ရန်ကုန် ဒုမြို့တော်ဝန်ရဲ့ ခွေးလေခွေးလွင့်စီမံချက် ကန့်ကွက်မှုတွေ့ကြုံ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတခုထဲကို ၂၀၁၈ မှာ ခွေးကိုက်ခံရလို့တက်ရောက်ကုသခံရသူ (၁၆၀၀၀) ကျော်ရှိတယ်လိုသိရပါတယ်။ ဓာတ်ပုံ မူပိုင် ROMEO GACAD
Image caption ၂၀၁၈ မှာ ခွေးကိုက်ခံရလို့တက်ရောက်ကုသခံရသူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတခုထဲမှာတင် ၁၆၀၀၀ ကျော်ရှိတယ်လိုသိရပါတယ်။

သာကေတမြို့နယ်က ခွေးအကောင်ရေ ၂၀၀၀ ခန့်ကိုခွေးရူးကာကွယ်ဆေးထိုးပေးဖိုနဲ့ နှင့် ခွေးအထီးအမအားလုံးကို သင်းကွပ်ပေးရေးအတွက် အကောင်ထည်ဖော်မယ့် ရန်ကုန်ဒုမြို့တော်ဝန်ရဲ့ စီမံချက် အစား သုတ်သင်ရေးနည်းနဲ့သာ ဆောင်ရွက်ဖို့ သာကေတမြို့နယ် ရပ်ကွတ်အုပ်ချုပ်ရေးမှူးတွေက အဆိုပြု လိုက်ကြတယ်လို့ မေလ ၁၅ ရက်နေ့ သာကေတမှာ ကျင်းပခဲ့တဲ့ စီမံချက် ညှိနှိုင်းအစည်းဝေး တက်ရောက်ခဲ့သူ တွေကပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှု ကာကွယ်ရေးကွန်ရက်အဖွဲ့(AAA)တို့ ပူးပေါင်းပြီး သာကေတ တစ်မြို့နယ်လုံးက ရပ်ကွက် ၁၉ ခုက ခွေးအကောင်၂၀၀၀ ကျော်ကို ခွေးရူးကာကွယ်ဆေးထိုးဖို့၊မျိုးထိန်းခြင်း(ကာကွယ်/ကု)လုပ်ငန်းစဉ်တွေလုပ် ဖို့ ဒုမြို့တော်ဝန်ဦးစိုးလွင်က သဘောတူခဲ့သလို ဒုမြို့တော်ဝန်နဲ့ ဇနီးမိသားစုက ကျပ် ၁၀ သိန်း မတည်လှူဒါန်းပေးခဲ့တယ်လို့လည်း တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုကာကကွယ်ရေး ကွန်ရက်အဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဒီအစီအစဉ် ကို သာကေတမှာ စနိုင်ဖို့ တွေဆုံဆွေးနွေးရာမှာ အခုလိုလက်မခံဘဲ ကန့်ကွက်မှုတွေ ကြုံရတာပါ။

အဲဒီ အစည်းအဝေးသို့ တက်ရောက်ခဲ့တဲ့ ခွေးလေလွင့်ခွေးလင့်များ ကင်းစင်ပပျောက်ရေးအဖွဲ့မှ ကိုအောင်နိုင်ထွန်းက ခွေးတွေကို သားဆက်ခြားတဲ့ နည်းလမ်းနဲ့ လုပ်ရင် လေလွင့်ခွေး လျော့နည်းမယ်လို့ မယုံကြည် ကြောင်း၊ မြေနေရာတစ်ခု သတ်မှတ်ပြီး ခွေးတွေကို အထီးအမ ခွဲထားဖို့ အစိုးရကို အကြံပေးထားကြောင်းလည်း ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ROMEO GACAD
Image caption စမ်းခေျာင်းမြို့နယ် တစ် ခုတည်း မနှစ်က လူ ၈၀၀ လောက် ခွေးကိုက်ခံရပါတယ်။

သာကေတမှာ ဘာတွေကြုံခဲ့ ရလို့လဲ

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ခွေးရူးအကိုက်ခံရလို့ သာကေတမြို့နယ်က အသက် ၁၂ အရွယ် ကလေးတစ်ဦး သေဆုံးမှုအပြီး ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီးများ မှာ လေလွင့်ခွေးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောဆို ဆွေးနွေးလာကြပါတယ် ။

ဒါပေမဲ့ လေလွင့်ခွေးတွေကို အဆိပ်ချ သတ်ဖြတ်တာ မပြုလုပ်ဖို့ စည်ပင်ဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့ ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။

မတ်လ ၃၁ ရက်နေ့က စည်ပင်သာယာရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ဒုတိယမြို့တော်ဝန် အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ဦးစိုးလွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာက တဆင့် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

