ကုန်စည် သယ်ပို့မှု ကန့်သတ်လို့ တရုတ် မြန်မာ နယ်စပ်ဂိတ် အငြင်းပွားမှု ဖြစ်ရတာလို့ ဒေသခံတွေပြော

ဓာတ်ပုံ မူပိုင် Arr Man
Image caption တရုတ် တာဝန်ရှိသူများမှ မြန်မာနိုင်ငံသား တစ်ဉီးကို ဖမ်းဆီးဖို့ ကြိုပမ်းနေစဉ်

မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက ဝင်ပေါက် ထွက်ပေါက် ဖြစ်တဲ့ ဆင်ဖြူဂိတ်မှာ မေလ ၁၇ ရက်နေ့ က မြန်မာနိုင်ငံသားအချို့ နဲ့တရုတ်ရဲတွေကြားရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

တရုတ် ရဲတချို့ဟာ မြန်မာနိုင်ငံထဲထိဝင်ရောက် ပြီး ကားသမားတစ်ဦးကိုဖမ်းဆီးရကနေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ။

တရုတ်ရဲတွေ ရဲ့ ဝင်ရောက် ဖမ်းဆီးခြင်း ကို ခံရတဲ့ ကိုစန်းမြင့်အောင် ပြောတာ က တရုတ် နိုင်ငံထဲ ကို ဝင်မယ် ဆိုရင် အရင်တုန်း က မနက်၈ နာရီ ကနေ ည ၁၂ နာရီ ခွဲ အထိ ခွင့်ပြု ပေးထားခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက်မှာ ည ဆယ်နာရီ ခွဲ အထိသာ ဝင်ထွက်ခွင့်ပြုမယ်လို့ အချိန် ပြောင်းလိုက်တဲ့ အတွက် ကားသမားတွေက သူတို့ အနေနဲ့ ဒါကို မသိရှိကြောင်း ပြန်လည် ပြောဆိုရာက အချင်းများ ခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံ ဘက်ခြမ်းမှာ ဒီလို ဂိတ်ပိတ်မယ့် အကြောင်း ကို သတိပေးစာ ကပ်ထားပြီးသား လို့ တရုတ် ရဲတွေ က ပြန်လည် ပြောဆို ကြောင်း ဖမ်းဆီးဆွဲခေါ်ယူခြင်း ကို ခံခဲ့ရတဲ့ ကိုစန်းမြင့်အောင် က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် တရုတ်ဘက်ခြမ်းမှာ စာကပ် ရုံနဲ့ မလုံလောက်ဘဲ၊ မြန်မာဘက် ခြမ်းမှာလည်း စာကပ်ဖို့ လိုကြောင်း ပြောဆိုမှုကို လက်မခံတဲ့ အတွက် အခုလို ရုန်းရင်းဆန်ခတ် ဖြစ်ပွား ခဲ့ရတာ လို့ သူက ပြောဆိုပါတယ်။

မေလ ၁၇ ရက်နေ့ မနက် ၈ နာရီလောက် က တရုတ်နိုင်ငံက ရဲတပ်ဖွဲ့ဝင် ၃ ဦးဟာ မြန်မာနိုင်ငံသားတစ်ဦးကို မြန်မာပိုင်နက်ထဲ ၅ ပေလောက်ထိ ဝင်ရောက် ဖမ်းဆီး တဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Arr Man
Image caption တရုတ် ရဲတွေက ဖမ်းဆီးဖို့ ကြိုးစားစဉ်

တရုတ် ရဲတွေရဲ့ ဆွဲယူ ဖမ်းဆီး မှုကို အတင်း ရုန်းကန် ရင်း ကနေ နောက်ဘက်မှာ ရှိတဲ့ မြန်မာ နိုင်ငံသား အချို့ရဲ့ ဝိုင်းဝန်း ပြောဆို မှုကြောင့် တရုတ် ရဲတွေ လက်လျှော့ပြီး သူတို့ ဘက် ခြမ်း ကို ဝင်သွား ခဲ့တာ ဖြစ်ပါတယ်။

