ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကျောက်တန်းကျေးရွာကနေ စစ်တပ်ထွက်ခွာပြီ

ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကျောက်တန်းကျေးရွာကနေ စစ်တပ်ထွက်ခွာပြီ ဓာတ်ပုံ မူပိုင် Narinjara
Image caption ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကျောက်တန်းကျေးရွာကနေ စစ်တပ်ထွက်ခွာပြီ

ရက္ခိုင့် တပ်မတော် AA အဖွဲ့နဲ့ ဆက်စပ်နေလား ဆိုတဲ့ သံသယနဲ့ အစိုးရစစ်တပ်ရဲ့ ဖမ်းဆီး စစ်ဆေးတာ ခံရပြီး ပစ်ခတ်မှုကြောင့် ရွာသား ၆ ဦး သေဆုံးရသလို ၈ ဦး ဒဏ်ရာ ရရှိခဲ့တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာမှာ ရှိနေတဲ့ စစ်တပ်တွေ ထွက်ခွာသွားခဲ့ပြီလို့ ရွာခံတွေက ပြောပါတယ်။

အစိုးရ တပ်မတော်က စစ်သား ၃၀၀ နီးပါးလောက်ဟာ ကျောက်တန်းကျေးရွာထဲကို ဧပြီလ ၃၀ ရက်က ဝင်ရောက် နေရာယူခဲ့တာ ဖြစ်ပြီး မေလ ၁၅ ရက် ညဉ့်အချိန်မှ ရွာကနေ ထွက်ခွာ သွားခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဧပြီ ၃ဝ ရက် ကတည်းက ရွာသားတွေကို ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ခဲ့ပြီး မေလ ၁ ရက် ည သန်းခေါင်းကျော် အချိန် ၂ နာရီ ဝန်းကျင်မှာ အဲဒီ ကျေးရွာသား ၂၇၅ ဦး ကို ထိန်းသိမ်းထားတဲ့ ကျောက်တန်းရွာ၊ အစိုးရ စာသင်ကျောင်းဝင်းထဲ ပစ်ခတ်မှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကတော့ ပစ်ခတ် ထိန်းသိမ်းရလောက်တဲ့အထိ လုံခြုံရေး စိုးရိမ်မှုတွေ ပေါ်ပေါက်လာတဲ့အတွက် အစိုးရစစ်တပ် လုံခြုံရေး ကင်းအဖွဲ့တွေက သေနတ်နဲ့ ပစ် ဟန့်တားခဲ့ရတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်သားတွေ ရွာမှာ စခန်းချနေတုန်း ၁၅ ရက် နီးပါးကြာ ရွာသားတွေကို ပြင်ပက လူတွေနဲ့ အဆက်အသွယ် ဖြတ်တောက် ထားခဲ့ပါတယ်။

အစိုးရ စစ်တပ်က ရွာသားတွေကို ဖမ်ဆီးထားစဉ် သူတို့မေးမြန်း ခံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ရွာသားတစ်ဦး ပြောပြတာက " ရွာမှာ AA တွေက အကောက်ခံတွေကောက်လား ၊ ခင်ဗျားက AA သင်တန်းတွေရော တက်ဘူးလား အဲလို ခြိမ်းခြောက်ပြီးတော့ မေးတာ၊ ကျွန်တော်ကတော့ AA မမြင်ဖူးဘူး၊ ကြားတော့ကြားဖူးတယ် ပြန်ပြောတာပေါ့" လို့ ပြောပါတယ်။

စစ်ဆေးရာမှာလည်း ရွာသားတွေ များတာကြောင့် နေ့ရောညပါ စစ်ဆေးသလို၊ ဗိုလ်ကြီး ဗိုလ်မှူးတွေနဲ့ နယ်ခြားစောင့်တပ်ကပါ စစ်မေးတယ်လို့ သူက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ချိန် ကြုံတွေ့ရတာနဲ့ ပတ်သက်ပြီး အဲဒီရွာသားပြောတာက " ညည့် ၂ နာရီလောက်မှာ ဖြစ်တာ၊ ဖမ်းဆီးစစ်ဆေးတော့ အရှုးတွေနဲ့ လူတွေနဲ့ အကုန်အတူရောပြီးထားတာ၊ ညည့် ၂ နာရီ လောက်မှာ အဲအရှုးက ရဲ ရဲ ဆိုပြီး အော်တော့ သေနတ်သံ ကြားရတယ်။ လူတွေက ကြောက်လန့်ပြီးတော့မှ ကင်းသမားတွေ အဆောင်ဆီကို ပြေးကြတော့ သူက ပစ်သတ်တာ" လို့ ပြောပါတယ်။

ကျောက်တန်းကျေးရွာကနေ အခုလို စစ်သားတွေ ထွက်ခွာသွားပေမယ့် လူ ၇ ဦးထိ သေဆုံးပြီး ရွာသား အများအပြား ဒဏ်ရာရှိခဲ့တဲ့အတွက် ရွာသားတွေ အနေနဲ့ ပုံမှန် အနေအထားကို မရောက်သေးဘဲ ကြောက်လန့် စိုးရိမ်မှုတွေ ခုချိန်ထိ ရှိနေကြရတယ်လို အဖမ်းဆီးခံခဲ့ရတဲ့ အထဲမှာပါတဲ့ ကျေးရွာသား တချို့က ပြောပါတယ်။

ကျောက်တန်းရွာခံ အမျိုးသမီးတစ်ဦးက ရွာက လူတွေကတော့ သူတို့တွေ နောက်ထပ်လာမှာစိုးလို့ ထွက်ပြေးတာလည်း ရှိသလို ရွာကို ပြန်လာကြသူတွေလည်း ရှိတယ်။ အခုတော့ အကုန်လာလို့ ရပါပြီလို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Narinjara
Image caption အစိုးရတပ်ရဲ့ ဖမ်းဆီး စစ်ဆေးတာ ခံရပြီး ပစ်ခတ်မှုကြောင့် ရွာသား ၆ ဦး သေဆုံးရသလို ၈ ဦး ဒဏ်ရာ ရရှိခဲ့တဲ့ ကျောက်တန်းကျေးရွာကနေ စစ်တပ်ထွက်ခွာပြီ

ကျောက်တန်းကျေးရွာ ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့တဲ့သူ ၈ ဦး ထဲက နောက်ဆုံး ဒဏ်ရာ မသက်သာတဲ့ ဦးအောင်ကျော်လင်းကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ ဆေးရုံကြီးကို ပို့ဆောင်ကုသပေမယ့် မေလ ၁၄ ရက်နေ့က ၎င်းဒဏ်ရာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

တပ်မတော်ဘက်ကလည်း AA လက်နက်ကိုင်တွေဟာ ရွာသားတွေနဲ့ ရောနှော အသွင်ယူတာမျိုးကြောင့် စိစစ်ခွဲခြားနိုင်ဖို့ ထိန်းသိမ်း စစ်ဆေးရတယ်လို့ ပြောဆိုထားပါတယ်။

ရွာထဲ ဝင်ပြီး အိမ်ထောင်စုတွေကို စစ်တဲ့ အခါမှာလည်း ရပ်ရွာအုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးတွေရဲ့ အကူအညီနဲ့ နည်းလမ်းတကျ စစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်အပေါ် တပ်မတော်ဘက်ကလည်း အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