တပ်မတော်ကို ငွေကြေး မထောက်ပံ့ဖို့ ကုလ အချက်အလက် ရှာဖွေရေးအဖွဲ့ တိုက်တွန်း

ရိုဟင်ဂျာ ဓာတ်ပုံ မူပိုင် AFP
Image caption ကုလ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မာဇူကီ ဒါရာစမန် က ခေါင်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ကျူးလွန်ခဲ့မှုတွေအတွက် မြန်မာ စစ်တပ်အပေါ် နိုင်ငံတကာ အနေနဲ့ ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့မှု အပါအဝင် အကူအညီပေးမှု အားလုံးကို ဖြတ်တောက်ဖို့ ကုလသမဂ္ဂ စုံစမ်းရေးမှူးတွေက တိုက်တွန်း လိုက်ပါတယ်။

ကုလသမဂ္ဂကနေ ဖွဲ့ထားတဲ့ FFM လို့ ခေါ်တဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကနေ အခုလို ဆော်ဩနေတာ ဖြစ်ပါတယ်။

အဲဒီ FFM အဖွဲ့ရဲ့ အဆိုအရ လူမျိုးတုန်း သတ်ဖြတ်တာမျိုးထိ မြောက်နိုင်တဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်က တာဝန်ရှိသူတွေကို အထီးကျန် ဖြစ်စေပြီး ရုံးတင်စစ်ဆေးနိုင်ဖို့ လိုတယ်လို့ ပြောနေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption တပ်မတော်ကို ပြည်ပငွေကြေး ထောက်ပံ့မှု ဖြတ်တောက်လို့ ဘာမှ ထူးခြားမှု ရှိမှာ မဟုတ်လို့ ဆို

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ ဖွဲ့စည်းခဲ့တဲ့ အဲဒီ အချက်အလက်ရှာဖွေရေး အဖွဲ့ကို မြန်မာအစိုးရက အသိအမှတ် မပြုဘူးလို့ ထပ်တလဲလဲ ပြောထားပြီး အဲဒီအဖွဲ့ရဲ့ ပြောဆိုချက်တွေကိုလည်း ပယ်ချထားပါတယ်။

တပ်မတော် အနေနဲ့ နိုင်ငံခြား အကူအညီ အထောက်အပံ့ ရယူတာမျိုး မရှိဘူး ၊ နိုင်ငံတကာက ထောက်ပံ့မှု မရှိလို့ တပ်မတော်ရဲ့ အနာဂတ် အနေအထား ပြောင်းလဲသွားမှာ မဟုတ်တဲ့ အပြင် FFM ရဲ့ အခု ပြောဆိုလာမှု အပေါ်မှာလည်း တုံ့ပြန်သွားမှာ မဟုတ်ဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာကို လက်နက်ရောင်းခွင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် အနောက်အုပ်စု နိုင်ငံတွေက ပိတ်ပင်ထားပေမယ့် ရုရှားနဲ့ တရုတ် အပါအဝင် နိုင်ငံတချို့ကတော့ မြန်မာ အစိုးရ စစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချ နေပါတယ်။

ဓာတ်ပုံ မူပိုင် cincds
Image caption တပ်မတော် ဖက်ကလည်း သီးခြား စုံစမ်း စစ်ဆေးမှုတွေ ရှိခဲ့ပါတယ်။

မြန်မာ အစိုးရဟာ နေရပ်ကနေ ဖိအားပေး မောင်းထုတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ တသန်းနီးပါး အပါအဝင် လူ့အခွင့်အရေး ကို အကာအကွယ်ပေးဖို့ နဲ့ လူမျိုးရေး ပဋိပက္ခတွေကို လုံလောက်တဲ့ ကိုင်တွယ် ဖြေရှင်းမှုတွေ မရှိတဲ့အတွက် သူတို့အပေါ် အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ လိုနေပြီလို့ FFM အဖွဲ့ ဥက္ကဌ မာဇူကီ ဒါရာစမန် က ပြောပါတယ်။

မစ္စတာ ဒါရာစမန် ခေါင်းဆောင်တဲ့ အဖွဲ့ ဟာ ဘင်္ဂလားဒေ့ရှ် ၊ မလေးရှား ၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတို့ကို ၁ဝ ရက်ကြာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ခရီးစဉ် အပြီး ထုတ်ပြန်ရာမှာ ရိုဟင်ဂျာ အရေးဟာ လုံးဝ ဖြေရှင်းနိုင်တဲ့ အနေနဲ့ မရှိဘဲ တန့်နေပြီး ဒီပဋိပက္ခကို ဖြေရှင်းနိုင်မယ့် လုပ်ဆောင်မှု မတွေ့ရသေးဘူးလို့ သူက ဆိုပါတယ်။

သူတို့ အဖွဲ့က စာမျက်နှာ ၄၄၄ မျက်နှာ ရှိတဲ့ အစီရင်ခံစာ တရပ်ကို ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြထားပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ လူမျိုးစု တိုင်းရင်းသား လူနည်းစုတွေကို မြန်မာ့ တပ်မတော်က စနစ်တကျ ရက်စက်စွာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၇ သြဂုတ်လနောက်ပိုင်း အိုးအိမ်စွန့်ခွာလာတဲ့ ရိုဟင်ဂျာ ၇သိန်းကျော် ဘင်္ဂလားနယ်စပ် ရောက်လာတယ်လို့ ကုလအဖွဲ့တွေပြော

