တရုတ်လျှပ်စစ် မြန်မာ ဝယ်မယ့် အစီအစဉ် အပါအဝင် မနက်ခင်းသတင်းများ

Image caption မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကနေ လျှပ်စစ်ဓါတ်အား မဂ္ဂဝပ် တစ်ထောင်လောက် ဝယ်ယူဖို့ညှိနှိုင်းမှုတွေ စတင်လုပ်ဆောင်

တရုတ်ကနေ လျှပ်စစ်ဓာတ်အား မြန်မာဝယ်မယ်

မြန်မာနိုင်ငံ အနေနဲ့ တရုတ်နိုင်ငံကနေ လျှပ်စစ်ဓါတ်အား မဂ္ဂဝပ် တစ်ထောင်လောက် ဝယ်ယူဖို့ညှိနှိုင်းမှုတွေ စတင်လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ရှိတဲ့ လျှပ်စစ်ဓါတ်အားကို တရုတ်နိုင်ငံထဲကို ရောင်းခဲ့သလို လက်ရှိ တရုတ်နိုင်ငံက ဒေသတချို့မှာလည်း အသုံးပြုနေပါတယ်။ ဒါပေမယ့် ခုတော့ မြန်မာက တရုတ်ကနေ ပြန်ဝယ်ဖို့ လုပ်နေပါပြီ

ဒီလို လုပ်ရတာနဲ့ ပတ်သက်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က သံရုံးကနေတဆင့် တရုတ်အစိုးရကုမ္ပဏီနဲ့ ဝန်ကြီးဌာနနဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့ အဆင့်ပဲ ရှိသေးတယ်။ဆွေးနွေးတဲ့ အဆင့်ပဲရှိသေးတယ် လို့ပြောပါတယ်။

တပ်မတော် အစိုးရလက်ထက်ကတော့ ရွှေလီရေအားလျှပ်စစ်စက်ရုံက ထွက်တဲ့ မီဂါဝပ် ၃၀၀ လောက်ကို တရုတ်နိုင်ငံကို ရောင်းချထားသလို တာပိန် ရေအားလျှပ်စစ်က ထွက်တဲ့ ရေအားလျှပ်စစ်အချို့ကိုလည်း တရုတ်နိုင်ငံဖက် ရောင်းချခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ တရုတ်နိုင်ငံအနေနဲ့ သူ့နိုင်ငံမှာ လျှပ်စစ်ဓာတ်အား မီဂ္ဂါဝပ် ၃,၀၀၀ ကျော် ပိုလျှံနေတဲ့အတွက် ပိုလျှံ လျှပ်စစ်ဓါတ်အားထဲက တချို့ကို မြန်မာနိုင်ငံကို ရောင်းချဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

တောင်ဒဂုံမှာ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းပွဲ ဖျက်ဆီးခံရ

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ္မဇာန် ဥပုသ်လ ဝတ်ပြုမှုများကို လူတစ်စုက ဝင်ရောက်ပြီး တားဆီးမှုကို မေလ ၁၅ ရက်နေ့ညက ပြုလုပ်ခဲ့ပါတယ်။

မွတ်စလင် ဥပုသ်လ ကာလအတွင်းမှာ တောင်ဒဂုံက အစ္စလာမ် ဘာသာဝင်တွေ အတွက် ဒီဝတ်ပြုဆုတောင်းပွဲတွေလုပ်ဖို့ ၁၀၆၊ ၆၄နဲ့ ၂၆ ရပ်ကွက်က အိမ်တချို့မှာ အစ္စလာမ်အဖွဲ့တွေရဲ့ လျှောက်ထားချက် အရဒေသခံ အာဏာပိုင်တွေက ခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ ဝတ်ပြုဆုတောင်းသူတွေက ပြောပါတယ်။

ဒါပေမယ့် အခုလို ဝတ်ပြုတဲ့နေရာတွေကို မျိုးချစ်အမည်ခံ လူတချို့က ဝင်ရောက်စစ်ဆေး ခဲ့ပြီး ဝတ်ပြုဆုတောင်းသူ အစ္စလာမ် ဘာသာရေး လူကြီးတွေကို နောင်မှာ ထပ်မံဝတ်ပြုတာမလုပ်ဖို့ ခံဝန်ရေးထိုးခိုင်းခဲ့ပါတယ်။

