ဗိုလ်ချုပ်ကြေးရုပ် လုံးဝ မရွှေ့နိုင်ဘူးလို့ ကယား ဝန်ကြီးချုပ်ပြော

ဗိုလ်ချုပ်ကြေးရုပ်တု လုံးဝ မရွှေ့နိုင်ဘူးလို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောဆို ဓာတ်ပုံ မူပိုင် ရဲနောင် ( 7 Colour- လွိုင်ကော်)
Image caption ဗိုလ်ချုပ်ကြေးရုပ်တု လုံးဝ မရွှေ့နိုင်ဘူးလို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောဆို

ကယားပြည်နယ် အစိုးရရုံးမှာ မေလ ၁၄ရက် မနက်ပိုင်းက ပြုလုပ်တဲ့ ဗိုလ်ချုပ်ကြေးရုပ်တု ရွှေ့ပြောင်းရေး ညှိနှိုင်း အစည်းအဝေးမှာ ဗိုလ်ချုပ်ကြေးရုပ်တု လုံးဝ မရွှေ့နိုင်ဘူးလို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုလို့ ဆွေးနွေးပွဲ ပျက်သွားပြီ ဖြစ်ပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ညှိနှိုင်းအစည်းအဝေး စတင်ချိန် အဖွင့်မိန်ခွန်းမှာ ပြည်နယ်အစိုးရ အနေနဲ့ ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းရေးက လုံး၀ မဖြစ်နိုင်ဘူး၊ ကြေးရုပ်ကို ဆက်ထိန်းသိမ်းဖို့ ပြည်နယ်အစိုးရက ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုကြောင်း ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကရင်နီပြည်နယ် လူငယ်အင်အားစု သပိတ်ကော်မတီဝင် ခွန်းသောမတ်စ်က ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် ခုလိုပြောတာဟာ ကယားပြည်နယ်အစိုးရကရော NLD အစိုးရကပါ ပြည်သူ တရပ်လုံးကို စိန်ခေါ်လိုက်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

" ကယားပြည်နယ် အစိုးရအနေနဲ့ရော NLD အစိုးရ အနေနဲ့ရော အဓိက ကတော့ ပြည်သူတရပ်လုံးကို စိန်ခေါ် လိုက်တာပါ။ အဲဒီလိုမျိုး ပြောတာ မကောင်းဘူး။ ယုံကြည်ထားတာက ရွှေ့ပြောင်းရေး ကိစ္စကို ပြောကြမယ်လို့ အတိအလင်း ပြောထားကြတာ၊ ဒီနေ့ လုံးဝမရွှေ့ပေးနိုင်ဘူးလို့ ပြောဆိုတဲ့ ကိစ္စဟာ သူတယောက်တည်းနဲ့တော့ ဒီကိစ္စ လုပ်နိုင်မှာ မဟုတ်ပါဘူး" လို့ ခွန်းသောမတ်စ်က ပြောပါတယ်။

ကြေးရုပ်ရွှေ့ပြောင်းရေးကို ဆွေးနွေးမယ်လို့ သဘောတူထားပေမယ့် မရွှေ့ပြောင်းနိုင်ဘူးလို့ ဝန်ကြီးချုပ်က ပြောလိုက်တဲ့အတွက် ဆက်ဆွေးနွေးစရာ မရှိဘူးလို့ တင်ပြခဲ့ပြီးနောက် ကရင်နီလူငယ် အင်အားစု ကိုယ်စားလှယ်တွေက အစည်းအဝေးကနေ ထွက်ခွာခဲ့တယ်လို့ သူက ဆိုပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်း စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ရွှေ့ပြောင်းရေးနဲ့ ပတ်သက်ပြီး မေလ ၇ ရက် ကလည်း ပြည်နယ်အစိုးရနဲ့ ကရင်နီပြည်နယ် လူငယ်အင်အားစု သပိတ်ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် ရဲနောင် ( 7 Colour- လွိုင်ကော်)
Image caption ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းမယ့် နေရာကို သူကိုယ်တိုင် ရှာဖွေမယ်ပေးလို့ ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုထား

အဲဒီအစည်းဝေးမှာ ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းမယ့် နေရာကို သူကိုယ်တိုင် ရှာဖွေမယ်ပေးလို့ ပြည်နယ် ဝန်ကြီးချုပ်က ပြောသွားကြောင်း အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတဲ့ ကရင်နီပြည်နယ် လူငယ်အင်အားစု က ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကို တခြားနေရာကို ရွှေ့ပြောင်းဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က သဘောတူပေမယ့် ချက်ချင်း ဆုံးဖြတ်ပေးလို့ မရနိုင်သလို ရွှေ့ပြောင်းမယ့် နေရာကို သူကိုယ်တိုင် ရှာဖွေမယ်လို့ ပြောဆိုတာကြောင့် ကရင်နီပြည်နယ် လူငယ်အင်အားစုကလည်း ဝိုင်းဝန်းကူညီဖို့ ကမ်းလှမ်းခဲ့သလို့ လုပ်ငန်း နောက်ဆက်တွဲ အစည်းအဝေးအဖြစ် ဒီကနေ့ (မေလ ၁၄ ရက်) မှာ ထပ်မံ တွေ့ဆုံဆွေးနွေး ကြတာလို့ ကရင်နီပြည်နယ် လူငယ်တွေက ပြောပါတယ်။

