ကယားပြည်နယ်မှာ အရေးကြီးကာလ ဘာကြောင့် သတ်မှတ်သလဲ

ကြေးရုပ်တု ရွှေ့ပြောင်းရေးကိစ္စနဲ့ ပတ်သက်လို့ အငြင်းပွားမှု ဖြစ်ပွားနေတဲ့ ကယားပြည်နယ်မှာ အရေးကြီးကာလ သတ်မှတ် ဓာတ်ပုံ မူပိုင် KNIC
Image caption ကြေးရုပ်တု ရွှေ့ပြောင်းရေးကိစ္စနဲ့ ပတ်သက်လို့ အငြင်းပွားမှု ဖြစ်ပွားနေတဲ့ ကယားပြည်နယ်မှာ အရေးကြီးကာလ သတ်မှတ်

ကယားပြည်နယ်အတွင်း မေလ ၁၄ ရက်က စတင်ပြီး အရေးကြီးကာလအဖြစ် သတ်မှတ်လိုက်သလို နယ်မြေလုံခြုံရေးနဲ့ ရုံးလုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ဖို့နဲ့ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပွားလာရင် တင်ပြဖို့ ကယားပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ညွှန်ကြားစာ ထုတ်ထားပါတယ်။

ပြည်နယ် အစိုးရက ပေးပို့လာတဲ့ ညွှန်ကြားစာကို မေလ ၁၆ ရက်က လက်ခံ ရရှိတယ်လို့ အမည်မဖော်လိုတဲ့ ကယားပြည်နယ်ထဲက မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

အခုလို ညွှန်ကြားတာဟာ ဖေ့ဘုတ်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီရက်ပိုင်းနဲ့ မနက်ဖြန်မှာ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုတွေ ချီတက်ပွဲတွေ ရှိတယ်ဆိုပြီး သတင်းရရှိလို့ သက်ဆိုင်ရာ နယ်မြေတွေရဲ့ လမ်းကြောင်းနဲ့ ရုံးတွေမှာ လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ အဲဒီအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မှာလည်း ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ မော်ကွန်းဥပဒေအရ ကျောက်တိုင်၊ ဗိုလ်ချုပ်ကြေးရုပ်၊ ပန်းခြံ စတာတွေကို မဖျက်ဆီးဖို့နဲ့ မော်ကွန်းဥပဒေပါ အတိုင်း လိုက်နာဖို့၊ ဖျက်လို့ဖျက်ဆီး လုပ်မရဘူး ဆိုတာကို ပြည်သူတွေကို အသိပေးဖို့ ညွှန်ကြားစာ ထပ်မံ ရရှိထားတယ်လို့ သူက ဆိုပါတယ်။

ကြေးရုပ်တု ရွှေ့ပြောင်းရေးကိစ္စ ဆွေးနွေးပွဲ ပျက်သွားခဲ့ပြီးတဲ့နောက့် ပြည်နယ်အစိုးရက အရေးကြီး ကာလအဖြစ် သတ်မှတ်တယ်လို့ ညွှန်ကြားထုတ်ပြန်တဲ့ ကြေညာချက်မှာ အချိန်ကာလ သတ်မှတ်ချက် ပါဝင်တာကို မတွေ့ရပါဘူး။

ဒီနေ့မှာလည်း ဗိုလ်ချုပ်ကြေးရုပ်တု တည်ရှိတဲ့ လွိုင်ကော်မြို့က ကန္ဒာဟေဝန်ပန်းခြံ တဝိုက်နဲ့ အစိုးရရုံးအဖွဲ့ တည်ရှိတဲ့ နေရာတဝိုက်ကို သံဆူးကြိုးတွေ ထပ်မံ ကာရံထားသလို လုံခြုံရေးတွေ တိုးမြှင့်ချထားတာ တွေ့ရတယ်လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။

" ဒီမနက် ဖားဆောင်းဘက်ကို ခရီးထွက်လာတော့ ပြည်နယ်ရုံးရှေ့၊ ဗိုလ်ချုပ်ကြေးရုပ်တု ထားတဲ့နေရာမှာ ရဲတွေလုံခြုံရေး ချထားတယ်။ ဂိတ်တွေမှာလည်း စစ်ဆေးမှုတွေ လုပ်နေတာတွေ့တယ်" လို့ အဲဒီလွိုင်ကော်မြို့ခံ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက် က ကယားပြည်နယ် အစိုးရရုံးမှာ ပြုလုပ်တဲ့ ဗိုလ်ချုပ်ကြေးရုပ်တု ရွှေ့ပြောင်းရေး ညှိနှိုင်း အစည်းအဝေးမှာ ဗိုလ်ချုပ်ကြေးရုပ်တု လုံးဝ မရွှေ့နိုင်ဘူးလို့ ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုလို့ ကြေးရုပ်တု ရွှေ့ပြောင်းရေးကိစ္စ ဆွေးနွေးပွဲ ပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။