အရင်ကတော့ မြန်မာ တရုတ်နယ်စပ်ဝင်ပေါက်တွေဖြစ်တဲ့ ဆင်ဖြူနဲ့နန်းတော်ဂိတ်တွေက တရုတ်နိုင်ငံထဲ ဝင်မယ်ဆိုရင် တရုတ် စံတော်ချိန် မနက် ၈ နာရီကနေ ည ၁၂ နာရီခွဲထိ ခွင့်ပြုထားပေမဲ့ မေလ ၁၅ ရက်နေ့ ကစလို့ မနက် ၈ နာရီက ည ၉ နာရီခွဲအထိသာ ဝင်ထွက် သွားလာ ခွင့်ပြုမယ်လို့ တရုတ်ဘက် က ပြင်ဆင် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုပြင်ဆင်သတ်မှတ်တာကို မသိတဲ့အတွက် တရုတ် နိုင်ငံထဲ ဝင်ထွက်ဖို့ တန်းစီထားတဲ့ ကားသမားတွေနဲ့ တရုတ် အာဏာပိုင်တွေ အကြား စကား အချေ အတင် ဖြစ်ခဲ့ ကြတာပါ။

မြန်မာ ကားသမားတစ်ဦး ဟာ တရုတ်နိုင်ငံက နေ မြန်မာနိုင်ငံ ဘက်ဝင်တဲ့အပေါက်ကို ကားနဲ့ပိတ်ထားသလိုဖြစ်ရာ ကနေ အခုလိုရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာ လို့မျက်မြင်အချို့ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Arr Man
Image caption နယ်စပ်ဂိတ်ရှေ့မှာ ဆန္ဒပြနေတဲ့ မြန်မာနိုင်ငံသားများ

ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာနိုင်ငံကနေတရုတ် နိုင်ငံထဲ ဝင်ရောက်မဲ့သူ တွေ ကို လက်ဗွေရယူတာ၊ မြန်မာဘက် က ဒေသထွက်ကုန်တွေကို တနိုင်တပိုင် သယ်ယူခွင့် မပြုတော့တာ တွေကို လုပ်ဆောင် ခဲ့ပါတယ်။

အဲဒီလို တရုတ် ရဲ့ ဆောင်ရွက်ချက် တွေကို မြန်မာ ဘက်ခြမ်း က ဒေသခံ အတော်များများက မ ကျေမနပ်ဖြစ် ခဲ့ကြပါတယ်။

အခုလိုမြန်မာနိုင်ငံထဲ တရုတ်အာဏာပိုင်တွေဝင်ရောက် ဖမ်းဆီး သလို ပြုလုပ်တဲ့ ကိစ္စကို မကျေနပ်တဲ့ အတွက် မူဆယ်ဒေသခံ အတော်များများ ဟာလည်း ဆင်ဖြူဂိတ် ရှေ့မှာ ဆန့်ကျင် ကန့်ကွက်မှုတွေ လုပ်ခဲ့ကြပါတယ်။

ရုန်းရင်း ဆန်ခတ်ဖြစ်ပြီးတဲ့ နောက်ပိုင်း နှစ်နိုင်ငံ ဒေသဆိုင်ရာ အာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးခဲ့ သလို၊ မေလ ၁၈ ရက်နေ့မှာလည်း အလုပ်သမားနဲ့လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ မူဆယ် ကို ရောက်ရှိ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

NLD အစိုးရတက်လာပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ကို နီးနီးကပ်ကပ် ဆောင်ရွက် နေပေမဲ့ နယ်စပ် ဒေသမှာ မြန်မာနိုင်ငံက တင်ပို့တဲ့ ကုန်တွေကို တရုတ်နိုင်ငံဘက်က ဖမ်းဆီးတာ၊ နယ်စပ်ဖြတ်ကျော် အဝင်အထွက် တွေကို တင်းကျပ်တာ အပြင် နှစ်နိုင်ငံနယ်စပ်မျဉ်း အငြင်းပွားမှုတွေလည်း မကြာခဏ ဖြစ်လေ့ ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