မေလ ၂၀ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် ချောက်ရေနံမြေ
Image caption ချောက်မြို့နယ် အပါအဝင် မြို့နယ် ၃ ခုမှာ လျှပ်စစ်မဂ္ဂါဝပ် ၂၆၀ ကျော် ထုတ်လုပ်နိုင်မယ့် လေအားလျှပ်စစ် စီမံကိန်းကို လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ စတင်မယ်

(၁) ချောက်မြို့နယ် အပါအဝင် မြို့နယ် ၃ ခုမှာ လေအားလျှပ်စစ် စီမံကိန်းလုပ်မယ်

မကွေးတိုင်းထဲက ချောက်မြို့နယ် အပါအဝင် မြို့နယ် ၃ ခုမှာ လျှပ်စစ်မဂ္ဂါဝပ် ၂၆၀ ကျော် ထုတ်လုပ်နိုင်မယ့် လေအားလျှပ်စစ် စီမံကိန်းကို လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ စတင် ထုတ်လုပ်နိုင်ဖို့ စီစဉ်နေပါတယ်။

မကွေးတိုင်း ချောက်မြို့ အပါအဝင် မြို့နယ် ၃ မြို့နယ်မှာ လုပ်ဆောင်မယ့် လေအားလျှပ်စစ် စီမံကိန်းဟာ မြန်မာနိုင်ငံမှာ လေစွမ်းအင်ကနေ လျှပ်စစ်စွမ်းအား ထုတ်ယူတဲ့ ပထမဆုံး လေအားလျှပ်စစ် စီမံကိန်းလည်း ဖြစ်ပါတယ်။

အဲဒီစီမံကိန်းကို စင်္ကာပူအခြေစိုက် Infra Capital Myanmar-ReEx ကုမ္ပဏီနဲ့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန အကြား လုပ်ဆောင်ဖို့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။

" စီမံကိန်း လုပ်နိုင်မယ့် လေ့လာတိုင်းတာမှုတွေ လုပ်နေတယ်။ လေ့လာတိုင်းတာ ပြီးသလောက် ၂၆၃ မဂ္ဂါဝပ် အထိ ထုတ်နိုင်တယ်လို့ တိုင်းတာလို့ ရတယ်။ သဘာ၀ ပတ်ဝန်းကျင် မပျက်စီးရအောင် လေ့လာတယ်။ EIA/SIA လည်း လုပ်နေတယ်" လို့ ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။

ဒါ့အပြင် စီမံကိန်း မြေအသုံးချဖို့အတွက် မြေယာလျော်ကြေးပေးဖို့ ဒေသခံတွေနဲ့ ညှိနှိုင်းတာ၊ အစိုးရမြေကို ငှားဖို့အတွက် ကွင်းဆင်းလေ့လာ တွက်ချက်နေတယ်လို့လည်း ဆိုပါတယ်။

စီမံကိန်း လေ့လာဆောင်ရွက်ဖို့ လွန်ခဲ့တဲ့ ၁ နှစ်ကျော် ကတည်းက တိုင်းဒေသကြီး အစိုးရနဲ့ ကုမ္ပဏီ အကြား ၂ ဘက် နားလည်မှု စာချွန်လွှာ MOU လက်မှတ် ရေးထိုးထားပြီး ဖြစ်ပြီး၊ ပြည်ထောင်စု အစိုးရနဲ့ MOU ဆက်ထိုးပြီး လုပ်ဆောင်သွားမယ် ဆိုပါတယ်။

ဒီစီမံကိန်းကို စင်္ကာပူ အခြေစိုက် Infra Capital Myanmar-ReEx ကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်း ထည့်ဝင် လုပ်ကိုင်သွားမှာဖြစ်ပြီး ရရှိလာတဲ့ လျှပ်စစ်စွမ်းအင်ကို ပြည်ထောင်စုက ပြန်လည် ဝယ်ယူပြီး လူထုနဲ့ စက်ရုံတွေကို ပြန်ဖြန့်ဝေမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးမြင့်ဇော်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ချင်းတိုင်းရင်းသား ၁၄ ယောက် လိုက်ပါလာတဲ့ ကားတစ်စီးဟာ တနင်္ဂနွေမနက်စောပိုင်း တိမ်းမှောက်လို့ ၃ ယောက် သေဆုံး

