တရားမဝင်ဗလီတွေ အရေး အစိုးရ မနိုင်ဘူးလို့ ပြောသူကို အမှုဖွင့်

တောင်ဒဂုံ ဓာတ်ပုံ မူပိုင် EPA
Image caption ယာယီဝတ်ပြုဆောင်တွေ ပြန်ဖွင့်ပြီ

ရန်ကုန် ဆင်ခြေဖုံး၊ တောင်ဒဂုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့ မေလ ၁၅ ရက် ဗုဒ္ဓဟူး ညပိုင်း လူရာချီ စုဝေးခဲ့သူတွေထဲက ခေါင်းဆောင် နှစ်ယောက်ကို ရဲတပ်ဖွဲ့က နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅ဝ၅ (ခ) နဲ့ အမှုဖွင့်ထားပါတယ်။

အမှုဖွင့်ခံရသူထဲက တစ်ယောက်ဟာ မိုက်ကယ်ကျော်မြင့် ဆိုသူ ဖြစ်ပြီး၊ အစ္စလာမ် ဘာသာဝင်တို့ရဲ့ တရားမဝင် ဗလီတွေ ဖျက်သိမ်းရေးမှာ အစိုးရက လုပ်ဆောင် မပေးလို့ လူအင်အားနဲ့ လက်နက်ကိုင်ဆောင်ပြီး လုပ်မှ ရမယ်လို့ ထွေအုပ်ရုံးရှေ့ ပြောဆို ခဲ့သူ ဖြစ်ပါတယ်။

အစ္စလာမ် ဝါတွင်းကာလ၊ တောင်ဒဂုံမှာ အစိုးရက တရားဝင် ခွင့်ပြုပေးထားတဲ့ ယာယီ ဝတ်ပြုဆောင်တွေကို မျိုးချစ်တွေလို့ သူတို့ကိုသူတို့ ရည်ညွှန်းခေါ်ဝေါ် ကြသူတွေက ဝင်ရောက် ရှာဖွေတာတွေ ပြုလုပ်ခဲ့ပြီး၊ ဖိအားပေး ပိတ်သိမ်းစေခဲ့ပါတယ်။

အခုတော့ အစိုးရက အဲဒီ ယာယီ ဝတ်ပြုဆောင်တွေကို ရဲ အစောင့်အကြပ် ချပေးပြီး လုံခြုံရေးကို တာဝန်ယူ အာမခံတဲ့ အတွက် မေလ ၁၇ ရက် သောကြာနေ့မှာတော့ စုပေါင်း ဝတ်ပြုပွဲတွေ ပြုလုပ် နိုင်ခဲ့တယ်လို့ တောင်ဒဂုံ မွတ်ဆလင် အသိုင်းအဝိုင်းက ဘီဘီစီကို ပြောပါတယ်။

မေ ၁၅ ရက် ညပိုင်း ထွေအုပ်ရုံးရှေ့ စုဝေးမှု

"ဘာသာ သာသနာကို ထိခိုက်လာနိုင်တဲ့ တရားမဝင် ဗလီတွေကို အစိုးရ မနိုင်ရင် ကျုပ်တို့ နိုင်အောင် ထိန်းပြမယ်" … မေလ ၁၅ ရက် ညပိုင်း တောင်ဒဂုံမြို့နယ် အထွေထွေ အုပ်ချုပ်ရုံး ရှေ့ လူတစ်ယောက်က ပြောဟောနေတာပါ။ ဒီစကားသံ အဆုံးမှာ လက်ခုပ်သံတွေ ထွက်လာပါတယ်။

အဲဒီလို ပြောသူဟာ အခု ၅ဝ၅ (ခ) နဲ့ အမှုဖွင့် ခံရတဲ့ မိုက်ကယ်ကျော်မြင့် ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် FACEBOOK LIVE
Image caption ဦးဆောင်သူ အဖြစ် အမှု ဖွင့်ခံရသူ မိုက်ကယ်ကျော်မြင့်