သာကေတ( ၇)ရပ်ကွက် ခိုင်ရွှေဝါလမ်းက အဲဒီ ကလေးသေဆုံးမှုဟာ စည်ပင်သာယာရေးကော်မတီကို စိန်ခေါ်လိုက်သော အကြီးမားဆုံးပြဿနာတခုဖြစ်တယ်လို့လည်း မန္တလေးမြို့၊ မြို့တော်ဝန် ဒေါက်တာ ရဲလွင်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးခဲ့ပါတယ် ။

"အရိုးရှင်းဆုံးနည်းက သုတ်သင်ရှင်းလင်းတာဖြစ်ပေမယ့် တစ်မြို့လုံးအတိုင်းအတာနဲ့ မလုပ်ချင်ပါ။ စည်ပင်အနေနဲ့ စည်ပင်ကိုဆက်သွယ်ပြီး ရှင်းလင်းစေချင်တဲ့အကွက်တွေကိုသာ ဦးစားပေးရှင်းလင်းပေးသွားမှာမို့ သန့်ရှင်းရေးဌာနကို စာတင်ပါ"ဟုမန္တလေးမြို့ မြို့တော်ဝန်က ရေးခဲ့ပါတယ်။

Image caption မြန်မာတစ်နိုင်ငံလုံးမှာ လေလွင့်ခွေးကောင်ရေပေါင်း ၃.၈ သန်း ကျော် ရှိပြီး ရန်ကုန်တမြို့လုံးမှာ တစ်သိန်းခုနစ်သောင်းကျော် ရှိပါတယ်

ရန်ကုန် ဒုမြို့တော်ဝန် သစ်ခွေးလေခွေးလွှင့်ပြနာ ဘယ်လိုကိုင်နေလဲ

မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်များအဖွဲ့နဲ့ ထိုင်းနိုင်ငံ WVS( Worldwide Veterinary Service) တို့ပူးပေါင်းပြီး မေလ ၁၀ ရက်နေ့ကနေ မေလ ၁၈ ရက်နေ့အထိ လှိုင်မြို့နယ်က ခွေးအကောင် ၇၅၀ ကို သင်းကွပ်ခြင်း၊သားကြောဖြတ်ခြင်းနှင့် ခွေးရူးပြန် ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို လှိုင်မြို့နယ် ဘုရင့်နောင်လမ်း ရွှေပိတောက်ငါးဈေးအနီး ပညာရေးမှူးရုံးဟောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီအစီစဉ်ကို ကုန်ကျစရိတ်များတာ နဲ့ ရန်ကုန်လို ခွေးလေခွေးလွင့်များတဲ့နေရာလုပ်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်ကို ဝေဖန်ကြတာ ဖြစ်ပါတယ် ။

သာကေတကတော့ ဦးစိုးလွင်ရဲ့ ဒုတိယ အဆင့်ခြေလှမ်း ဖြစ်နိုင်ပါတယ်။

ဦးစိုးလွင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မြို့တော်ဝန်ထံ တိုင်ကြားခံရတဲ့အမှုက ခွေးလေခွေးလွင့် ဆိုင်ရာအကြောင်းက လက်ရှိအချိန် မှာ တိုင်တန်းမှုအများဆုံး ဖြစ်ပါတယ်။

" ရန်ကုန်တိုင်းဒေသကြီး၏ ဒုတိယ မြို့တော်ဝန်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း အဆိပ်ချမှုများပြုလုပ်ကြောင်း တိုင်ကြားတာတွေကိုလည်း လက်ခံရရှိပါတယ်။ လေလွင့်ခွေး ကိစ္စအတွက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများ ဆောင်ရွက်နိုင်ရန် Royal Asia Veterinary Surgery မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ပါတယ် " လို့လည်း ဦးစိုးလွင်က ပြောပါတယ် ။

ဦးစိုးလွင်ကတော့ သူလုပ်တာတွေက သက်ဆိုင်ရာ ရပ်ကွက် ရာအိမ်မှူးတွေက တစ်လမ်းမှာ ခွေးဘယ်လောက်ရှိလဲ စာရင်းကောတ် ၊ ပိုင်ရှင်ရှိခွေးနဲ့ လိုင်စင်မဲ့ခွေးခွဲ၊ နောက်အိမ်မွေးခွေးတွေကို မှတ်ပုံတင်ခိုင်းပြီး ခွေးတွေကို လိုင်စင်ထုတ်ပေးဖို့နဲ့ ။ လေလွင့်ခွေးတွေကို ခွေးချစ်သူအဖွဲ့တွေ ခေါ်ယူတွေ့ဆုံပြီး သူတို့ဘယ်လောက်တာဝန်ယူပြီး စည်ပင်ကဘယ်လောက်တာဝန်ယူ ဆိုပြီးဆွေးနွေးကြဖို့ လို့ပြောပါတယ်။