အခုလို လုံခြုံရေး တင်းကျပ်လုပ်ဆောင်တာဟာ ဒေသခံတွေကို ထိတ်လန့်တကြား ဖြစ်စေသလို၊ မလိုလားအပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ လွိုင်ကော်မြို့ခံလည်းဖြစ်၊ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေး တောင်းဆိုနေတဲ့ ကရင်နီလူငယ် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ မမော်မိုးမြာက ဆိုပါတယ်။

" လူငယ်တွေကို ကြောက်လို့လား မသိဘူး၊ ပြည်သူတွေ ကြောက်ရွံ့ အောင် ဘာလို့ လုပ်ရလဲ မသိဘူး၊ ကြေးရုပ်ကိစ္စက အေးအေးဆေးဆေး ဖြေရှင်းလို့ ရတယ်၊ ကျွန်မတို့ လူငယ်တွေက အဲလောက်ထိ ရှုပ်ရှုပ်ယှက်ယှက် လုပ်မှာလည်း မဟုတ်ဘူး၊ ဘာလို့ အရေးကြီးကာလ သတ်မှတ်ရတယ် မသိဘူး " လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် KNIC
Image caption ကြေးရုပ်တု ရွှေ့ပြောင်းရေးကိစ္စနဲ့ ပတ်သက်လို့ အငြင်းပွားမှု ဖြစ်ပွားနေတဲ့ ကယားပြည်နယ်မှာ အရေးကြီးကာလ သတ်မှတ်

ကရင်နီ လူငယ်တွေကတော့ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင်က ဗိုလ်ချုပ်ကြေးရုပ်တု လုံးဝမရွှေ့နိုင်ဘူးလို့ ပြောဆိုတာဟာ ဌာနေ တိုင်းရင်းသားတွေရဲ့ ဆန္ဒ လိုလားချက်ကို လျစ်လျုရှုတာလို့ ကရင်နီ ပြည်နယ် လူငယ်အင်အားစုက ဆိုပါတယ်။

ဒါ့အပြင် ကရင်နီ ပြည်နယ် လူငယ်အင်အားစု သပိတ်ကော်မတီနဲ့ ပြည်နယ်အစိုးရ အဖွဲ့အကြား ရရှိထားတဲ့ သဘောတူညီမှုတွေကို တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့က ကတိကဝတ်တွေကို အကြိမ်ကြိမ် ချိုးဖောက် ပျက်ကွက်ခဲ့တယ်လို့လည်း ကရင်နီပြည်နယ် လူငယ်အင်အားစု သပိတ်ကော်မတီဝင် ခွန်းသောမတ်စ်က ပြောပါတယ်။

အဲဒီအခြေအနေတွေကြောင့် ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်လို့ ဖြစ်လာနိုင်တဲ့ ကိစ္စရပ်တွေကို ပြည်နယ်အစိုးရက တာဝန်ယူရမယ်လို့ ကရင်နီပြည်နယ် လူငယ်အင်အားစုက မေလ ၁၄ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပြီး ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် ရဲနောင် ( 7 COLOUR- လွိုင်ကော်)
Image caption လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်း စိုက်ထူထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်တု

ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ထု စိုက်ထူဖို့ လုပ်ဆောင်ကတည်းက ဒေသခံ ကရင်နီ လူငယ်တွေက ကြေးရုပ်ကို စိုက်ထူခြင်း မပြုဖို့ ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

လက်ရှိ လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်း စိုက်ထူထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို ရွှေ့ပြောင်းမယ့် နေရာဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြေနေရာ မဖြစ်ရေးနဲ့ လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပိုင် မြေနေရာ၊ ရုံးနေရာနဲ့ လူမှု အဖွဲ့စည်းပိုင် နေရာတွေ ဖြစ်ရင် သဘောတူနိုင်တယ်လို့ ကရင်နီပြည်နယ် လူငယ်အင်အားစုက ပြည်နယ် အစိုးရအဖွဲ့ကို တောက်လျှောက် တောင်းဆိုထားပါတယ်။

ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖွင့်ပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်ခဲ့ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ကိုင်တိုင် တက်ရောက် ခဲ့ပါတယ်။