တောင်ဒဂုံမြို့နယ်မှာ အစိုးရ ထွက်ပြေးနေပြီး "မင်းမနိုင်" ဖြစ်နေပြီလို့ သူက လူအုပ်ကို အခုလို ဆက်ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ အသက် အန္တရာယ်ကို ကာကွယ်ဖို့ အတွက် လက်နက်တွေ အားလုံးကို ပေါ်တင်ကိုင်ဖို့လိုတယ်၊ စုစည်းဖို့ လိုတယ်၊ ကျွန်တော်တို့ ဝင်ဖျက်မယ့် အဲဒီ ဗလီကို …"

မေလ ၁၅ ရက် ညပိုင်း ထွေအုပ်ရုံးရှေ့ စုဝေး ခဲ့သူတွေဟာ တုတ်၊ ဓား လက်နက် တချို့ ကိုင်ဆောင် ခဲ့ကြသလို အနီးနား ဝန်းကျင်မှာ ရဲ တပ်ဖွဲ့ဝင် တချို့ ရှိနေတဲ့ ကြားကပဲ ကားတစ်စင်းကို ဝိုင်းဝန်း တိုက်ခိုက်တာမျိုး ပြုလုပ် ခဲ့ပါတယ်။

ညာသံပေး အော်ဟစ်ပြီး ထုရိုက်နေကြတာ သွေးပျက်ဖွယ်ပဲလို့ မျက်မြင်ကြုံရသူ ဒေသခံတွေက ပြောပါတယ်။ အဲဒီ သူတွေဟာ မျက်နှာစိမ်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

"ကိုယ့်ရဲ့ မဲဆန္ဒနယ်ထဲက ပြည်သူတွေ ဖြစ်တယ် ဆိုတာ မသေချာဘူး၊ မင်္သကာဖွယ်ရာ အုပ်စုဖြစ်လို့ သူတို့ ဘာလိုချင်တယ် ဘာဖြစ်ချင်တယ် ဆိုတာတွေကို သွားစကားပြော ဖြေရှင်းတာမျိုး မလုပ်သေးဘဲ ရန်ကုန်တိုင်း နယ်လုံဝန်ကြီးကို လှမ်း အကြောင်းကြားခဲ့တယ်" လို့ ထွေအုပ်ရုံး အနီးဝန်းကျင်မှာ ကိုယ်တိုင် ရှိနေခဲ့တဲ့ တောင်ဒဂုံ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဖြစ်တဲ့ ဦးညီညီက ပြောပါတယ်။

အဲဒီ နောက်မှာ ဥပဒေစိုးမိုးရေး အပိုင်းက ရဲနဲ့ ထွေအုပ်လို တာဝန်ရှိသူတွေ ရောက်လာပြီး သန်းခေါင်ကျော် ၁ နာရီ ဝန်းကျင်မှာတော့ လူစု ကွဲသွားပါတယ်။

ဝတ်ပြုဆောင်တွေထဲ ဝင်ရောက်မှု

မွတ်ဆလင်တို့ရဲ့ ရမ္မသွာန် ဥပုသ်လ ကာလ အတွင်း ဗလီ ဝတ်ကျောင်း မရှိတဲ့ နေရာတွေမှာ ဝတ်ပြုဆုတောင်းရ အဆင်ပြေအောင် ယာယီ နေရာတွေ ဖန်တီးတာကို အစိုးရပိုင်းက စိစစ် ခွင့်ပြုလေ့ ရှိပါတယ်။

ဒီနှစ်မှာလည်း တောင်ဒဂုံမှာဆိုရင် ရပ်ကွက် ၂၆၊ ၆၄ နဲ့ ၁ဝ၆ တို့မှာ ယာယီ ဝတ်ပြုဆောင် ၃ ခု ထားရှိဖို့ တိုင်းဒေသကြီး အစိုးရက ခွင့်ပြုထားပါတယ်။နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့သူတွေက သူတို့ရဲ့ အိမ်၊ ဆိုင်ခန်း စတာတွေမှာ ဖန်တီး ပေးတာမျိုး ဖြစ်တယ်လို့ မွတ်ဆလင် အသိုင်းအဝိုင်းက ပြောပါတယ်။