ကြေးရုပ်တု ရွှေ့ပြောင်းမယ့် နေရာဟာ ကယားပြည်နယ် လူထုနဲ့ ကရင်နီပြည်နယ် လူငယ်အင်အားစု တောက်လျှောက် တောင်းဆိုထားတဲ့အတိုင်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြေနေရာ မဖြစ်ရေးနဲ့ NLD ပါတီ ပိုင် မြေနေရာ၊ ရုံးနေရာနဲ့ လူမှုအဖွဲ့စည်းပိုင် နေရာတွေ ဖြစ်ရင် သဘောတူနိုင်ကြောင်း အစိုးရအဖွဲ့ကို ပြောဆိုထားတယ်လို့ ကရင်နီပြည်နယ် လူငယ်အင်အားစု က ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင်က ဗိုလ်ချုပ်ကြေးရုပ်တု လုံးဝမရွှေ့နိုင်ဘူးလို့ ပြောဆိုတာဟာ ဌာနေ တိုင်းရင်းသားတွေရဲ့ ဆန္ဒ လိုလားချက်ကို လျစ်လျုရှုတာလို့ ကရင်နီ လူငယ်တွေက ပြောပါတယ်။

ဒါ့အပြင် ရရှိထားတဲ့ သဘောတူညီမှုတွေကို တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့က ကတိကဝတ်တွေကို အကြိမ်ကြိမ် ချိုးဖောက် ပျက်ကွက်ခဲ့လို့ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်လို့ ဖြစ်လာနိုင်တဲ့ ကိစ္စရပ်တွေကို ပြည်နယ်အစိုးရက တာဝန်ယူရမယ်လို့ ကရင်နီပြည်နယ် လူငယ်အင်အားစု က ပြောပါတယ်။

" လူထုတရပ်လုံးကတော့ ရွှေ့ပြောင်းဖို့ပဲ ဆန္ဒရှိနေကြတယ်။ အခုချိန်လည်း မေးလာကြပြီ။ ကျွန်တော်တို့ဘက်ကတော့ ကြေးရုပ်နဲ့ ပတ်သက်ပြီး တခုခု အကြမ်းဖက်တာတွေ မလုပ်ဖို့ ဖျောင်းဖျထားတယ်။ သူတို့တွေကတော့ ဘယ်တော့ရွှေ့နိုင်မလဲ၊ ဘယ်အချိန်မှာ ရွှေ့မလဲ မေးလာတာကို လောလောဆယ် ဖြေရှင်းပြောပြနေရတယ်" လို့ ခွန်းသောမတ်စ်က ဆိုပါတယ်။

ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ထု စိုက်ထူဖို့ လုပ်ဆောင်ကတည်းက ဒေသခံ ကရင်နီ လူငယ်တွေက ကြေးရုပ်ကို စိုက်ထူခြင်း မပြုဖို့ ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် Alamy
Image caption ဗိုလ်ချုပ်ကြေးရုပ်တု လုံးဝ မရွှေ့နိုင်ဘူးလို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောဆို

အခုလို အခြေအနေအပေါ် ခွန်းသောမတ်စ်က " ဗိုလ်ချုပ်ကြေးရုပ်တု ရွှေ့ပြောင်းရေး လှုပ်ရှားမှုတွေ ယာယီတော့ ရပ်ထားတယ်။ တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းလည်း ဆုံးသွားပြီ။ ကျွန်တော်တို့နောက်မှာ လူထုတွေလည်း ရှိတယ်ဆိုတဲ့ ကိစ္စက ဒီတိုင်းပဲ ပြောတာ မဟုတ်ဘူး။ လူထုနဲ့ အဆက်မပြတ် တွေ့ဆုံနေကျလည်း ပုံမှန်လုပ်နေကျအတိုင်း တွေ့ဖို့လည်းရှိတယ်"လို့ ပြောပါတယ်။

ကြေးရုပ်တု စိုက်ထူတာကို ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖွင့်ပွဲကို ပြည်နယ် ဝန်ကြီးချုပ် ကိုင်တိုင် တက်ရောက် ခဲ့ပါတယ်။

အဲဒီကြေးရုပ်တု ဖွင့်ပွဲနေ့မှာပဲ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာကို ထောက်ခံကြောင်း ဒေသခံတချို့ကလည်း စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ကန္ဒာဟေဝန် ပန်းခြံ ထဲကနေ ဖယ်ရှားပေးဖို့ ကရင်နီ လူငယ်တွေနဲ့ ဒေသခံ တစ်ထောင်လောက် ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ရာမှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြ ပြည်သူတွေ အကြား ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး နောက်ပိုင်း ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ဆိုင်းပေးရေးကိုလည်း အစည်းအဝေးတွေ ပြုလုပ်ခဲ့ကြ ပါတယ်။

ဗိုလ်ချုပ်ရုပ်တု ရွှေ့ပြောင်းရေးနဲ့ ပတ်သက်လို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးနဲ့ ဗဟိုဌာန NRPC ၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP၊ ကယားပြည်နယ် အစိုးရအဖွဲ့နဲ့ ကရင်နီပြည်နယ် လူငယ်များ အင်အားစု သပိတ်ကော်မတီတို့ လွိုင်ကော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို တွေ့ဆုံမှုတွေ ပြုလုပ်ပြီး ပြီးခဲ့တဲ့ မေလ ၇ ရက်က ကယားပြည်နယ် အစိုးရနဲ့ ကရင်နီ ပြည်နယ် လူငယ်အင်အားစု သပိတ်ကော်မတီတို့ အစည်းအဝေးပြုလုပ် အပြီးမှာ ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ဆိုင်းပေးရေး အတွက် ဘဘောတူခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