ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ် ရေးဆွဲဖို့ သဘောတူ စတဲ့ မေလ ၁၉ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် NCA-S EAO
Image caption ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ် ရေးဆွဲဖို့ သဘောတူဆွေးနွေးနိုင်

(၁) ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ် ရေးဆွဲဖို့ သဘောတူ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ရဲ့ စတုတ္ထအကြိမ်မြောက် ပထမပိုင်း ဆွေးနွေးပွဲ အပြီးမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ် တစ်ရပ်ကို တိုင်းရင်းသားအဖွဲ့တွေက ရေးဆွဲပြီး အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တွေနဲ့ ဆွေးနွေး သဘောတူညီမှု ရယူဖို့ ဆွေးနွေးနိုင်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA ) လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း PPST ထိပ်တန်းခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ် အစည်းအဝေး (ပထမပိုင်း) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မေလ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ပြီးနောက် အချက် ၅ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာမှာ အဲဒီအချက်လည်း ပါဝင်တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ တစ်ဆို့မှုတွေကို ဖြေရှင်းကျော်လွှားနိုင်ဖို့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ် စနစ်တကျ ရေးဆွဲချမှတ်ပြီး အစိုးရ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ သဘောတူညီမှု ရယူဖို့ ဆွေးနွေးချမှတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်လို့ လွှတ်တော်ကနေ ပြဌာန်းလိုက်တဲ့ ဥပဒေတွေဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများနဲ့ သဟဇာတ ဖြစ်ဖို့လည်း အကောင်အထည်ဖော် လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ NCA-S EAO တွေ ကိုင်စွဲထားတဲ့ အခြေခံမူ (Non-Exclusive Principle) အရ အခြားသော ညီနောင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး ပါဝင်ဆွေးနွေးနိုင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ စုဖွဲ့မှုတစ်ခု ဖွဲ့စည်းနိုင်ဖို့အတွက် အလုပ်အဖွဲ့ တစ်ရပ် ဖွဲ့စည်းခဲ့ပြီဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

အစည်းအဝေး ပထမပိုင်းမှာ ဆွေးနွေးဖို့ ကျန်ရှိနေသေးတဲ့ အကြောင်းအရာတွေကို ဆက်ဆွေးနွေးနိုင်ဖို့ ဒုတိယပိုင်း အမြန်ဆုံး ခေါ်ယူကျင်းပဖို့ NCA-S EAO ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် NCA-S EAO
Image caption PPST အဖွဲ့ KNU နုတ်ထွက်ဖို့ ယာယီဆိုင်းငံ

(၂)ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့PPSTအဖွဲ့က KNU နုတ်ထွက်ဖို့ ယာယီဆိုင်းငံ့

အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ နုတ်ထွက်ဖို့ စာတင်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကို နုတ်ထွက်ခွင့် မပြုသေးဘဲ ယာယီ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ (NCA ) လက်မှတ်ထိုးပြီးဖြစ်တဲ့ အဖွဲ့ ၁၀ ဖွဲ့ သာမက ကျန်အဖွဲ့တွေပါ အကုန် ပါဝင်ဆွေးနွေးနိုင်မှသာ အားကောင်းစွာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မှာဖြစ်လို့ အဲဒီလိုအဖွဲ့ ပေါ်ပေါက်လာရေးကို ဆွေးနွေး သွားရဦးမှာဖြစ်လို့ ဆိုင်းငံထားတာ ဖြစ်တယ်လို့ KNU ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် PPST ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ KNU အဖွဲ့က နုတ်ထွက်စာ တင်ခဲ့တာ ဖြစ်ပါတယ်။

"PPST က သူရဲ့စုဖွဲ့မှုတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အကြံပြုထားတာ ကြာပြီ။ အစည်းအဝေးတွေမှာ ဒါကို ပြုပြင်သင့်ပြီလို့ ပြောနေသလို ဆုံးဖြတ်ချက် ချမှတ်မှု အပိုင်းမှာလည်း ပြုပြင်သင့်တယ်လို့ ပြောတယ်။ အဲဒီအခြေခံတွေပေါ်မှာ မူတည်ပြီး ရှေ့ဆက် ကျွန်တော်တို့ စုစည်းမှုတွေဟာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသင့်တယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ အနေအထား အရ လိုအပ်မှုရှိတယ်ပေါ့၊ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က NCA အကောင်အထည်ဖော်ဖို့ ညှိနှိုင်းဆောင်ရွက်တဲ့ space တခုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်တဲ့ ဆန္ဒကြောင့် အဲလိုလုပ်တာ ဖြစ်တယ်" လို့ ပဒိုစောတာဒိုမူးက ပြောပါတယ်။

အခုကျင်းပတဲ့ အစည်းအဝေးက PPST အဖွဲ့ရဲ့ စတုတ္ထအကြိမ်မြောက် ပထမပိုင်း ဆွေးနွေးပွဲ ဖြစ်ပြီး ဒုတိယပိုင်း ဆွေးနွေးပွဲကိုလည်း ထပ်မံကျင်းပသွားမယ်လို့ ဆိုပါတယ်။