တောင်ဒဂုံ ဖိအားပေးမှုဟာ မေလ ၁၄ ရက် ညပိုင်းကတည်းက ၂၆ ရပ်ကွက်မှာ စတင် ခဲ့တာ ဖြစ်ပါတယ်။ သံဃာတချို့ အပါအဝင် လူစုလူဝေး ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ စရောက် လာခဲ့ပါတယ်။ အဲဒီကနေ ရဲစခန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး အဆင့်ဆင့်ဆီ ရောက်သွားတာ ဖြစ်ပါတယ်။

၂၆ ရပ်ကွက် ယာယီ ဝတ်ပြုဆောင်က တာဝန်ယူထားသူတွေလည်း အဲဒီ ညပိုင်းကတည်းက ဒီလို ပြဿနာတွေ ရှိလာနေတာ စပြီး သိထားပါတယ်။ အစိုးရက စိစစ်ခွင့်ပြုပြီး ဖြစ်ပေမယ့် အဲဒီ အုပ်စုနဲ့ လာပြီးတွေ့ဆုံဖို့ နောက်တစ်ရက် နေ့လယ်ပိုင်းမှာ ဆင့်ခေါ်ခံခဲ့ရပြီး၊ ဝင်ရောက် စစ်ဆေးခံဖို့၊ ပိတ်သိမ်းပေးဖို့ သဘောတူခဲ့ရတာ ဖြစ်တယ်လို့ ၂၆ ရပ်ကွက် ယာယီဝတ်ပြုဆောင် တာဝန်ခံ ကိုမောင်မောင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SNL
Image caption ရပ်ကွက် ၁ဝ၆ က ဝတ်ပြုဆောင်

ဒီနောက်မှာတော့ ၆၄ နဲ့ ၁ဝ၆ ရပ်ကွက်တွေက ဝတ်ပြုဆောင်တွေကိုပါ ဝင်စစ်ဆေးမယ် ဆိုပြီး လူအုပ်စုက ဆက်လက် ဖိအားပေးလာတာ ဖြစ်ပါတယ်။ အဲဒီ ဝတ်ပြုဆောင်တွေဟာ ဗလီသဖွယ် ပြင်ဆင်ထား၊ ဗလီသဖွယ် အသုံးချနေတာကြောင့် ဒါဟာ တရားမဝင် ဖွင့်ထားတဲ့ ဗလီတွေပဲ ဆိုပြီး အဲဒီလူအုပ်က ပြောကြတာ ဖြစ်ပါတယ်။

ဝတ်ပြုဆောင်တွေထဲ လူစုလူဝေးနဲ့ ဝင်ကြပုံတွေ၊ အထဲက ပစ္စည်းတွေကို ဓာတ်ပုံ ရိုက်ထားတာတွေကို အဲဒီ လူအုပ်ထဲက တချို့က အချိန်နဲ့ တပြေးညီပဲ ဖေ့စ်ဘုတ်ပေါ် တင်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အာဏာပိုင်တွေဘက်က လိုက်လျော ဆောင်ရွက် မပေးလို့ဆိုတဲ့ မကျေနပ်ချက်နဲ့ မြို့နယ် ထွေအုပ်ရုံးရှေ့ စုဝေး ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဝတ်ပြုကျောင်း ဗလီအဖြစ် တရားမဝင် ဖန်တီး နေတယ်ဆိုတဲ့ စွဲချက်နဲ့ အုပ်စုဖွဲ့ ဝင်ရောက်တာ၊ ဖိအားပေး ပိတ်သိမ်းစေတာမျိုး အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။

အနီးဆုံး သာဓကကတော့ ၂ဝ၁၇ သာကေတ အဖြစ်အပျက်ပါ။ အဲဒီတုန်းကလည်း အမျိုးသားရေး လှုပ်ရှားသူတွေ ဆိုတဲ့ အင်အားစုတွေရဲ့ ဖိအားပေးမှု၊ ဝင်ရောက် စစ်ဆေး ရှာဖွေတွေနဲ့ ဘာသာရေး စာသင်ကျောင်း နှစ်ခု ပိတ်ခဲ့ရပါတယ်။

