မြန်မာကို ကမ္ဘာသိအောင်လုပ်ဖို့ ဘဝကိုပေးထားသူ မလီဗီ

ပြင်သစ်နိုင်ငံ နန့်စ် မြို့က မြန်မာပြခန်း ဖန်တီးရှင် မလေပြေ ဓာတ်ပုံ မူပိုင် Levi Sap Nei Thang
Image caption ပြင်သစ်နိုင်ငံ နန့်စ် မြို့က မြန်မာပြခန်း ဖန်တီးရှင် မလေပြေ

ပြင်သစ်နိုင်ငံ Nantes မြို့မှာ လောလောဆယ် ကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ လူမှု ဘဝနဲ့ ပန်းမန် ပြပွဲအတွက် ကမ္ဘာနိုင်ငံ အသီးသီးက ပြခန်းပေါင်း ၂၀၀ ကျော်မှာ မြန်မာ ပြခန်းလည်းပါဝင် ပါတယ်။

Nantes မြို့မှာ ၁၉၄၀ ခုနှစ်က စတင်ပြီး ၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ ဒီပွဲတော်ကို မြို့တော်ဝန်က ကမကထ လုပ်တာ ဖြစ်ပါတယ်။

မေလ ၈ ရက်ကနေ ၁၉ ရက်နေ့ အထိ ပြခန်းတွေကို ပြသထားမှာပါ။

ဓာတ်ပုံ မူပိုင် Levi Sap Nei Thang
Image caption မြန်မာပြခန်း ဖန်တီးရှင် မလီဗီကို နန့်စ် မြို့တော်ဝန်ကိုယ်တိုင် လက်ဆွဲ နှုတ်ဆက်

မြန်မာ ပြခန်းကို တာဝန်ယူ စီစဉ် ပြသသူကတော့ I Love Myanmar ပရဟိတ အဖွဲ့ကို ထူထောင်တဲ့ ချင်းတိုင်းရင်းသူ ဒေါ်လီဗီ ဆပ်နိုင်ထန်း ဖြစ်ပါတယ်။ သူ့ကို မလေပြေ လို့လည်း ခေါ်ကြပါတယ်။

သူက သူ့ဘဝကို မြန်မာနိုင်ငံအတွက် ပေးဆပ်ထားသူလို့ ခံယူထားပြီး အခုပြခန်းအတွက်လည်း ကိုယ်ပိုင်ငွေ ဒေါ်လာ နှစ်သောင်းခွဲ အကုန်အကျခံ ပြုလုပ်ထားတာလို့ ဆိုပါတယ်။

အလျား ပေ ၂၀၀၊ အနံပေ ၅၀ လောက် ရှိတဲ့ မြန်မာ ပြခန်းမှာ အခုတလော လူတွေ စိတ်ဝင်တစား ပြောဆိုနေကြတဲ့ မြစ်ဆုံဒေသက မေခ၊ မလိခ မြစ်တွေရဲ့ ပုံစံတွေ၊ မြန်မာနိုင်ငံကို ပြည်ပက ခရီးသည်တွေ လာရောက်ဖို့ စိတ်ဝင်စားနိုင်တဲ့ နေရာတွေ ဖြစ်တဲ့ အင်းလေးကန်နဲ့ ချင်းပြည်နယ်က ရိဒ် ရေကန် ပုံသဏ္ဍာန်တွေကို တကယ့် သစ်ပင်တွေ၊ ပန်းတွေ၊ ပစ္စည်း အစစ်တွေနဲ့ ပုံဖော် ဖန်တီးထားတယ်လို့ ဒေါ်လီဗီက ပြောပါတယ်။

ဒါ့အပြင် ကချင်၊ ချင်း အာခါ စတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ တိုင်းရင်းသား အဝတ်အထည် တွေကို ပြသထားရာမှာ လူတွေ စိတ်ဝင်စားကြတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Levi Sap Nei Thang
Image caption ကြည့်ရှုအားပေးသူတွေနဲ့ စည်ကားနေတဲ့ မြန်မာ ပြခန်း

တိုင်းရင်းသား ဝတ်စုံ ပြသရာမှာ ကချင် တိုင်းရင်းသား ဝတ်စုံကို ရွေးချယ်ခဲ့ပြီး ခေါင်းမှာတော့ ချင်းတိုင်းရင်းသားတွေရဲ့ သရဖူက လှတဲ့ အတွက် အဲဒါကို သုံးထားတယ်လို့ ဒေါ်လီဗီက ပြောပါတယ်။