အပစ်ရပ် လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့ ၁၀ ဖွဲ့ သာမက လက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်ဆွေးနွေးနိုင်ဖို့ KNU အဖွဲ့က အဆိုပြုချက်ကိုလည်း သဘောထား ကွဲလွဲမှုတွေရှိလို့ ဆက်ဆွေးနွေး ညှိနှိုင်းရဦးမှာ ဖြစ်တယ်လို့ ပဒိုစောတာဒိုမူးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Rakhine Ethnics Congress
Image caption တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ စစ်ဘေးရှောင်တွေကို ကူညီဖို့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော စတဲ့ မြို့နယ် ၄ ခုမှာ ဒီကနေ့ နေ့လယ်ပိုင်း ဆန္ဒပြ တောင်းဆိုမယ်

(၃) တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ စစ်ရှောင်တွေကို ကူညီဖို့ ရခိုင်ပြည် မြို့နယ် ၄ ခုမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုမယ်

ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ စစ်ဘေးရှောင်တွေကို ကူညီဖို့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော စတဲ့ မြို့နယ် ၄ ခုမှာ ဒီကနေ့ နေ့လယ် ၁ နာရီ မှာ တပြိုင်တည်း ဆန္ဒပြ တောင်းဆိုသွားမယ်လို့ လူမှုကူညီပေးသူတွေက ပြောပါတယ်။

တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ စစ်ဘေးရှောင်တွေကို ကူညီဖို့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်နယ်အစိုးအဖွဲ့ထံ ဆရာတော်သံဃာတော်တွေ၊ နိုင်ငံရေး သမားတွေ၊ မြို့မိမြို့ဖ၊ လူမှုအဖွဲ့ အစည်းတွေနဲ့ ဌာနေဒေသခံတွေက မေလ ၈ ရက်က စာပေးပို့တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ပေးဖို့တဲ့စာမှာ ရခိုင်ဒေသက တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ ဆွေးနွေးအဖြေရှာပေးရေး၊ စစ်ဘေးဒုက္ခသည်တွေကို အစိုးရက တာဝန်ယူဆောင်ရွက်ပေးရေး၊ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်တွင်း ပြည်ပက အလှူရှင်တွေကို လွတ်လပ်စွာ သွားလာခွင့်ပြုဖို့စတဲ့ အချက်တွေကို ရေးသားပေးပို့ တောင်းဆိုခဲ့ကြတာပါ။

ဒီလိုစာပေးဖို့ တောင်းဆိုရာမှာ မေလ ၁၆ ရက် အထိ အကြောင်းပြန်ပေးဖို့ တောင်းခံထားပေမဲ့ သတ်မှတ်ရက်ကျော်လွန်တဲ့အထိ အရေးယူဆောင်ရွက်ပေးမယ်ဆိုတဲ့ အကြောင်းပြန်မှု တစုံတရာ မရှိလို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုမှာ ဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူ တစ်ဦးက ပြောပါတယ်။

Image caption လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်များ

(၄) စစ်ဗိုလ်ချုပ်ဟောင်းတွေ ပါဝင်တဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်ရရှိ

အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားသော အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလ ၁၇ ရက်က တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ချပေးလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီပါတီမှာ ဗိုလ်ချုပ်ဟောင်း ဦးစိုးမောင်က ပါတီခေါင်းဆောင် အဖြစ် ပါဝင်ပြီး ပြည်ထောင်စု ရာထူးဝန် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် ဗိုလ်ချုပ်ဟောင်းလည်းဖြစ်သူ ဦးကျော်သူက ဒုတိယခေါင်းဆောင် အဖြစ် ပါဝင်ပြီး၊ စာရင်းစစ်ချုပ် တာဝန်ယူခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ် လွန်းမောင် ပါဝင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။

ဗိုလ်ချုပ်ဟောင်း ဦးစိုးမောင်ဟာ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် သမ္မတ ရုံးဝန်ကြီးဟောင်း ဦးစိုးမောင်ဖြစ်ပြီး ပါတီဌာနချုပ်ကိုတော့ နေပြည်တော်မှာ ထားရှိမယ်လို့ သိရပါတယ်။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လမ်းညွှန်မှုနဲ့ ဖွဲ့စည်းခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပါတီတည်ထောင်သူ အများစုဟာ တပ်မတော်က ဗိုလ်ချုပ် အငြိမ်းစားတွေ ဖြစ်တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲ ဝင်တဲ့ အခါမှာလည်း တပ်မတော်က အငြိမ်းစားတွေ ပါဝင်လာသလို လက်ရှိမှာလည်း နိုင်ငံရေး စိတ်ဝင်စားတဲ့ လူငယ်တွေကို ပါတီဝင်အဖြစ် ကမ်းလှမ်းဖို့ ဆောင်ရွက်နေတာတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