ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာမည်နဲ့ တွစ်တာ အကောင့် အပိတ်ခံရ

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီအကောင့်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွစ်တာ အကောင့်မဟုတ်ဘူးလို့ ပြောပါတယ်။ ဓာတ်ပုံ မူပိုင် Anadolu Agency
Image caption တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီအကောင့်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွစ်တာ အကောင့်မဟုတ်ဘူးလို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာမည် အသုံးပြုထားတဲ့ တွစ်တာ အကောင့် အပိတ်ခံရတယ်ဆိုပြီး တွစ်တာ အသုံးပြုတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက တွစ်တာပေါ်မှာ ဖြန့်ဝေနေပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွစ်တာ အကောင့်ဆိုပြီး ပြောဆိုနေကြတဲ့ SGMinAungHlaing တွစ်တာ အကောင့်ဟာ မနေ့ မနက်ပိုင်း လောက်ကနေ စတင်ပြီး ဖွင့်လို့မရ ဖြစ်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ အကောင့်ကို တွစ်တာပေါ်ကနေ ဖယ်ရှား လိုက်တယ်ဆိုတဲ့ပုံကို မြန်မာ့အရေး လှုပ်ရှားသူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေ ကြပါတယ်။

အရင်က ဒီအကောင့်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ခရီးစဉ်တွေနဲ့ သူ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးကို ဖော်ပြလေ့ရှိပါတယ်။

ဒီအကောင့် ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး တွစ်တာက တရားဝင် ထုတ်ပြန် ကြေညာခဲ့ခြင်းတော့ မရှိပါဘူး။

Image caption ဒီအကောင့် ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး တွစ်တာက တရားဝင် ထုတ်ပြန် ကြေညာ ခဲ့ခြင်း တော့ မရှိပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီအကောင့်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွစ်တာ အကောင့်မဟုတ်ဘူးလို့ ပြောပါတယ်။

ပြီးခဲတဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတလွှားမှာ လုပ်ကြံသတင်းတွေရဲ့ ဒဏ်ခံရသူတွေနဲ့ Facebook၊ တွစ်တာနဲ့ ဂူဂဲလ်စတဲ့ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေ တာဝန်ရှိသူတွေ အမေရိကန် ကယ်လီဖိုးနီးယားမှာ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွစ်တာ အကောင့်ကို ဖျက်သိမ်းပေးဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားတဲ့သူတွေက တောင်းဆိုမှုတွေ ရှိခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီတောင်းဆိုချက်ကြောင့် အခုလို ဖယ်ရှားလိုက်တာဆိုတဲ့ ယူဆမှုတွေလည်း ရှိနေပါတယ်။

အရင်က ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ Facebookအကောင့်အပါအဝင် စစ်ဘက်နဲ့ ဆက်နွှယ်တဲ့ အကောင့်တွေကိုလည်း Facebookက ဖယ်ရှားခဲ့ဖူးပါတယ်။

ဆက်စပ် အကြောင်းအရာများ