နေပူရေရှားတဲ့ ချောက်မှာ အခမဲ့ ရေချိုးစခန်းဖွင့် ကုသိုလ်ယူသူ

ချောက်မြို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်း မှာရှိပြီးတော့ တစ်နိုင်ငံလုံးမှာ အပူချိန်အမြင့်ဆုံးဒေသတစ်ခု ဖြစ်ပါတယ် ဓာတ်ပုံ မူပိုင် NAY NAING
Image caption ချောက်မြို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရှိပြီးတော့ တစ်နိုင်ငံလုံးမှာ အပူချိန်အမြင့်ဆုံးဒေသတစ်ခု ဖြစ်ပါတယ်

ချောက်မြို့ဟာ မြန်မာနိုင်ငံက အပူဆုံးဒေသထဲမှာ ပါပြီးတော့ ဒီနှစ်မှာ ၄၇ဒီဂရီ စင်တီဂရိတ်ကျော်ထိ ပူနေတဲ့ဒေသ ဖြစ်ပါတယ်။

နေပူရတဲ့ အထဲ မီးကမလာသလို ရေကလည်း ရှားတော့ လူတွေ အတော်ကို ဒုက္ခရောက်ကြပါတယ်။

ကိုလင်းဌေးက ချောက်မြို့ဇာတိပါ။

သူက အမှတ် ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ်ပါတယ် ဒီ အခက်အခဲကို ဖြေရှင်းဖို့ သူ့စိတ်ကူးကို လွန်ခဲ့တဲ့ လေးရက်လောက်က စခဲ့ပါတယ်။ ရေတိုင်ကီလေးတွေ ငှားပါတယ်၊အမိုးအကာလေးတွေ လုပ်ပါတယ်။ ဒီလိုနဲ့ လူ ၄၀ လောက် ရေချိုးနိုင်တဲ့ နေရာလေးတွေ ဖန်တီးပါတယ် ။

ဧရာဝတီမြစ်ထဲက ရေကို ကားနဲ့ သယ်ပါတယ်။ အခုတော့ ချောက်မှာ တစ်ရက်ကို လူ ၃၀၀ လောက် ရေအခမဲ့ လာချိုးနိုင်တဲ့ နေရာတစ်ခုဖြစ်လာပါပြီ၊ အပူပိုင်းဒေသ ချောက် မြို့က လူတွေ အတွက်တော့အိုအေစစ် တစ်ခု ဖြစ်လာပါတယ် ။

ခြောက်သွေ့လွန်းသော ချောက်

ဓာတ်ပုံ မူပိုင် NAY NAING
Image caption ချောက် မြို့ ကလူ ၃၀၀ လောက် နေ့စ႕ဉ် ရေလာချိုးကြပါတယ်

ချောက်မြို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရှိပြီးတော့ တစ်နိုင်ငံလုံးမှာ အပူချိန်အမြင့်ဆုံးဒေသတစ်ခု ဖြစ်ပါတယ်။ ပျမ်းမျှ အပူချိန်က အခုရက်ပိုင်း ၄၅ ဒီဂရီ စင်တီဂရိတ်လောက် ရှိပါတယ်။

ချောက်က စည်ပင်ရေက အခုရက်ပိုင်း တစ်ရက် ကို ၄၅ မိနစ်ပဲ ရေပေးပါတယ်။ နွေဆိုတော့ စည်ပင်ရေလာတာ နည်းတယ်လို့ ချောက်ဒေသခံ တစ်ဦးက ပြောပါတယ် ။

"ရပ်ကွက်ထဲမှာဆိုလည်း ရေမလာဘူး။ အိမ်မှာဆိုလည်း မျက်နှာသစ်ဖို့လောက်ပဲ ရှိတာ။ ရေလည်းမချိုးရ၊ တနေကုန် အလုပ်လုပ်ပြီး ချွေးတွေနဲ့ နေနေရတာ။ ခုလို ရေချိုစခန်းလေး ဖွင့်ပေးတော့ အဆင်ပြေတာပေါ့။ ရေက အပူကြီး မဟုတ်ပါဘူး။ ချိုးလို့ရတဲ့ ရေအေးပါ'' ဟု မိသားစုလိုက် ရေလာချိုးသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခု အခမဲ့ ရေချိုးခန်း ဖွင့်တဲ့နေရာဟာ စည်ပင်ရေ သိပ်မရတဲ့ နေရာတစ်ခု ဖြစ်ပြီး ချောက်မှာ ရေရှားတဲ့နေရာလည်း ဖြစ်ပါတယ်။