(၂) ယာဉ်တိမ်းမှောက်လို့ မလေးရှားနိုင်ငံကို တရားမဝင် ဝင်လာတဲ့ ချင်းတိုင်းရင်းသား ၃ ယောက် သေဆုံး

မလေးရှားနိုင်ငံကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသား ၁၄ ယောက် လိုက်ပါလာတဲ့ ကားတစ်စီးဟာ တနင်္ဂနွေမနက်စောပိုင်းမှာ (မေ ၁၉ ရက်) တိမ်းမှောက်လို့ လူ ၃ ယောက် သေဆုံးပြီး ၇ ယောက်ဟာ အတွင်းလူနာအဖြစ် ကုသမှု ခံနေရပါတယ်။

" တနင်္ဂနွေ မနက်စောပိုင်း ၃ နာရီလောက်မှာ ပွဲစားတွေက ချင်းလူမျိုး ၁၄ ယောက်ကို ထိုင်းနဲ့ မလေးရှား နယ်စပ်ကနေ ကားအသေးလေးနဲ့ ခေါ်လာရာမှာ ကွာလာလမ်ပူမြို့ မရောက်ခင် ဘာဒါဝက်နားမှာ လမ်းဘေးက ပလက်ဖောင်းကို ဝင်တိုက်တာ၊ ၄ ယောက် က ကားအပြင်ဘက် ထွက်ကျတယ်။ ၃ ယောက် သေတယ်၊ ၇ယောက်က အတွင်းလူနာ ၁ ယောက်က အခြေအနေမကောင်းဘူး" လို့ မလေးရှားနိုင်ငံ ကပ်ပုန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောသည်။

ကျန် ၄ ယောက်ကိုတော့ မလေးရှားရဲက ယာယီထိန်းသိမ်းထားပြီး၊ သူတို့တွေဟာ အသက် ၁၅ နှစ်နဲ့ ၂၇ နှစ် အကြား လူငယ်တွေ ဖြစ်ပြီး အမျိုးသမီး ၁ ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ နေရာကို မြန်မာသံအမတ်နဲ့ သံရုံးအရာရှိ ဝန်ထမ်းတွေပါ သွားရောက်ပြီး ကပ်ပုန်း နာရေးကူညီမှု အသင်းကိုပါ အကြောင်းကြားလို့ သွားရောက်ကူညီတာလို့ ဦးဆန်းဝင်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယ ရွေးကောက်ပွဲ အမြင်သဘောထား စစ်တမ်းတွေမှာ လက်ရှိဝန်ကြီးချုပ် နရန်ဒရာမိုဒီ ပါတီက ထပ်နိုင်ချေ ရှိနေပါတယ်

(၃) အိန္ဒိယ ရွေးကောက်ပွဲ အမြင်သဘောထား စစ်တမ်းတွေမှာ လက်ရှိဝန်ကြီးချုပ် ပါတီက ထပ်နိုင်ချေ ရှိနေ

အိန္ဒိယနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲ အမြင်သဘောထား စစ်တမ်းတွေမှာ လက်ရှိ တာဝန် ထမ်းဆောင်ဆဲ ဝန်ကြီးချုပ် နရန်ဒရာမိုဒီနဲ့ သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP တို့ဟာ ဒုတိယအကြိမ် ထပ်နိုင်ချေ ရှိတာကို ပြသနေပါ တယ်။

မဲပေးသူ သန်းရာချီ ပါဝင်ပြီး အဆင့် ၇ ဆင့်နဲ့ ကျင်းပတဲ့ အိန္ဒိယ အထွေထွေ ရွေးကောက်ပွဲမှာ BJP ပါတီနဲ့ အဓိက အတိုက်အခံ ကွန်ဂရက်စ်ပါတီ တို့ဟာ အားကောင်းတဲ့ ဒေသန္တရပါတီတွေကို ယှဉ်ပြိုင်နေရတာပါ။

