အပူဒဏ်လွန်ကဲမှုကြောင့် အပူလျှပ် သေဆုံးသူ အယောက် ၃၀ အထိ ရှိလာ

တနိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ၃၀ဦးရှိတဲ့အနက် အမျိုးသားကအများစုဖြစ် ဓာတ်ပုံ မူပိုင် NAY NAING
Image caption တနိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ၃၀ဦးရှိတဲ့အနက် အမျိုးသားကအများစုဖြစ်

ဒေသအချို့မှာ အပူချိန်တွေ စံချိန်တင်မြင့်တက်လာပြီးတဲ့နောက် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ကရင်၊ရခိုင်၊ နေပြည်တော် စစ်ကိုင်းစတဲ့ တိုင်းနဲ့ပြည်နယ် ၉ ခုမှာ ၁ လကျော်ကာလအတွင်း အပူလွန် ကဲမှုကြောင့် (heat stroke ) ဖြစ်ပွားသူ ၁၄၉ ဦးရှိတဲ့အနက် သေဆုံးသူ အယောက် ၃၀ ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ၊ သဘာဝဘေးဌာနခွဲ ကနေ သိရပါတယ်။

ဧပြီ ၁၃ ရက်နေ့ကနေ မေ ၁၄ရက်နေ့ အထိ သေဆုံးသူ အယောက် ၃၀ ရှိခဲ့တဲ့အနက် ပဲခူးတိုင်း ဒေသကြီး မှာ သေဆုံးသူ ၁၁ ဦးအထိရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၈ ဦးသေဆုံးခဲ့ပါတယ်။

' ' အပူရှိန်လွန်ကဲလို့ သေဆုံးသူတွေထဲမှာ အရက်သောက်တဲ့သူတွေ၊ သွေးတိုး စတဲ့ရောဂါ အခံရှိတဲ့သူတွေ ပါပါတယ်၊ အခုလို ထိခိုက်သေဆုံးတာတွေမဖြစ်စေဖို့ အပူဒဏ်ကာကွယ်ရေးသတိပေးတာ အသိပညာ ပေးတာတွေလည်း လုပ်ထားပါတယ်၊ အပူရှောင်စခန်းတွေဖွင့်တာကိုလည်း တိုင်းနဲ့ပြည်နယ် တွေမှာ လုပ်နေပါ တယ်၊'' လို့ ကျန်းမာရေးဦးစီးဌာန၊ သဘာဝဘေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်နန်းလုံက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် ROMEO GACAD/AFP/GETTY IMAGES
Image caption အပူချိန်မြင့်မားတာတွေဟာ လာမယ့် သြဂုတ်လအထိ ခံစားရနိုင်

ဧပြီလထဲကပင် ရန်ကုန်အပါအဝင် ဒေသအချို့မှာ နှစ်ပေါင်း ၅၀အတွင်း အမြင့်ဆုံးစံချိန်တွေအထိ မြင့်တက် လာခဲ့ပြီးနောက် ပဲခူး၊ ချောက်၊ ပြည် စတဲ့ မြို့နယ်အများစုမှာ အပူရှောင်စခန်းတွေကို လည်းဖွင့်လှစ်ထားခဲ့ရ ပါတယ်။

ယခုလအတွင်းမှာပဲ လူ ၃ ဦးသေဆုံးခဲ့ရတဲ့ ချောက်မြို့နယ်အတွင်းမှာလည်း အပူရှောင်စခန်းတွေ ဖွင့်လှစ် ခဲ့တဲ့အပြင် အပူဒဏ်သက်သာစေဖို့ ရေချိုးစခန်းကိုလည်း ဖွင့်လှစ်ပေးခဲ့တယ်လို့ ချောက်မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်ဆွေဝင်းကဘီဘီစီကိုပြောပါတယ်။

'' ဒီရက်ထဲမှာ မီးကလည်းပြတ် နေကလည်းပူတယ်၊ အပူချိန်ကလည်း ၄၅ လောက်ရှိတယ်၊ လူတွေ အပူသက်သာအောင်ရည်ရွယ်ပြီး ရေချိုး စခန်း လေးတစ်ခုကို မြို့ပေါ်မှာဖွင့်ပေးထားတယ်၊ ဒီရက်ထဲမှာဆို မိုးရွာအောင်လို့ မိုးကောင်းဘုရားပင့်ပြီး ပဋ္ဌာန်း ရွတ်တယ်၊ ကမ္မဝါညှပ်တယ် သုံးလေးရက်လောက်လုပ် တယ်၊ မနေ့က မိုးနည်းနည်းစရွာလို့ တော်သေးတယ်''လို့ ဦးကျော်ဆွေဝင်းက ချောက်မြို့မှာ အပူဒဏ် ခံစားရတဲ့ အခြေအနေကိုပြောပြပါတယ်။

ရာသီဥတုကြောင့် အပူချိန်မြင့်မားတာတွေဟာ လာမယ့် သြဂုတ်လအထိ ခံစားရနိုင်တယ်လို့လည်း မိုးလေ ဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

နေ့အပူချိန်တွေဟာ ပုံမှန်ထက်မြင့်တက်နေတဲ့အတွက် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီ ဝန်းကျင် အတွင်း အပြင်ထွက်တာကို သတိထားဖို့နဲ့ မဖြစ်မနေအပြင်ထွက်ရင်လည်း နေရောင်ခြည် တိုက်ရိုက် မထိ အောင် ထီး၊ ဖိနပ် အရိပ်ရစေမယ့်အရာတွေကို ယူဆောင်သွားဖို့၊ အဝတ် အစား ကို လက် လည်ပင်း နဲ့ပခုံးကိုပါ ကာကွယ်ပေးနိုင်တဲ့ အဝတ်တွေကို ဝတ်ဆင်ဖို့လိုအပ်တယ်လို့လည်း ကျန်းမာရေး ဝန်ကြီး ဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

ပြင်းထန်တဲ့အပူချိန်ကြောင့် သတိလစ်တာမျိုး (heat stroke) ဖြစ်ပါက အချိန်မီ မကုသနိုင်ရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် အများပြည်သူအနေနဲ့ ဒီလိုဖြစ်ရပ်မျိုးကိုကြုံတွေ့ပါက လူနာကို အရိပ်ရတဲ့နေရာကိုရွှေ့ပြောင်းပေးတာမျိုး၊ဆေးရုံဆေးပေးခန်းကို အချိန်မီ ပို့ဆောင်ပေးတာမျိုးတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီး ဌာနက အသိပေးနှိုးဆော်ထားပါတယ်။