ကယားပြည်နယ်အတွင်း အရေးကြီးကာလအဖြစ် သတ်မှတ် စတဲ့ မေလ ၁၇ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် YE' NAUNG (7 COLOUR)
Image caption ဗိုလ်ချုပ် ကြေးရုပ်တု ရွှေ့ပြောင်းရေးကိစ္စနဲ့ ပတ်သက်လို့ အငြင်းပွားမှု ဖြစ်ပွားနေတဲ့ ကယားပြည်နယ်မှာ အရေးကြီးကာလအဖြစ် သတ်မှတ်

(၁) ကယားပြည်နယ်အတွင်း အရေးကြီးကာလအဖြစ် သတ်မှတ်

ကယားပြည်နယ်အတွင်း မေလ ၁၄ ရက်က စတင်ပြီး အရေးကြီးကာလအဖြစ် သတ်မှတ်လိုက်သလို နယ်မြေလုံခြုံရေးနဲ့ ရုံးလုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ဖို့နဲ့ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပွားလာရင် တင်ပြဖို့ ကယားပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုးက သတင်းထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ် ကြေးရုပ်တု ရွှေ့ပြောင်းရေးကိစ္စနဲ့ ပတ်သက်လို့ အငြင်းပွားမှု ဖြစ်ပွားနေတဲ့ ကယားပြည်နယ်မှာ ကြေးရုပ်တု တည်ရှိတဲ့ လွိုင်ကော်မြို့က ကန္ဒာဟေဝန်ပန်းခြံတဝိုက်နဲ့ အစိုးရရုံးအဖွဲ့ တည်ရှိတဲ့ နေရာတဝိုက်မှာ သံဆူးကြိုးတွေ ထပ်မံ ကာရံထားသလို လုံခြုံရေးတွေ တိုးမြှင့်ချထားတာ တွေ့ရတယ်လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက် က ကယားပြည်နယ် အစိုးရရုံးမှာ ပြုလုပ်တဲ့ ဗိုလ်ချုပ်ကြေးရုပ်တု ရွှေ့ပြောင်းရေး ညှိနှိုင်း အစည်းအဝေးမှာ ဗိုလ်ချုပ်ကြေးရုပ်တု လုံးဝ မရွှေ့နိုင်ဘူးလို့ ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုလို့ ကြေးရုပ်တု ရွှေ့ပြောင်းရေးကိစ္စ ဆွေးနွေးပွဲ ပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။

(၂) ကရင်ပြည်နယ် လူမှုရေးဝန်ကြီးကို ရာထူးက နုတ်ထွက်ခွင့် သမ္မတခွင့်ပြု

ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာနရဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ တင်ဝင်းကျော်ကို ဆန္ဒသဘောထားအလျောက် ရာထူးကနေ နုတ်ထွက်ခွင့် ပြုလိုက်ပြီလို့ သမ္မတရုံးက မေလ ၁၆ ရက်စွဲ့နဲ့ ထုတ်ပြန်ကြေညာပါတယ်။

လူမှုရေးဝန်ကြီး ဒေါက်တာ တင်ဝင်းကျော်ဟာ အူမကြီးကင်ဆာ ရောဂါ ခံစားနေရလို့ သူရဲ့ ကျန်းမာရေး အခြေနေကြောင့် တာဝန်က နုတ်ထွက်တာလို့ ကရင်ပြည်နယ်ရဲ့ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းက ပြောပါတယ်။

"အူမကြီးကင်ဆာ ခံစားနေရတာ ကြာပြီ။ သူက ကိုယ်တိုင် ဆရာဝန်လည်း ဖြစ် သူ့ရဲ့အစိုးရအဖွဲ့ တာဝန်ကိုလည်း လုပ်နိုင်တော့ ဆေးကုရင်း တာဝန်တွေ ဆက်လုပ်ဖို့ ပြောလို့ လုပ်နေတာ။ ဒီနှစ်ပိုင်းက စပြီး ရောဂါ ပိုဆိုးလာလို့ ခုလို နုတ်ထွက်ခွင့် တင်ခဲ့တာပါ" ဦးမင်းတင်ဝင်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Rakhine Ethnics Congress -REC
Image caption မြောက်ဦးမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေက ယာယီနေအိမ်တွေ အမိုးအကာတွေ ပျက်စီးပြီး အခက်အခဲဖြစ်နေကြ