တရားဝင် မဲရလဒ်တွေကို မေလ ၂၃ ရက်မှာ ကြေညာမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် အကဲခတ်သူတွေကတော့ အမြင်သဘောထား စစ်တမ်းတွေဟာ အတိတ်မှာ အမှားအယွင်း ရှိခဲ့ဖူးတယ် ဆိုတာကို ထောက်ပြ ပြောဆိုကြပါတယ်။

အခု ရွေးကောက်ပွဲမှာ ၂၀၁၄ ခုနှစ်မှာ မဲ အပြတ်အသတ်နဲ့ အနိုင် ရရှိခဲ့တဲ့ ဝန်ကြီးချုပ် မိုဒီအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲ တစ်ရပ်လို့ အများက ရှုမြင်ထားပါတယ်။

ဘယ်ပါတီပဲ မဲ အသာရရ အနိုင်ရတဲ့ ပါတီဟာ အစိုးရသစ် ဖွဲ့နိုင်ဖို့ လွှတ်တော်ထဲမှာ အမတ်နေရာ ၂၇၂ နေရာ အထိ ရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂူဂဲလ် (Google) က ဟွာဝေး (Huawei) ဆက်သွယ်ရေး ကုမ္ပဏီကို ပေးထားတဲ့ မိုဘိုင်းဝန်ဆောင်မှု တစ်ချို့ကို ဖြတ်တောက် ပစ်တော့မယ်

(၄) ဂူဂဲလ်က ဟွာဝေးကို ပေးထားတဲ့ ဝန်ဆောင်မှုတချို့နဲ့ အပလီကေးရှင်းတွေ ဖြတ်တောက်မယ်

နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဂူဂဲလ် (Google) က ဟွာဝေး (Huawei) ဆက်သွယ်ရေး ကုမ္ပဏီကို ပေးထားတဲ့ မိုဘိုင်းဝန်ဆောင်မှု တစ်ချို့ကို ဖြတ်တောက် တော့မယ်လို့ ကြေညာလိုက်ပါတယ်။

ဂူဂဲလ်ရဲ့ အခုလို ပြောဆိုမှုကြောင့် ဟွာဝေးဟာ ဂူဂဲရဲ့နည်းပညာ အထောက်အပံ့တွေ ဆုံးရှုံးမှာ ဖြစ်ပြီး ဟွာဝေးစမတ်ဖုန်း အသစ်တွေမှာလည်း သုံးစွဲသူတွေအတွက် ဂူဂဲရဲ့နာမည်ကျော် အပလီကေးရှင်းတွေနဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ လိုင်စင် မရှိဘူးဆိုရင် ဟွာဝေး အပါအဝင် ကုမ္ပဏီ တစ်ချို့ရဲ့ ပစ္စည်းတွေကို ဝယ်ယူခွင့် မရှိဘူးဆိုတဲ့ အမိန့်တစ်ရပ်ကို အမေရိကန် အစိုးရက ထုတ်ပြန်အပြီးမှာ ဂူဂဲလ် ဘက်က အခုလို ကြေညာလိုက်တာပါ။

ဂူဂဲလ်ဘက်ကတော့ ကုမ္ပဏီဟာ အစိုးရရဲ့အမိန့်ကို လိုက်နာတဲ့ အနေနဲ့ အခုလို လုပ်ဆောင်မှာလို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ဟွာဝေးဘက်ကတော့ မှတ်ချက် တစ်စုံတရာ ပေးဖို့ ငြင်းဆိုထားပါတယ်။

ဟွာဝေးဟာ ဂူဂဲရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေနဲ့ နည်းပညာ အကူအညီတွေ ဆုံးရှုံးမှာ ဖြစ်ပြီး ဟွာဝေးက ထွက်သမျှ ဖုန်းအသစ်တွေမှာလည်း ယူကျူ့နဲ့ ဂူဂဲ မြေပုံ (Google Map) လိုမျိုး အပလီကေးရှင်းတွေ သုံးနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