်းမြို့နယ် သရက်ချို ကျေးရွာအနီးရှိ ကားလမ်းမပေါ်မှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲ တိုက်ခိုက်ခဲ့ရသလို မေလ ၇ ရက်နေ့ကလည်း ကျောက်တော်မြို့ ထွက်၀ ရန်ကုန်စစ်တွေ ကားလမ်းမပေါ်မှာ စစ်ကြောင်း တစ်ခုကို အေအေကနေမိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အခွန်တိုးကောက်ဖို့ အစီ အစဉ်တွေစခါနီး နာရီပိုင်းအလိုမှာ ဒီဆွေးနွေးပွဲတွေကို ပြန်စတာဖြစ်

တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲတွေပြန်လည်စတင်

တရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးညှိနှိုင်းသူတွေရဲ့ ဆွေးနွေးပွဲတွေကို ဝါရှင်တန်မှာ ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။

ဒေါ်လာဘီလီယံ ၂၀၀ ဖိုး တရုတ်ကုန်စည်တွေကို အမေရိကန်က အခွန်တိုးကောက်ဖို့ အစီ အစဉ်တွေစခါနီး နာရီပိုင်းအလိုမှာ ဒီဆွေးနွေးပွဲတွေကို စနေကြတာလည်းဖြစ်ပါတယ်။

ဒီအကောက်ခွန်ကို အမေရိကန်ဘက်က ၁၀ ရာခိုင်နှုန်းကနေ ၂၅ရာခိုင်နှုန်းအထိ တိုးကောက်ဖို့ရှိနေပြီး တရုတ်ဘက်ကလည်း ဒါကို လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

တရုတ်ဘက်က သဘောတူခါနီးမှာ လက်မှတ်ထိုးဖို့ကိစ္စကိုလည်း နောက်ဆုတ်သွားတယ်လို့ သမ္မတ ထရမ့်ကပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