(၃) မြောက်ဦးက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေ မိုးရွာသွန်းလို့ပျက်စီး

လေပြင်းတိုက်ပြီး မိုးရွာသွန်းလို့ မြောက်ဦးမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေက ယာယီနေအိမ်တွေ အမိုးအကာတွေ ပျက်စီးပြီး အခက်အခဲဖြစ်နေကြတယ်လို့ ရခိုင်တိုင်းရင်း သားမျိုးနွယ်များ အစည်းအရုံး က (Rakhine Ethnics Congress -REC) ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်းစခန်တွေ လက်ခံတည်ရှိတဲ့ ကျေးရွာတွေက နေအိမ်တချို့လည်း အမိုးအကာတွေ ပျက်စီးပြီး လက်ရှိမှာ ဒုက္ခသည်တွေဟာ နေစရာနဲ့ ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေ ဖြစ်နေကို တွေ့ရတယ်လို့ REC က ဆိုပါတယ်။

အမိုးအကာတွေ ပျက်စီးပြီး အခက်အခဲကြုံနေရတဲ့ စခန်းတွေဟာ လေးမြို့မြစ် အထက်ပိုင်းမှာရှိတဲ့ ရှော်မီ၊ စင်းဘော်ကိုင်း၊ ဆင်ကဲ စခန်းများ၊ မြောက်ဦးမြို့ပေါ်မှာ ရှိတဲ့ မြတန်းစောင်း၊ ဒိုင်းကျီ၊ စခန်းများ၊ တိန်ညိုတိုက်နယ် အနီးတဝိုက်ရှိ တိန်ညို၊ ခွဆုံ၊ ဘုရားလှ (ပြလှ)၊ ဝက်လှ၊ သျှင်ကျော်၊ ကင်းချောင်း၊ ပီးပင်ရင်း စခန်းတွေ ဖြစ်ပါတယ်။

မိုးဆက်ရွာရင် နေရေးထိုင်ရေးနဲ့ ချက်ပြုတ်စားသောက်တဲ့ အပိုင်းမှာ အခက်အခဲ ပိုဖြစ်လာသလို ခြင်၊ယင်တွေလည်း ပေါလို့ ရောဂါတွေ ဖြစ်လာမှာ စိုးရိမ်တယ်လို့ စစ်ဘေးရှောင် ဒုက္ခသည်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာလည်း မိုးရာသီကာလ ရှေ့ပြေး အဖြစ် မိုးသက်လေးပြင်း ကျတာ လေဆင်နှာမောင်း ကျရောက်မှု ဖြစ်ပေါ်တတ်ပြီး မေလ ၁၅ ရက်က မိုးလေပြင်းထန်စွာ ရွာတဲ့အတွက် မြောက်ဦးမြို့နယ်က လူနေတဲအိမ်ပေါင်း ၃၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။

Image caption အဝေးသင်တက္ကသိုလ် စာမေးပွဲမေးခွန်းကို သက်ဆိုင်ရာ တက္ကသိုလ်တွေကသာ မေးခွန်းထုတ် စစ်ဆေးတဲ့ စနစ်ကို ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။

(၄) အဝေးသင်တက္ကသိုလ် စာမေးပွဲမေးခွန်း သက်ဆိုင်ရာတက္ကသိုလ်တွေက ထုတ်မယ်

၂၀၁၉ အဝေးသင်တက္ကသိုလ် စာမေးပွဲ ကျင်းပချိန်က စလို့ စာမေးပွဲမှာ စစ်ဆေးမယ့်် မေးခွန်းလွှာတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေကသာ မေးခွန်းထုတ် စစ်ဆေးတဲ့ စနစ်ကို ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလက စလို့သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးက မေးခွန်းထုတ်တဲ့ စနစ်ကို ကျင့်သုံးတော့မယ်လို့ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

အရင်က အဝေးသင်တက္ကသိုလ် ဖြေဆိုမယ့် ကျောင်းသားတွေအတွက် စာမေးပွဲမေးခွန်းကို အထက် မြန်မာပြည်က တက္ကသိုလ်တွေအတွက် မန္တလေး တက္ကသိုလ်က မေးခွန်းထုတ်ပေးပြီး၊ အောက်မြန်မာပြည် တက္ကသိုလ်တွေအတွက် ရန်ကုန်တက္ကသိုလ်က မေးခွန်း ထုတ်ပေးတာ ဖြစ်ပါတယ်။

