တာချီလိတ် တရားမ၀င် လောင်းကစားဂိမ်းအမှု ဖမ်းမိသူတွေထဲ တရုတ် ၁၇၀ကျော်ပါ၀င်

အွန်လိုင်းဂိမ်း ဓာတ်ပုံ မူပိုင် ရဲတပ်ဖွဲ့
Image caption အွန်လိုင်းဂိမ်းလောင်းကစားမှုနဲ့တရုတ်နိုင်ငံသား ၃ယောက်ကို အမှုဖွင့် စစ်ဆေးနေပြီ

ရှမ်းပြည်အရှေ့ပိုင်း နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ တရားမဝင် အွန်လိုင်းဂိမ်း လောင်းကစားလုပ်နေတဲ့သူတွေကိုရှာဖွေဖမ်းဆီးရာမှာ လူ ၁၈၀ကျော်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီဖမ်းဆီးထားသူတွေထဲမှာ တရုတ်နိုင်ငံသားက ၁၇၀ ကျော်အထိ ပါဝင်ပြီး ဝိန်းကျောက် ရပ်ကွက်က နေအိမ် တခုမှာ ဖမ်းဆီး ရမိသူ တယောက်ထံက စိတ်ကြွ ဆေးပြား ၂၅ပြားနဲ့အတူ ဘဏ်ကတ် ခြောက်ခု သိမ်းဆည်း ရရှိခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား အများစုကို လက်ရှိမှာ စစ်ဆေးနေဆဲဖြစ်ပြီး လက်ပ်တော့ နဲ့ အတူ ဖမ်းဆီးရမိတဲ့ သူတို့ထဲကသုံးယောက်ကို အမှုဖွင့် ထားကာ ကျန်တဲ့သူတွေကတော့ လူ၀င်မှု ကြီးကြပ်ရေးရဲ့ လက်ထဲမှာဘဲ ရှိသေးတယ်လို့ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက ဆိုပါတယ်။

လုံခြုံရေး တပ်ဖွဲ့ အနေနဲ့ သတင်းအတိအကျရလို့ အိမ်၊တိုက်ခန်းနဲ့ မော်တယ် နေရာ သုံးနေရာမှာ သွားရောက် ဖမ်းဆီးစဉ် ကွန်ပြူတာ တလုံးကို အသုံးချလျှက် အွန်လိုင်း ဂိမ်း လောင်းကစား လုပ်နေသူ တရာကျော်ကို ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ကို တယောက်ယောက်က တရားလိုလုပ် တိုင်ကြားလာမှသာ ရဲတပ်ဖွဲ့ အနေနဲ့ လက်ခံ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ရဲမှူးလှဦးက ပြောပါတယ်။

အခုလို တရုတ် နိုင်ငံသား အမြောက်အမြားကို တာချီလိတ်မှာ ဖမ်းဆီးရမိတာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

အခုဖမ်းမိထားတဲ့ တရုတ်နိုင်ငံသားတွေထဲမှာ ရှမ်းပြည်နယ် မိုင်းလားဘက်မှာ လောင်းကစား လာလုပ်ကြ သူတွေပါသလို အချို့ကလည်း တာချီလိတ်အနီးမြို့တွေမှာရှိတဲ့ သတ္တုလုပ်ကွက်တွေမှာ တရားဝင်လာရောက် အလုပ်လုပ်ကိုင်နေသူတွေလည်း ပါတယ်လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

တစ်နေ့တည်းမှာ လူရာနဲ့ချီဖမ်းဆီးရမိခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ တရားမဝင်အွန်လိုင်းဂိမ်းကို လုပ်ကိုင်နေကြတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ စစ်ဆေးဖို့ လိုနေတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်တဲ့ဦးချမ်းမြေ့စောက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် ရဲတပ်ဖွဲ့
Image caption ဝိန်းကျောက် ရပ်ကွက်က နေအိမ်မှာ တရုတ်နိုင်ငံသား တယောက်ကို စိတ်ကြွဆေးပြား ၂၅ပြားနဲ့အတူ ဖမ်းဆီးရမိ

ပြီးခဲ့တဲ့နှစ်ပိုင်းတွေကတည်းက တာချီလိတ်မြို့ပေါ်မှာရှိတဲ့ ဟိုတယ် တည်းခိုခန်းအချို့ကို ထိုင်း၊ တရုတ် အစရှိတဲ့ နိုင်ငံခြားသားတချို့က ပုတ်ပြတ်ငှားယူပြီး အွန်လိုင်းလောင်းကစားတာတွေကို အကြီးအကျယ် ပြုလုပ်လာတာတွေရှိနေတယ်လို့ တာချီလိတ်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက ပြောပါတယ်။

ဒါတွေကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့လိုနေပြီဆိုတာကို လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကတည်းက ဒေသ အုပ်ချုပ်ရေးပိုင်းကို အကြံပြုပြောဆိုခဲ့တယ်လို့လည်း သူက ပြောပါတယ်။