နောက်ဆက်တွဲ အဖြစ် မွတ်ဆလင်တချို့ကလည်း ဝတ်ပြုစရာ နေရာ မရှိတော့လို့ ဆိုပြီး လမ်းမပေါ်ထွက် ဘုရားဝတ်ပြုတာတွေ လုပ်ခဲ့လို့ အဲဒီသူတွေထဲက အရေးယူ ခံရသူတွေလည်း ရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဖိအားပေး ပိတ်သိမ်းခံရပေမယ့် ၂၄ နာရီ အတွင်း အစိုးရက လုံခြုံရေး အာမခံချက် ပြန်ပေးလာ

လုံခြုံရေးကို တာဝန်ရှိသူတွေ ပြန်လည် အာမခံ

မေ ၁၅ ည ထွေအုပ်ရုံးရှေ့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပြီး ကားတစ်စင်းကို တိုက်ခိုက်တဲ့ အထိ ဖြစ်ခဲ့ပြီး နောက်တစ်ရက်မှာတော့ ယာယီဆောင်တွေ ပြန်ဖွင့်ပါ၊ လုံခြုံရေးပေးပါ့မယ် ဆိုတဲ့ အာမခံချက်မျိုး အာဏာပိုင်တွေဘက်က စတင် ပေးလာပါတယ်။

ဒီ သတင်းစကား အာမခံချက်ဟာ အစ္စလာမ်ဘာသာရေး အဖွဲ့တွေရဲ့ လူကြီးပိုင်းဆီ ရောက်လာခဲ့တာ ဖြစ်ပြီး၊ လက်တွေ့ တောင်ဒဂုံ ရပ်ကွက်တွေထဲမှာတော့ ဝတ်ပြုဆောင် တာဝန်ရှိသူတွေ အနေနဲ့ စုပေါင်း ဝတ်ပြုဆုတောင်းပွဲ ပုံမှန်အတိုင်းလုပ်ဖို့ မယုံမရဲ ဖြစ်နေကြပါတယ်။

မေလ ၁၇ မှာတော့ ရဲတပ်ဖွဲ့ အစောင့်အကြပ်တွေ တကယ်တမ်း ချပေးပြီး လုံခြုံရေး အာမခံချက် အခိုင်အမာ ရှိတာကို သေချာလာတဲ့ အခါ သောကြာ နေ့လယ် စုပေါင်း ဝတ်ပြုပွဲ ပြုလုပ် နိုင်ခဲ့သလို၊ ညပိုင်းမှာလည်း ပုံမှန်အတိုင်း ဆောင်ရွက် နိုင်ခဲ့တယ်လို့ ဘီဘီစီကို အတည်ပြုပါတယ်။

ခေတ်အဆက်ဆက် ပြဿနာ တစုံတရာတက်လို့ ဗလီပိတ်ရပြီ၊ ဝတ်ပြုဆောင် ပိတ်ရပြီဆိုရင် အခုအချိန်ထိ ပြန်ဖွင့်ခွင့်မရပဲ တောက်လျှောက် ချိတ်ပိတ် ခံထားရတဲ့ အဖြစ်မျိုးတွေ နိုင်ငံတဝန်းမှာ ရှိနေခဲ့ရာက ဒီ တခေါက်မှာတော့ ၂၄ နာရီ မပြည့်ခင် အစိုးရဘက်က တာဝန်ယူ အာမခံလာတာမျိုး ဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ မွတ်ဆလင် ခေါင်းဆောင်တစ်ယောက် အနေနဲ့ ပါဝင်နေတဲ့ ဦးအေးလွင်က ပြောပါတယ်။