နံနက် ၁နာရီခွဲခန့်မှာတော့ လူစုကွဲသွားခဲ့တယ်လို့ တောင်ဒဂုံဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တွစ်တာအပစ်ခံရတယ်လို့ ဖြန့်ဝေ

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တွစ်တာအပိတ်ခံရတယ်လို့ ဖြန့်ဝေ

မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွစ်တာ အကောင့် အပိတ်ခံရတယ်ဆိုပြီး တွစ်တာအသုံးပြုတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက တွစ်တာမှာ ဖြန့်ဝေခဲ့ကြပါတယ်။

SGMinAungHlaing တွစ်တာ အကောင့်ဟာ မနေ့က မနက်ပိုင်းလောက်ကနေ စတင်ပြီး ဖွင့်မရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကောင့်ကို တွစ်တာပေါ်ကနေ ဖယ်ရှားလိုက်တယ်ဆိုတဲ့ပုံကို မြန်မာအရေး လှုပ်ရှားသူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြပါတယ်။

အရင်က ဒီအကောင့်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းခရီးစဉ်တွေနဲ့ သူ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဖော်ပြလေ့ရှိပါတယ်။

ဒီအကောင့် ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး တွစ်တာက တရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီအကောင့်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွစ်တာ အကောင့်မဟုတ်ဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်နယ်ထရမ့် လင်ကွန်း အမှတ်တရ အဆောက်အအုံရှိရာ သွားပြီး သူ့ကို ဂုဏ်ပြုသူတွေ နဲ့တွေ့ဆုံ

အမေရိကန် ဆက်သွယ်ရေး ကွန်ရက်အတွက် အမျိုးသားအဆင့် အရေးပေါ် အမိန့်ထုတ်

အမေရိကန်နိုင်ငံမှာ သမ္မတဒေါ်နယ်ထရမ့်ဟာ အမေရိကန်ဆက်သွယ်ရေး ကွန်ရက်တွေကို ပြည်ပရန်တွေကနေ ကာကွယ်ဖို့ဆိုပြီး အမျိုးသားအဆင့် အရေးပေါ် အမိန့်ဒီကရီတစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီအမိန့်ကြောင့် အမေရိကန်ကုမ္ပဏီတွေဟာ လုံခြုံရေး အန္တရာယ်ဖြစ်စေနိုင်မယ့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို အသုံးပြုခွင့် တားမြစ်ခံရမှာပါ။ ဒီအမိန့်ထဲမှာ ဘယ်ကုမ္ပဏီဖြစ်တယ်ဆိုတာ နာမည်တပ်မပြောထားပေမဲ့ နိုင်ငံရေး လေ့လာ အကဲခတ်တွေကတော့ ဒါဟာ တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ ဟွာဝေးကို ပစ်မှတ်ထားတာလို့ သုံးသပ်ပါတယ်။

ဟွာဝေးကုမ္ပဏီဘက်ကတော့ အမေရိကန်မှာ ဟွာဝေးကို စီးပွားရေး လုပ်ဆောင်ခွင့်မပေးတာဟာ အမေရိကန် စားသုံးသူတွေနဲ့ ကုမ္ပဏီတွေကိုပဲ ထိခိုက်မှု ဖြစ်စေလိမ့်မယ်လို့ ပြောထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ လူစာရင်းကို ဆီးနိတ် လွှတ်တော်က ကြားနာ အတည်ပြုဖို့ ရှိ

တရုတ်ဟာ ဟွာဝေးထုတ်ကုန်တွေကို ထောက်လှမ်းရေးအတွက် အသုံးပြုနိုင်တယ်လို့ ဆိုပြီး အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများမှာ စိုးရိမ်မှုတွေ ပြီးခဲ့တဲ့လတွေအတွင်း မြင့်တက်လာနေတာပါ။ ဟွာဝေးဘက်ကတော့ ဒီစိုးရိမ်မှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