အခုလို ပြောင်းလဲရတာက နိုင်ငံတကာ အဖွဲ့အစည်း တချို့က အဝေးသင် တက္ကသိုလ် တက်နေတဲ့ ကျောင်းသားတွေနဲ့တွေ့ဆုံမေးမြန်းပြီး အကြံပြုခဲ့တာကို အကောင်အထည်ဖော်တာ ဖြစ်တယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာနက ပြောပါတယ်။

ဒါအပြင် အဝေးသင် ပညာရေးအတွက် လက်ရှိ ကျင့်သုံးနေတဲ့ အနီးကပ် ၁၀ ရက်ကို ဒီနှစ်ထဲ ဆက်လက် ကျင့်သုံးမှာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ ၅ ရက် တစ်ကြိမ်စီ နဲ့ ၂ ကြိမ် ခွဲတက်ရမယ့် စနစ်ကို ပြောင်းလဲ ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အထက်တန်းပညာ အောင်မြင်ပြီးသူတွေထဲက ၆၀ ရာခိုင်နှုန်း လောက်ဟာ အဝေးသင် တက္ကသိုလ် တက်ရောက်ပြီး ဝိဇာဘွဲ့(သို့) သိပ္ပွံဘွဲ တစ်ခုခု ယူကြလေ့ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ဒေါ်နယ်ထရမ့်ဟာ နယ်စပ်လုံခြုံရေး တင်းကျပ်တာနဲ့ အမေရိကန် လူဝင်မှုစနစ်ကို ပြန်လည် အလေးထားလုပ်ဆောင်တာတွေ ပါဝင်တဲ့ အစီအစဉ်တွေကို ထုတ်ဖော်ပြောဆို

(၅) နယ်စပ်လုံခြုံရေးနဲ့ အမေရိကန် လူဝင်မှုစနစ်ကို ပြန်အလေးထား လုပ်ဆောင်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပြောဆို

သမ္မတ ဒေါ်နယ်ထရမ့်ဟာ နယ်စပ်လုံခြုံရေး တင်းကျပ်တာနဲ့ အမေရိကန် လူဝင်မှုစနစ်ကို ပြန်လည် အလေးထားလုပ်ဆောင်တာတွေ ပါဝင်တဲ့ အစီအစဉ်တွေကို ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

လက်ရှိမှာ အမေရိကန်နိုင်ငံထဲ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံထားရတဲ့ အင်္ဂလိပ်စကား ပြောကောင်းတဲ့ ပညာတတ် လူငယ် အရေအတွက်ကို တရား မဝင် ဝင်ရောက်လာနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်းရဲ့ တစ်ဝက်နီးပါး အထိ ရှိသင့်တယ်လို့ သမ္မတကပြောပါတယ်။

ဒါဟာ လူဝင်မှု ကြီးကြပ်ရေး စနစ်ကြီး တစ်ခုလုံးကို ခေတ်နဲ့ လိုက်လျောညီထွေအောင် ပြုပြင်တာလို့ သမ္မတ ထရမ့်က ပြောပေမယ့် အမေရိကန် ဒီမိုကရက် လွှတ်တော်အမတ်တွေက သမ္မတက ပြောနေတဲ့ အဆိုပြုချက်တွေထဲမှာ အဓိက ဖြေရှင်းရမယ့် ကိစ္စတွေ မပါဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် သမ္မတရဲ့အဆိုပြု အစီအစဉ်ထဲမှာ အမေရိကန်နိုင်ငံထဲမှာ နေထိုင်ခွင့်မရှိတဲ့ အပြင် မိဘတွေနဲ့အတူ ကလေးဘဝမှာ အမေရိကန်နိုင်ငံထဲ ရောက်လာသူတွေ အတွက် နိုင်ငံသားပြုတဲ့ လုပ်ငန်းစဉ်မျိုးလည်း ပါဝင်မနေဘူးလို့ ဒီမိုကရက်တွေက ပြောပါတယ်။

သမ္မတရဲ့ အဆိုပြုချက်တွေကိုတော့ ကွန်ဂရက်စ် လွှတ်တော်က အတည်ပြုရဦးမှာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