မှုခင်းပေါတဲ့ မန္တလေးမှာ ပြစ်မှုကျူးလွန်သူ ၂၀၀ ကျော်ကို ရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီး

ဓာတ်ပုံ မူပိုင် Mandalay Police
Image caption တစ်ပတ်အတွင်း ပြစ်မှုကျူးလွန်သူ နှစ်ရာကျော် ဖမ်းဆီးမိ

မန္တလေးခရိုင်အတွင်း မေလ ၅ ရက် က စပြီး စီမံချက်နဲ့ မှုခင်းကျဆင်းရေး လုပ်ခဲ့တာကြောင့် တပတ်အတွင်း တရားခံ ၂၂၅ ဦး ကို အရေးယူနိုင်ခဲ့တယ်လို့ မန္တလေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ညအချိန် အုပ်စုဖွဲ့ မူးယစ် ရမ်းကားသူတွေကို ရဲတပ်ဖွဲ့က အသွင်ယူ ဖမ်းဆီးခဲ့တာကြောင့် မေလ ၅ ရက် ကနေ မေလ ၁၀ ရက် အထိ ၅ ရက် အတွင်း အမှုပေါင်း ၈၀ နဲ့ တရားခံ ၁၀၇ ဦး တို့ကို အရေးယူနိုင်ခဲ့ပြီး မေလ ၁၁ ရက် မှာတော့ ပြစ်မှုကျူးလွန်သူ ၁၁၈ ဦး ကို ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ ၂၂၅ ဦး မှာ အမျိုးသမီး ၁၃ ဦး ပါဝင်ပြီး အများစုကတော့ မူးယစ် ရမ်းကားမှု ၊ လက်နက်မှု ၊ တာဝန်ဝတ္တရား နှောက်ယှက်မှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

မန္တလေးတိုင်း ဒေသကြီးမှာ အခုရက်ပိုင်း ကြီးကြီးမားမား မှုခင်းတွေ ငြိမ်နေပြီး ဒီလို ဖမ်းမိတာကလည်း အသွင်ယူ ဖမ်းဆီးတာတွေကြောင့် ပြစ်မှု မကျူးလွန်ခင် ဖမ်းမိလို့ ဖြစ်နိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး ချမ်းမြေ့သာစည် တိုင်းလွှတ်တော် မဲဆန္ဒနယ် -၂ ရဲ့ ကိုယ်စားလှယ် လည်း ဖြစ် လုံခြုံရေး စီမံခန့်ခွဲ့ရေးနဲ့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုးက ဘီဘီစီကို ပြောပါတယ်။

မန္တလေးမှာ လက်ရှိ အခြေအနေအရ အရင်နှစ်တွေ က ထက် မှုခင်းဖြစ်ပွားနှုန်း လျှော့နည်း ကျဆင်းနေပြီး မူးယစ်ဆေးဝါး သုံးစွဲပြီး ကျူးလွန်တဲ့ အမှုတွေက ပိုမိုများပြားတာကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ လမ်းကြောင်းတွေကို ပိတ်ပင် ဖမ်းဆီးသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ချို့က ထောက်ပြကြပါတယ်။

ဦးမြင့်အောင်မိုးက " တကယ်တမ်းတော့ မန္တလေးက မူးယစ်ဆေးဝါး ထုတ်နေတာ မဟုတ်ဘူး၊ မန္တလေးကို ဘယ်လမ်းကြောင်းက ဝင်ပြီးတော့ ဘယ်လမ်းကြောင်းက ထွက်နေတယ် ဆိုတာ သိနေတော့ အဓိက က ဝင်လာတဲ့ လမ်းကြောင်းမှာကိုက စနစ်တကျ ပိုက်စိပ်တိုက် စစ်ဆေးရင် ဒီထက်တော့ အများကြီး လျော့သွားမှာပေါ့ " လို့ပြောပါတယ်။

မန္တလေး ကျုံးဘေးမှာ လူငယ်အများစုဟာ မူးယစ်သောက်စားတာတွေ လုပ်လေ့ရှိပြီး အမှောင်ကျတဲ့ လမ်းတွေမှာ မကြာခဏ ဆိုသလို ဆိုင်ကယ်နဲ့ လုပြေးတာတွေ ရှိခဲ့တာကြောင့် ညဘက် အကြောင်းရှိလို့ လမ်းထွက်ရင် သတိထားဖို့ တခြားမြို့က လာတဲ့ ဧည့်သည်တွေကို သတိပေးတာတွေ လုပ်နေရတယ်လို့ မန္တလေးမြို့ခံတစ်ဦးဖြစ်တဲ့ ကိုကျော်မိုးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Mandalay Police
Image caption ပညာပေးလက်ကမ်းစာစောင် ဝေနေတဲ့ ရဲတပ်ဖွဲ့

လုံခြုံရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ် ရဲမှူး အငြိမ်းစားတွေကို လွှတ်တော်မှာ ဖိတ်ခေါ်ပြီး လုံခြုံရေး နည်းလမ်းတွေကို အကြံဉာဏ်တောင်းတာတွေ လုပ်ခဲ့တယ်လို့ ဦးမြင့်အောင်မိုးက ပြောပါတယ်။

အဓိက ကတော့ နေထိုင်သူ မြို့လူထုနဲ့ ရဲတပ်ဖွဲ့ အင်အား အချိုးမညီမျှတာ ဖြစ်ပြီး ရဲတစ်ယောက်က လူတစ်ထောင်ကျော်ကို ထိန်းချုပ်နေရပြီး အရေးယူ ဆောင်ရွက်မှုတွေကို ချက်ချင်းဆောင်ရွက်မှုတွေ မလုပ်နိုင်တာကြောင့်လည်း ပါတယ်လို့ မန္တလေးတိုင်း လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်။

လက်ရှိ အနေအထားမှာတော့ မူလကထက် ပိုပြီး အရေးယူ ဆောင်ရွက်တာတွေ မြန်ဆန်လာတာကြောင့် အခုလို မူးယစ်ရမ်းကားတာတွေနဲ့ ပြစ်မှု အသေးစားတွေကို မြန်မြန်ဆန်ဆန် နှိမ်နင်းနိုင်တာ ဖြစ်တယ်လို့ မြို့ခံလူထုက ပြောပါတယ်။

ဒါပေမယ့်လည်း တချို့နေရာတွေမှာတော့ ညဘက် အပြင်ထွက်ရင် ဆိုင်ကယ် လုတာတွေ ဖုန်းလုပြေးတာတွေ ရှိသေးတာကြောင့် မြို့ခံတွေ အနေနဲ့ သတိထား နေရတယ်လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