ဦးညီညီ သုံးသပ်သလိုပဲ ဥပဒေစိုးမိုးမှု အားနည်းလို့ ပေါ်ပေါက်လာရတဲ့ ပြဿနာအဖြစ် ဦးအေးလွင်ကလည်း အခု တောင်ဒဂုံ ဖြစ်ရပ်အပေါ် ရှုမြင်ပါတယ်။ ဒါ့ကြောင့် ဥပဒေ စိုးမိုးနိုင်ရေး ပိုမိုလုပ်ဆောင်ဖို့လည်း သူက တိုက်တွန်းပါတယ်။

နိုင်ငံရေး ရည်ရွယ်ချက်ရှိလား

ဒီလို ဘာသာရေး အကြောင်းပြချက်နဲ့ လူအုပ်စုဝေးတာ၊ တုတ်၊ ဓား လက်နက်ကိုင်စွဲတာ၊ အခွင့်အာဏာ ရှိသူတွေသဖွယ် အဆောက်အဦးတွေထဲ ဝင်ရောက် စစ်ဆေးတဲ့ အပြုအမူတွေဟာ တည်ငြိမ်မှုကို ပျက်ပြားပြီး ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း ပြဿနာတွေ ပေါ်ပေါက်အောင် တမင် ဖန်တီး လှုံ့ဆော်တာ ဖြစ်တယ်ဆိုတဲ့ အယူအဆနဲ့ ဝေဖန်သံတွေလည်း ရှိပါတယ်။

သူတို့မှာ နိုင်ငံရေး ရည်ရွယ်ချက်မျိုး ရှိမရှိ ဆိုတာ လက်ဆုပ်လက်ကိုင် မပြောနိုင်ပေမယ့် ငြိမ်းချမ်းမှုကို ပျက်စီးအောင် လုပ်တာဟာ မရိုးသားတဲ့ လုပ်ရပ်ပဲ ဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption တောင်ဒဂုံသူ မွတ်ဆလင် အမျိုးသမီးငယ်တွေ

"ဘယ်နေရာက ရောက်လာမှန်း မသိရတဲ့ လူအုပ် ရုတ်တရက် ပေါ်လာပြီး (ဖေ့စ်ဘုတ်ပေါ်) လိုက်ဖ်တွေ လွှင့်ကြ၊ ဘယ်သူတွေလာကြ ဘယ်ဝါတွေလာကြဆိုပြီး ပြုမူနေကြတာဟာ ငြိမ်းချမ်းနေတဲ့ အခြေအနေတစ်ခုကို ပျက်ယွင်းအောင်လုပ်တဲ့ မရိုးမသား လုပ်ရပ် ဖြစ်တယ်" လို့ ဦးညီညီက ပြောပါတယ်။

တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းဖို့ တာဝန်ရှိတဲ့ အုပ်ချုပ်ရေးပိုင်းက သူတွေ၊ ရဲတပ်ဖွဲ့တွေ အနေနဲ့လည်း အခုလိုမျိုး အခြေအနေမှာ စောင့်ကြည့်ရုံနဲ့ မလုံလောက်ဘူး၊ မဖြစ်အောင် ထိန်းသိမ်းနိုင်ဖို့ လိုတယ်လို့လည်း ဦးညီညီက ဆိုပါတယ်။

အခု ၅ဝ၅ (ခ) နဲ့ အမှုဖွင့်ခံရတဲ့ မိုက်ကယ်ကျော်မြင့်ကတော့ အရင်ကလည်း သတင်း မီဒီယာတွေထက် ရောက်ဖူးသူ ဖြစ်ပါတယ်။ အိမ်ရာစီမံကိန်းတစ်ခုနဲ့ ပတ်သက်ပြီး ရန်ကုန် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းရဲ့ ကိုယ်ရေးအရာရှိကို လာဘ်ပေးခဲ့ရတယ် ဆိုပြီး ၂ဝ၁၇ တုန်းက ပြောခဲ့သူ ဖြစ်ပါတယ်။

ခြေချုပ်ခံဝန် ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးပုဒ်မ၊ ငြိမ်းစုစီ ဥပဒေနဲ့ အကြည်ညိုပျက်စေမှု စတဲ့ ပုဒ်မ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး နောက်ပိုင်း ထောင်ကျခဲ့ပါတယ်။