ရေချိုးခန်းကို မြို့တောင်ဘက်က အမှတ် ၁၅ နယ်မြေ ရတနာအိုင့်ရပ် လမ်းမတော်လမ်းက လူကူးတံတားလေးပေါ်မှာ မေလ၁၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး မနက် ၅ နာရီကနေ ၉ နာရီ ၊ ညနေ ၆ နာရီက နေ ည ၈ နာရီအထိ ရေချိုးချိန်အဖြစ် သတ်မှတ်ထားပါတယ်။

စိတ်ကူးပေါက်လို့ကုသိုလ်ယူ

ဓာတ်ပုံ မူပိုင် NAY NAING
Image caption ဒီတံတားလေးပေါ်မှာ ဖွင့်ထားတာပါ။ တစ်ရက် ရေကား၃ စီးလောက် ကုန်ပါတယ်။

"ကျွန်တော်အသံချဲ့စက်နဲ့ လှည့်ပြီး လိုက်အော်ပါတယ်။ အဲဒီနေ့က စပြီး လူကတော့ မပြတ်ဘူး ခင်ဗျ။ တစ်ရက်ကို ရေကား၂ စီးလောက် ဖြည့်ရပါတယ် "လို့လည်း ဒီစခန်း ဖွင့်တဲ့ အလှူရှင် ကိုလင်းဌေးက ပြောပါတယ်။ "အရင် ကတော့ မနက် ၉နာရီအထိရေ ချိုးဖို့ ခွင့်ပြုပေမဲ့ အခု ကတော့ ရာဦ ဥတု ကပို ပူလာလို့ မနက် ၈ နာရီလောက် အထိ ပဲ ပြန် သတ်မှတ် ထားပါ တယ်" လို့ လည်း သူက ဆက်ပြီး ရှင်းပြပါတယ် ။

အရင်ကတော့ ချောက်မှာ ဒီလိုရေချိုးခန်းတွေ မရှိကြောင်းနဲ့ စိတ်ကူးပေါက်လို့ ကုသိုလ်ယူတာ ဖြစ်တယ်လို့လည်း သူ့အပြောအရ သိရပါတယ် ။

ချောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတော့ ရေချိုးစခန်းမှာ လာရောက်ရေချိုးသူတွေ များလာရင် ရပ်ကွက် နှစ်ရပ်ကွက်မှာ ရေချိုးစခန်း နှစ်ခုထပ်မံဖွင့်လှစ်ပေးသွားမယ် လို့လည်း ပြောပါတယ် ။

ချောက်မြို့ရဲ့ နွေဥတု ကျက်သရေ

ဓာတ်ပုံ မူပိုင် AFP
Image caption အပူဒဏ်သက်သာစေဖို့ ရေချိုးစခန်းကိုလည်း ဖွင့်တာလို့ပြော

ရေချိုးစခန်းအတွက်ရေကို ကိုလင်းဌေးဟာ ရေရောင်းတဲ့ ရေကားဆီက ဝယ်ရပါတယ်။ တချို့ရက်တွေမှာ ရေကား မရလို့ ရေပြတ်သွားတာတွေရှိပါတယ်။ မနေ့ကဆို ရေကား၃ စီး မှာရတယ်လို့ သူကပြောပါတယ်။

သူက လက်ဖက်ရည်ဆိုင် ကားအော်ဒါလိုက်တဲ့လုပ်ငန်း စီးပွားရေးတွေ လုပ်ပါတယ်။

ဧရာ၀တီမြစ်ထဲက ရေသယ်ရောင်းတဲ့ ရေကား ချောက်မြို့မှာ ၃စီး ပဲရှိပြီးတော့ ကုသိုလ် လုပ်တဲ့ ကိုလင်းဌေး မှာရင် ဈေးလျှော့ပေးကြပါတယ်။ ပုံမှန်ဈေး တစ်သောင်းကို ခုနှစ်ထောင် ပဲယူကြပါတယ်။ရေချိုးခန်း ရေမပြတ်ရေးကတော့ သူနေ့စဉ် ကြိုးပမ်းရတယ်လို့လည်း ကိုလင်းဌေးက ရှင်းပြပါတယ်။