မြန်မာ့တပ်မတော်က ၂ဝ၁၇ သြဂုတ်လနောက်ပိုင်း ရခိုင်မြောက်ပိုင်း အရေးကိုင်တွယ်ရာမှာ နယ်မြေ ရှင်းလင်းမှုတွေ လုပ်စဉ် ထောင်နဲ့ ချီတဲ့ အရပ်သားတွေကို သတ်ဖြတ်တာ ၊ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တာ ၊ ရွာတွေကို မီးရှို့ခဲ့တာတွေကြောင့် ဒေသခံ ၇သိန်းကျော်လောက် နှစ်လအတွင်း အိုးအိမ်စွန့် ပြေးရတဲ့ အခြေအနေ ဖြစ်အောင် တွန်းပို့ခဲ့တယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒီကိစ္စတွေကို မြန်မာနိုင်ငံက အရပ်သား အစိုးရနဲ့ တပ်မတော်တို့က တောက်လျှောက် ငြင်းပယ်ထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်း စာနာတဲ့ နိုင်ငံတကာ ဥပဒေတွေကို ဖောက်ဖျက်မှုအပေါ် တပ်မတော်ကို FFM အဖွဲ့က ပြစ်တင် ရှုတ်ချကြောင်း အခု ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် cincds
Image caption ၂၀၁၇ ရခိုင်မြောက်ပိုင်း အရေးအခင်းအတွင်း ရဲကင်းစခန်း ငါးဆယ်ကျော်ကို အာဆာ အဖွဲ့တွေက တိုက်ခိုက်ရာက စတင်ခဲ့တာ ဖြစ်

FFM အဖွဲ့ဟာ ၁၉၉ဝ ခုနှစ် အစောပိုင်းတွေကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဆပ်ဘဇားမှာရှိတဲ့ ကော့တော့ပလောင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ မေးမြန်းခဲ့သလို သူတို့အဖွဲ့ရဲ့ လုပ်ဆောင်နေမှုကို ဒုက္ခသည်တွေကို ရှင်းပြခဲ့တယ်လို့ FFM အဖွဲ့က ဆိုပါတယ်။

မြန်မာ စစ်ဗိုလ်ချုပ်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာအောင် ကြိုးပမ်းသွားမယ်လို့ FFM အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်တွေကလည်း သူတို့ အနေနဲ့ အမှန်တရားကို လိုချင်ကြောင်း ၊ သူတို့ ပညာတတ်မြောက်ရေးနဲ့ အလုပ်ရဖို့ အပြင် နေရပ်ကို ဂုဏ်သိက္ခာ ရှိရှိ ပြန်လိုတယ်လို့ FFM အဖွဲ့ကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

FFM အဖွဲ့ သက်တမ်းဟာ လာမယ့် စက်တင်ဘာလမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး သူတို့ ရထားတဲ့ သတင်းအချက်အလက်တွေ ၊ အထောက်အထား စာရွက်စာတမ်းတွေကို လူ့အခွင့်အရေး ကောင်စီကနေ ဖွဲ့စည်းပေးထားတဲ့ လွတ်လပ်တဲ့ သီးခြား စုံစမ်း ဖော်ထုတ်တဲ့ အဖွဲ့သစ် လက်ထဲ ပေးအပ်သွားမှာ ဖြစ်တယ်လို့ မစ္စတာ ဒါရာစမန်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေး တပ်ဖွဲ့တွေက ၂ဝ၁၇ ခုနှစ်အတွင်းမှာသာ နယ်မြေ ရှင်းလင်းမှု လုပ်ခဲ့တာ မဟုတ်ဘဲ ၊ ၂ဝ၁၂ နဲ့ ၂ဝ၁၇ တုန်းကလည်း ရိုဟင်ဂျာတွေ အပေါ် တပ်မတော်က စစ်ဆင်ရေး ဆင်နွှဲခဲ့တယ်လို့ မစ္စတာ ဒါရာစမန်က ပြောပါတယ်။

ရခိုင်က မတူညီတဲ့ အသိုင်းအဝိုင်းတွေကြား နိုင်ငံရေးနဲ့ တရားစီရင်ရေးစနစ် စတာတွေ လုံလောက်အောင် မရှိတဲ့ အမှားအယွင်းတွေရှိနေပြီး ဒါတွေကို ဖြေရှင်းနိုင်မှသာ ရခိုင်အရေးမှာ ပြေလည်မှု ရနိုင်လိမ့်မယ်လို့ မစ္စတာ ဒါရာစမန်က ထောက်ပြထားပါတယ်။

မြန်မာ အစိုးရအနေနဲ့ တိုင်းပြည်တွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းရဲ့ အခြေအနေကို ကောင်းမွန် တိုးတက်အောင် အလေးပေး လုပ်ဆောင်သင့်တယ်လို့လည်း သူက တိုက်တွန်းထားပါတယ်။

၂ဝ၁၂ တုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ တသိန်း နှစ်သောင်းဟာလည်း ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့၀င်တွေကို ကြောက်ရွံ့စွာ နေထိုင်နေရတယ်လို့ မစ္စတာ ဒါရာစမန်က ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တပ်မတော်နဲ့ အေအေ ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လူသုံးသောင်းကျော်လောက် အိုးအိမ်စွန့်ခွာ ပြေးနေရတယ်လို့ FFM အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်း အခင်းဖြစ်ရာ နေရာတွေကို သွားခွင့်မရဘဲ အဲ့ဒီ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မတရား နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်မှုတွေရှိတယ် ဆိုတဲ့ စွပ်စွဲတိုင်ကြားမှုတွေကို FFM အဖွဲ့ အနေနဲ့ လက်ခံ ရရှိထားတယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရကတော့ ၂၀၁၇ မတ်လတုန်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဖွဲ့ပေးခဲ့တဲ့ FFM အဖွဲ့ကို နိုင်ငံတွင်း ဝင်ရောက်ခွင့် မပေးခဲ့သလို ဒီအဖွဲ့ကိုလည်း အသိအမှတ်မပြုဘူးလို့ ပြောဆို ထားပါတယ်။