လူမှုအသိုင်းအဝိုင်းကြား ပြသတဲ့ သွေးစည်းမှု

ဓာတ်ပုံ မူပိုင် Jpaing / MPA
Image caption တောင်ဒဂုံကို ကြွတဲ့ အာရှ အလင်းရောင် ဆရာတော်
ဓာတ်ပုံ မူပိုင် Jpaing / MPA
Image caption မွတ်ဆလင်အဘိုးကလည်း ပြန်ပြီးဆုတောင်းပေး
ဓာတ်ပုံ မူပိုင် Jpaing / MPA
Image caption ရင်ချင်းအပ်လို့ ထွေးပွေ့ကြ

ဒီလို အခြေအနေတွေမှာ ငြိမ်းချမ်းရေး အတွက် လှုပ်ရှားတက်ကြွတဲ့ လူငယ်တွေရဲ့ နှင်းဆီဖြူ လှုပ်ရှားမှု ဆိုတာလည်း မေ ၁၇၊ သောကြာနေ့မှာ တွေ့လာရပါတယ်။ မွတ်ဆလင် မဟုတ်တဲ့ လူငယ်လေးတွေ စုဝေးပြီး မွတ်ဆလင်တွေ ဗလီရှိရာ ဝတ်ပြုအလာ နှင်းဆီဖြူတွေ ကမ်းပြီး၊ ပွေ့ဖက် ကြိုဆိုနှုတ်ဆက်ကြတာပါ။ တောင်ဒဂုံမှာ ပြုလုပ်ခဲ့သလို၊ ရန်ကုန်မြို့ထဲ အရင် စစ်ရုံးချုပ်နား၊ ဒဂုံမြို့နယ်ထဲက ဇဖာရ်ရှား ဗလီရှေ့မှာလည်း သောကြာနေ့ စုပေါင်း ဝတ်ပြုပွဲ အကြိုမှာ နှင်းဆီဖြူတွေ ကမ်းကြပါတယ်။

သီပေါဘုရင်ကို အင်္ဂလိပ်က အိန္ဒိယကို ပို့သလိုပဲ၊ အိန္ဒိယ နောက်ဆုံးဘုရင် ဇဖာရှားလည်း ရန်ကုန်ကို ပို့ အကျယ်ချုပ်နဲ့ ထားခံခဲ့ရတာ ဖြစ်ပြီး ရန်ကုန်မှာပဲ ကွယ်လွန်ပါတယ်။ မဂို နောက်ဆုံးမင်း ဇဖာရှားဟာ အစ္စလာမ် ဘာသာရေးမှာ သူတော်စင်အဖြစ် အများက ကြည်ညိုလို့ သူ့ရဲ့ ဂူဗိမ္မာန်ရှိရာမှာ ဗလီဝတ်ကျောင်း ဆောက်ထားတာ ဖြစ်ပါတယ်။

တောင်ဒဂုံမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် ပြည်သူတွေ ကြား ဘယ်လို ပြဿနာမျိုးမှ ရှိမနေတဲ့ အခြေအနေကို ပျက်ပြားအောင် လူစုလူဝေးနဲ့ တမင်လာရောက် လုပ်ဆောင်ခဲ့ကြတာလို့ သူ့အနေနဲ့ ရှုမြင်တယ်ဆိုပြီး နှင်းဆီဖြူ လှုပ်ရှားမှုကို ကမကထ လုပ်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုသက်ဆွေဝင်းက ဆိုပါတယ်။

ဒါ့ကြောင့် ပြဿနာရှာသူတွေကို ရှုတ်ချပြီး၊ မွတ်ဆလင် အသိုင်းအဝိုင်း အပေါ် စာနာကြောင်း အတူ ရပ်တည်ပြသဖို့ နှင်းဆီဖြူကမ်းတဲ့ လှုပ်ရှားမှု လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ကိုသက်ဆွေဝင်းက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမုန်းတရား ပွားများတာတွေ ပပျောက်ဖို့ အရှင်ဆန္ဒာဓိက က ဘာပြောလဲ

ဆက်စပ် အကြောင်းအရာများ