ပူအိုက်လှတဲ့ ဒီလိုအချိန်မှာ ရေချိုးချိန် မှန်ဖို့လိုသလို ရေချိုးမှားပြီး အပူလျှပ်တဲ့ဒဏ်ကို ရေချိုးစခန်းက အချိန်ကန့်သတ်ထားလို့ ထိန်းနိုင်တယ်လို့လည်း သူ့ရဲ့ အခမဲ့ ရေချိုးစခန်း နဲ့ပတ်သက်လို့လည်း သူကပြောပါတယ်။

အပူကြောင့် လူတွေ ဘာတွေကြုံနေရလဲ

ဒေသအချို့မှာ အပူချိန်တွေ စံချိန်တင်မြင့်တက်လာပြီးတဲ့နောက် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ကရင်၊ရခိုင်၊ နေပြည်တော်၊ စစ်ကိုင်းစတဲ့ တိုင်းနဲ့ပြည်နယ် ၉ ခုမှာ ၁ လကျော်ကာလအတွင်း အပူလွန် ကဲမှုကြောင့် (heat stroke ) ဖြစ်ပွားသူ ၁၄၉ ဦးရှိတဲ့အနက် သေဆုံးသူ အယောက် ၃၀ ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန သဘာဝဘေးဌာနခွဲ ကနေ သိရပါတယ်။

ဧပြီ ၁၃ ရက်နေ့ကနေ မေ ၁၄ရက်နေ့ အထိ သေဆုံးသူ အယောက် ၃၀ ရှိခဲ့တဲ့အနက် ပဲခူးတိုင်း ဒေသကြီး မှာ သေဆုံးသူ ၁၁ ဦးအထိရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၈ ဦးသေဆုံးခဲ့ပါတယ်။

အခုလအတွင်းမှာပဲ လူ ၃ ဦးသေဆုံးခဲ့ရတဲ့ ချောက်မြို့နယ်မှာလည်း အပူရှောင်စခန်းတွေ ဖွင့်လှစ်ခဲ့တဲ့အပြင် အပူဒဏ်သက်သာစေဖို့ ရေချိုးစခန်းကိုလည်း ဖွင့်လှစ်ပေးခဲ့တယ်လို့ ချောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ဘီဘီစီကို ပြောပါတယ်။

နိုင်သလောက်ကုသိုလ်

ချောက်မြို့မှာတော့ မေလကုန်လောက် အထိ အပူချိန်တွေ မြင့်နေဖို့ ရှိတာကြောင့် အခုလို သတိပေးမှုတွေ ဆက်ရှိနိုင်တယ်လို့လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။

ကိုလင်းဌေးရဲ့ရေချိုးခန်း အစီစဉ်ကို ကန့်လန့်တိုက်တဲ့လူ အနည်းငယ် ရှိသလို့ တချို့ကလည်း ရေဖိုးလှူဒါန်းမှုတွေရှိပါတယ်။

ရေချိုးခန်းလုပ်တဲ့နေရာက ချောင်းကူးတံတားပေါ်မှာ လုပ်ထားလို့ ကန့်ကွက်တဲ့သူရှိပေမဲ့ အဲလို ကန့်ကွက်သူက အနည်းငယ်သာ ဖြစ်တယ်လို့ ဒေသခံ တချို့ဆီက ပြောပါတယ်။

ရေလာချိုးတဲ့ လူတွေအများစုက ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုလင်းဌေးကို ကျေးဇူးတင်ကြောင်း ပြောကြပါတယ်။ လောလောဆယ်တော့ ချောက် မြို့ကလူ ၃၀၀ လောက် ကတော့ ကိုလင်းဌေးကို နေ့စဉ်ကျေးဇူးတင် နေကြပါတယ်။

"ကျွန်တော်ကတော့ မိုးမကျမချင်း ဒီအစီစဉ်ကို ဆက်လုပ်မှာပါ။ အလှူလည်းမခံပါဘူး။ ကို့ယ်ငွေနဲ့ကိုယ် နိုင်သလောက် ဆက်လုပ်မှာပါ။ လူတွေ လိုအပ်တဲ့အချိန် အထိပေါ့"လို့ ကိုလင်းဌေးက ပြောပါတယ် ။