အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်း အဖွဲ့တွေ ထပ်တွေ့ဖို့ရှိတဲ့ သတင်းအပါအဝင် သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် STR/AFP/Getty Images
Image caption ၂၀၁၃ ခုနှစ် မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှာ တွေ့မြင်ရတဲ့ ကေအိုင်အေ ကချင် ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဗိုလ်ချုပ် ဂွမ်မော်

(၁) အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့ မေ ၂၄၊ ၂၅ နှစ်ရက်တာ တွေ့မယ်

မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) လက်နက်ကိုင်အဖွဲ့ (TNLA)၊ ရက္ခိုင့်တပ်မတော်(AA)၊ မိုင်းလားကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ အစိုးရ၊ တပ်မတော် အကြား အပစ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

" ဒါက ဧပြီ ၃၀ ရက် မူဆယ်ဆွေးနွေးပွဲအပြီး ဒုတိယအကြိမ်တွေ့ကြမှာပါ၊ မေ ၂၄ နဲ့ ၂၅ မှာပါ၊ နေရာကတော့ အစိုးရနဲ့ တပ်မတော်အဖွဲ့တွေ သွားလာနိုင်မယ့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်း တစ်နေရာကို လျာထားပါတယ်" လို့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် (PCG) မှ ဦးဆန်းအောင်က ပြောပါတယ်။

မူဆယ်မှာ ဧပြီ ၃၀ ရက် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် ပေးအပ်ခဲ့တဲ့ နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရေး စာချုပ် Bilateral Ceasefire Agreement ပါ အချက်တွေထဲက ကျန်အချက်တွေကို ၂ ရက်တာ ပြန်လည် ညှိနှိုင်းဆွေးနွေးကြမှာလို့ သူက ပြောပါတယ်။

" မူဆယ်မှာ တွေ့ကြတုန်းက Bilateral Ceasefire Agreement စာချုပ်တွေ ပေးတယ်၊ ပါဝင်တဲ့ အချက်တွေ ဆွေးနွေးတာဆိုတော့ အစိုးရဘက်ရော တပ်ဘက်ပါ ဆုံးဖြတ်နိုင်မယ့်သူတွေ မပါဘူး၊ ဒီတစ်ကြိမ်က စာချုပ်ပါ အချက်တွေကို ပြန်ဆွေးနွေးမှာဆိုတော့ တပ်ရော အစိုးရဘက်ပါ ဆုံးဖြတ်နိုင်မယ့်သူတွေ ပါလာနိုင်ပြီ၊ ဒါကြောင့် နေရာကို ရွေးနေတာပါ" လို့ ဦးဆန်းအောင်က ပြောပါတယ်။

မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးမှု အရှိန်မြှင့် လုပ်ဆောင်နိုင်ဖို့ဆိုပြီး တပ်မတော်က သတ်မှတ်ကြေညာထားတဲ့ ဧပြီ ၃၀ ရက် မှာ ကုန်ဆုံးခဲ့တဲ့ အပစ်ရပ်ကာလ ၄ လ ပြည့်ပြီးတဲ့နောက် ထပ်တိုး အပစ်ရပ်ကာလ သက်တမ်းကို ၂ လ ထပ်တိုးပြီး ဇွန်လ ၃၀ ရက် အထိ သတ်မှတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် KNIC
Image caption ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နဲ့ ပြည်နယ်အစိုးရအဖွဲ့က အမှုဖွင့်

(၂) ကရင်နီလူငယ် ၆ ဦးကို ကယားပြည်နယ်အစိုးရ အမှုဖွင့်

ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နဲ့ ပြည်နယ်အစိုးရအဖွဲ့က မေလ ၁၆ ရက်က လွိုင်ကော်မြို့မရဲစခန်းမှာ တိုင်ကြား အမှုဖွင့် ခဲ့ပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးကို နိုင်ငံရေး ရာဇဝတ်ကောင်၊ ကရင်နီအမျိုးသား သစ္စာဖောက်၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးရဲ့ရန်သူ အဖြစ် ကရင်နီလူငယ် ၆ ဦးကို ကြေညာခဲ့လို့ ကယားပြည်နယ် အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်က တိုင်ကြား အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးကို ကရင်နီလူငယ် ၆ ဦးက ကြေညာခဲ့တာက မတ်လ ၂၅ ရက်က ဖြစ်ပြီး အစိုးရ အဖွဲ့က (ပ) ၁၄၅/၂၀၁၉ ၂၀၁၇ ခုနှစ် နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နဲ့ အမှုဖွင့်တိုင်ကြားတာက မေလ ၁၆ ရက်မှ ဖြစ်တယ်လို့ အမှုဖွင့်ခံထားရတဲ့ ကရင်နီ လူငယ်တွေက ပြောပါတယ်။