Nantes မြို့မှာ ပြထားတဲ့ မြန်မာ ပြခန်းကို လူတွေ အများကြီး စိတ်ဝင်တစား လာကြည့်ကြတာ တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Levi Sap Nei Thang
Image caption မြန်မာပြခန်း ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်း ကူညီပေးကြသူတွေနဲ့ အတူ

မြို့တော်ဝန်က အခုလို နိုင်ငံတကာကို ဖိတ်ကြားပြီး ပြခန်းတွေ လုပ်တာဟာ တနည်းအားဖြင့် သူ့မြို့ကို ကမ္ဘာလှည့် ခရီးသည်တွေ ပိုသိအောင် လာလည်ကြအောင် လုပ်ဆောင်တာ ဖြစ်ပြီး သူ့အနေနဲ့လည်း မြန်မာနိုင်ငံမှာ တခြားနိုင်ငံက ပြခန်းတွေကို အခုလို ဖိတ်ခေါ်ပြီး လူသိများအောင် မြှင့်တင်ချင်တယ်လို့ ဒေါ်လီဗီက ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ ပြထားတဲ့ မြန်မာ ပြခန်းကို တူရကီနိုင်ငံ အိုနီကစ်စူဘတ် (Onikisubat) မြို့တော်ဝန် ကိုယ်တိုင် မေလ ၁၆ ရက် ကြာသပတေးနေ့မှာ လာရောက် ကြည့်ရှု အားပေးတယ်လို့ သူက ဆိုပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ် တူရကီမှာ ကျင်းပမယ့် လူနေမှု ဓလေ့ ပန်းမန် ပြပွဲကို မြန်မာ ပါဝင်ဖို့ ဖိတ်ခေါ်တဲ့ လက်မှတ်ထိုးပွဲကိုလည်း Nantes မြို့ မြန်မာပြခန်းမှာ ပြုလုပ်ခဲ့ ပါတယ်။

မကြာသေးခင်က ထိုင်ဝမ်မှာ ကျင်းပတဲ့ ပန်းခြံ ပြပွဲမှာလည်း မြန်မာ့ ဥယျာဉ် ပန်းခြံပြခန်းကို ၆ လကြာ ပါဝင် ပြသခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Levi Sap Nei Thang
Image caption ထိုင်ဝမ်က မြန်မာ့ ဥယျာဉ် ပြခန်းကတော့ ၆ လ ကြာခဲ့

ဒေါ်လီဗီ အကြောင်း တစေ့တစောင်း

ဒေါ်လီဗီက အမေရိကန် ပြည်ထောင်စုမှာ ၁၈ နှစ်ကြာ နေထိုင်နေသူဖြစ်ပြီး I Love Myanmar ပရဟိတ အဖွဲ့ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသကို ကိုယ်တိုင် သွားရောက်ပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရင်း သူနဲ့အတူပါလာတဲ့ ၁၁ လသား အရွယ် သမီးငယ်လေး ဆုံးပါး ခဲ့ရ ပါတယ်။

နာဂစ်ပြီးခါစ အချိန်က သူတည်ထောင်ထားတဲ့ I Love Myanmar အဖွဲ့က မုန်တိုင်းသင့် ဒေသမှာ ပရဟိတ အဖွဲ့ အစည်းအနေနဲ့ အကူအညီ ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ပရဟိတ အဖွဲ့ အနေနဲ့ မှတ်ပုံတင်ခွင့် မရလို့ ကုမ္ပဏီ အနေနဲ့ မှတ်ပုံတင်ခဲ့ရ ပါတယ်။

အခုတော့ ပြည်တွင်းမှာ ပရဟိတ အဖွဲ့အစည်းတွေ အမျိုးမျိုး ပေါ်လာပြီဖြစ်လို့ သူ့အနေနဲ့ ပြည်တွင်းကို အဓိကထား ကူညီစရာမလိုတော့တဲ့ အတွက် ပြည်ပမှာ မြန်မာ ကို ကမ္ဘာက သိအောင် သူ စွမ်းဆောင်နိင်တဲ့ နည်းလမ်းနဲ့ ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ ဒေါ်လီဗီက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကျေးလက်က အနုပညာပြခန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သံဃာတော်နဲ့ မယ်သီလရှင်တွေရဲ့ ပုံတွေကြောင့် ထင်ရှားတဲ့ ပန်းချီကျော် မင်းဝေအောင်

ဆက်စပ် အကြောင်းအရာများ