ခွေးချစ်သူတွေရဲ့ အလှူငွေနဲ့ စည်ပင်နဲ့ချိတ်ဆက်ပြီး မေ့ဆေးမှုတ်ပြောင်းနဲ့ဖမ်းပြီး သင်းကွပ်ခြင်းနဲ့ သားဆက်ခြား ကာကွယ်ဆေးထိုးပြီး နောက်ပိုင်းတဖြည်းဖြည်း အကောင်ရေနည်းပြီး ထိန်းသိမ်းလာနိုင်မယ်လို့လည်း သူကရည် မှန်းထားပါတယ်။

ဘာကြောင့်သာကေတ ကန့်ကွတ်တာလဲ

ခွေးလေခွေးလင့်များ ကင်းစင်ပပျောက်ရေးအဖွဲ့မှ ကိုအောင်နိုင်ထွန်းကတော့ သာကေတက ရပ်ကွက် ၁၉ ခုမှာ ခွေးလေခွေးလွှင့် ၂၀၀၀ ထက်မက ရှိနိုင်တယ် လို့ ဘီဘီစီ ကို ပြောပါတယ် ။

သူတို့ထောက်ပြတာက ဒီလို ခွေးသားဆက်ခြားတာကို အောင်မြင်တဲ့အထိ ဘယ်သူတာဝန်ယူမှာလဲ၊ ခန့်မှန်းခြေ ခွေးလေခွေးလင့် ဘယ်နှရာခိုင်နှုန်းကို သားဆက် ခြားထားနိုင်မလဲ၊ ခွေးကိုက်ခံရတယတွေ ဆက်ရှိနေ ရင် ဘယ်သူတာဝန်ယူမှာလဲ စတာတွေ ဖြစ်ပါတယ် ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီးလုပ်တဲ့ တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှု ကာကကွယ်ရေးကွန်ရက်အဖွဲ့(AAA)အဖွဲ့ကို ဒီကိစ္စ နဲ့ ပတ်သက်လို့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီကိစ္စဟာ ရန်ပုံငွေလည်း လုံလောက်ရဲ့လားဆိုတာ မသေချာသလို လက်တွေ့လည်းမကျတာကြောင့် သူတို့ သာကေတဘက်က သဘောမတူတာ ဖြစ်နိုင်တယ်လို့ ခွေးလေလွင့်ခွေးလင့်များ ကင်းစင်ပပျောက်ရေးအဖွဲ့မှ ကိုအောင်နိုင်ထွန်းက ဘီဘီစီကို ပြောပါတယ် ။

ဘယ်လို ဆက်လုပ် ကြမလဲ

Image caption သားပေါက်တာကို မထိန်းချုပ်နိုင်တဲ့ အတွက် ပိုမိုများပြားလာ

၂၀၁၈အတွင်း တစ်နိုင်ငံလုံးမှာခွေးကိုက်ခံရသူဦးရေ စုစုပေါင်း ၁၉၀,ဝဝဝကျော် ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ခွေးရူးပြန်ရောဂါဟာ မြန်မာအပါအဝင် အာရှ နိုင်ငံတွေမှာ အရေးကြီးတဲ့ ကျန်းမာရေးပြဿနာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတင်းထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မနှစ်ကတော့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးငါးသောင်းကို တင်သွင်းခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ လေလွင့်ခွေးကောင် ရေပေါင်း ၃.၈ သန်း ကျော် ရှိပြီး ရန်ကုန် တမြို့လုံးမှာ တစ်သိန်းခုနစ်သောင်းကျော် ရှိတယ်လို့လည်း သက်ဆိုင်ရာ စာရင်းတွေအရ သိရပါတယ်။

ရန်ကုန်ဒုတိယ မြို့တော်ဝန်ကတော့ ရွေးကောက်ပွဲ အနိုင်ရပြီး သူ့ရဲ့ ကတိစကားအတိုင်း ခွေးလေခွေးလွှင့်ပြဿနာ စကိုင်စဉ် မှာ ပဲ အခုလိုကန့်ကွက်မှုတွေနဲ့ ကြုံရတာ ဖြစ်ပါတယ် ။လက်တွေ့မကျဘူးလို့လည်း ဝေဖန် တာတွေရှိနေပါတယ်။

"ခွေးကိစ္စက ကြိုက်တဲ့နည်းသုံးပါ အပြတ်ရှင်းဖို့ကို လိုနေပါပြီ။ အန္တရာယ်ကြီးတဲ့အဆင့်ဖြစ်နေပြီ။ ရှင်းပြီးမှ ဥပဒေနဲ့ မွေးခွင့်ပြုသင့်တယ်" လို့သာကေတ ခိုင်ရွှေဝါလမ်းနေသူတစ်ဦးက ပြောပါတယ် ။

ဆက်စပ် အကြောင်းအရာများ