" ပြည်နယ်အစိုးရအဖွဲ့က တရားလိုလုပ်ပြီး စခန်းမှာ တိုင်ကြားအမှုဖွင့်ထားတယ် ဆိုတာ သိရတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ၆ ယောက်လုံးဆီ ရဲစခန်းက တရားဝင် အကြောင်းကြားတာ မရှိသေးဘူး၊ စုံစမ်းသိရတာက ဒီအမှုက ရဲအရေးပိုင်မှုဖြစ်လို့ အရေးယူဆောင်ရွက်ဖို့က ညွှန်ကြားချက် တိတိကျကျ မရောက်သေးလို့ ပြောတာကြားရတယ်" လို့ အမှုဖွင့်တိုင်ကြားခံရသူ တစ်ဦးဖြစ်တဲ့ ကိုမျိုးလှိုင်ဝင်းက ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့က အခုလို အမှုဖွင့်တိုင်ကြားတာက ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းရေး ဆွေးနွေးပွဲ ပျက်ပြယ်သွားချိန်မှာ ကရင်နီလူငယ်တွေ အနေနဲ့ လှုပ်ရှားမှုတွေ မလုပ်နိုင်အောင် အမှုတွေနဲ့ အလုပ်များနေအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။

အမှုဖွင့် တိုင်ကြားခံရတဲ့ ကရင်နီလူငယ် ၆ ဦး မှာ ခူကြူးဖဲကေး၊ ခူးရီးဒူ၊ ခွန်သောမတ်၊ မျိုးလှိုင်ဝင်း၊ ပျားလေး၊ ဒီးဒီ တို့ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MON POLITICAL CONFRENCE
Image caption မွန်ပါတီ ၂ ခုပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီ အဖြစ်တည်ထောင်ခွင့် ရွေးကောက်ပွဲကော်မရှင်ခွင့်ပြု

(၃) မွန်ပါတီ ၂ ခုပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီ အဖြစ်တည်ထောင်ခွင့် ရွေးကောက်ပွဲကော်မရှင်ခွင့်ပြု

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီ (Mon National Party) ၂ ခု ကို ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခွင့်ပြုတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေ လ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီ (Mon National Party) ၂ ခု ပူးပေါင်းပြီး မွန်ညီညွတ်ရေးပါတီ (Mon Union Party) အဖြစ်လည်း တည်ထောင်ခွင့်ပြူလို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေအညီ ခေါင်းဆောင်တစ်ဦးနဲ့ ဒုတိယခေါင်းဆောင်တစ်ဦး ရွေးချယ်ပြီး ရက်ပေါင်း ၃၀ အတွင်း ပါတီမှတ်ပုံတင်လျှောက်ထားဖို့ ကော်မရှင်က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီ အများအပြား ဝင်ပြိုင်ခဲ့ရာမှာ တချို့ တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသားပါတီတွေ တခုထက် မက ကွဲပြားနေလို့ မဲရသင့်သလောက် မရခဲ့ဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့်လည်း မွန်အမျိုးသား နိုင်ငံရေး ပါတီတွေဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီ (Mon National Party) ၂ ခု ကို ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်း တည်ထောင်တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသား ပါတီတွေ လွှတ်တော်ထဲ နေရာများများ ရလာရင် စာပေယဉ်ကျေးမှုနဲ့ မိမိတို့ ပြည်နယ်ကို ပိုပြီး အကျိုးပြုနိုင်မယ်ဆိုတဲ့ လုပ်ဆောင်ချက်နဲ့ တိုင်ရင်းသားပါတီတူချင်း တစ်ပါတီအဖြစ် ပေါင်းစည်းကြတာ ဖြစ်ပါတယ်။

(၄) ဆီရီးယားက ဆေးကုသမှုတွေ ပေးနေတဲ့ နေရာတွေမှာ တိုက်ခိုက်မှုတွေ ပိုးတိုးနိုင်တယ်လို့ ကုလ သတိပေး

ဆီးရီးယားနိုင်ငံ အစ်လစ်(Idlib) ခရိုင်မှာ ဆေးကုသမှုတွေ ပေးနေတဲ့ နေရာတွေမှာ တိုက်ခိုက်မှုတွေ ပိုတိုးလာနိုင်တယ်လို့ ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ အကြီးအကဲ Mark Lowcock မတ်ခ် လိုးကော့က်က လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ သတိပေးလိုက်ပါတယ်။

ဒီနေရာမှာ ဆီးရီးယား အစိုးရတပ်နဲ့ အတိုက်အခံ တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ အရှိန်အဟုန် မြင့်နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုယ်ဝန်ဖျက်ချတာကို ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့ ဥပဒေ မစ်ဆူရီပြည်နယ် အောက်လွှတ်တော် အမတ်တွေက အတည်ပြု လိုက်ပါတယ်။

(၅) ကိုယ်ဝန်ဖျက်ချတာကို ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့ ဥပဒေ မစ်ဆူရီပြည်နယ် အောက်လွှတ်တော် အမတ်တွေက အတည်ပြု

ကိုယ်ဝန်ဖျက်ချတာကို ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့ ဥပဒေကို အမေရိကန် မစ်ဆူရီ Missouri ပြည်နယ် အောက်လွှတ်တော် အမတ်တွေက အတည်ပြု လိုက်ပါတယ်။

မုဒိန်းပြုကျင့်ခံရတာပဲ ဖြစ်ဖြစ် ဘယ်လို ကိုယ်ဝန်ကို မဆို ၈ ပတ် ရှိရင် ဖျက်ချလို့ မရဘူးဆိုတဲ့ ဥပဒေကို မစ်ဆူရီပြည်နယ် အထက် လွှတ်တော်က အတည်ပြုပြီးတဲ့ နောက်တရက်မှာ အခုလို ထပ်မံ အတည်ပြု လိုက်တာပဲ ဖြစ်ပါတယ်။