မြန်မာ့ပထမဆုံး လေအားလျှပ်စစ်နဲ့ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း မကွေးတိုင်းမှာ စတင် လုပ်ကိုင်နေ

မကွေးတိုင်း ဒေသကြီးထဲမှာ သဘာဝကနေ ထုတ်လုပ် ရရှိနိုင်တဲ့ လေအားလျှပ်စစ် စီမံကိန်းနဲ့ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စီမံကိန်းတွေကို ဖော်ဆောင် လုပ်ကိုင်နေပါတယ် ဓာတ်ပုံ မူပိုင် မကွေးတိုင်း ဒေသကြီး အစိုးရ
Image caption မကွေးတိုင်း ဒေသကြီးထဲမှာ သဘာဝကနေ ထုတ်လုပ် ရရှိနိုင်တဲ့ လေအားလျှပ်စစ် စီမံကိန်းနဲ့ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စီမံကိန်းတွေကို ဖော်ဆောင် လုပ်ကိုင်နေပါတယ်

လျှပ်စစ်စွမ်းအင် လုံလောက်စေဖို့ ရည်ရွယ်ပြီး မကွေးတိုင်း ဒေသကြီးထဲမှာ သဘာဝကနေ ထုတ်လုပ်ရရှိနိုင်တဲ့ လေအားလျှပ်စစ် စီမံကိန်းနဲ့ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စီမံကိန်းတွေကို ဖော်ဆောင် လုပ်ကိုင်နေပါတယ်။

အဲဒီ စီမံကိန်းတွေကို လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတွေနဲ့ မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က အကောင်ထည်ဖော် လုပ်ကိုင် တည်ဆောက်နေတာ ဖြစ်ပြီး ဒီစီမံကိန်းတွေဟာ မြန်မာ့ပထမဆုံး လေအားလျှပ်စစ်နဲ့ နေရောင်ခြည် စွမ်းအင်သုံး စီမံကိန်းတွေလည်း ဖြစ်ပါတယ်။

မကွေးတိုင်းထဲက ချောက်မြို့နယ် အပါအဝင် မြို့နယ် ၃ ခုမှာ လျှပ်စစ်မဂ္ဂါဝပ် ၂၆၀ ကျော် ထုတ်လုပ်နိုင်မယ့် လေအားလျှပ်စစ် စီမံကိန်းကို လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ စတင် ထုတ်လုပ်နိုင်ဖို့ မကွေးတိုင်း ဒေသကြီး အစိုးရ စီစဉ်နေပါတယ်။

အဲဒီစီမံကိန်းကို စင်္ကာပူအခြေစိုက် Infra Capital Myanmar-ReEx ကုမ္ပဏီနဲ့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန အကြား လုပ်ဆောင်ဖို့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် မကွေးတိုင်း ဒေသကြီး အစိုးရ
Image caption မကွေးတိုင်း ဒေသကြီးထဲမှာ သဘာဝကနေ ထုတ်လုပ် ရရှိနိုင်တဲ့ လေအားလျှပ်စစ် စီမံကိန်းနဲ့ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စီမံကိန်းတွေကို ဖော်ဆောင် လုပ်ကိုင်နေပါတယ်

" စီမံကိန်း လုပ်နိုင်မယ့် လေ့လာတိုင်းတာမှုတွေ လုပ်နေတယ်။ လေ့လာတိုင်းတာ ပြီးသလောက် ၂၆၃ မဂ္ဂါဝပ် အထိ ထုတ်နိုင်တယ်လို့ တိုင်းတာလို့ ရတယ်။ သဘာ၀ ပတ်ဝန်းကျင် မပျက်စီးရအောင် လေ့လာတယ်။ EIA/SIA လည်း လုပ်နေတယ်" လို့ ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။

ဒါ့အပြင် စီမံကိန်း မြေအသုံးချဖို့အတွက် မြေယာလျော်ကြေးပေးဖို့ ဒေသခံတွေနဲ့ ညှိနှိုင်းတာ၊ အစိုးရမြေကို ငှားဖို့အတွက် ကွင်းဆင်းလေ့လာ တွက်ချက်နေတယ်လို့လည်း ဆိုပါတယ်။

စီမံကိန်း လေ့လာဆောင်ရွက်ဖို့ လွန်ခဲ့တဲ့ ၁ နှစ်ကျော် ကတည်းက တိုင်းဒေသကြီး အစိုးရနဲ့ ကုမ္ပဏီ အကြား ၂ ဘက် နားလည်မှု စာချွန်လွှာ MOU လက်မှတ် ရေးထိုးထားပြီး ဖြစ်ပြီး၊ ပြည်ထောင်စု အစိုးရနဲ့ MOU ဆက်ထိုးပြီး လုပ်ဆောင်သွားမယ် ဆိုပါတယ်။

ဒီစီမံကိန်းကို စင်္ကာပူ အခြေစိုက် Infra Capital Myanmar-ReEx ကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်း ထည့်ဝင် လုပ်ကိုင်သွားမှာဖြစ်ပြီး ရရှိလာတဲ့ လျှပ်စစ်စွမ်းအင်ကို ပြည်ထောင်စုက ပြန်လည် ဝယ်ယူပြီး လူထုနဲ့ စက်ရုံတွေကို ပြန်ဖြန့်ဝေမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးမြင့်ဇော်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် ချောက်ရေနံမြေ
Image caption ချောက်မြို့နယ် အပါအဝင် မြို့နယ် ၃ ခုမှာ လျှပ်စစ်မဂ္ဂါဝပ် ၂၆၀ ကျော် ထုတ်လုပ်နိုင်မယ့် လေအားလျှပ်စစ် စီမံကိန်းကို လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ စတင်မယ်

အလားတူပဲ လျှပ်စစ်မဂ္ဂါဝပ် ၁၇၀ ထုတ်နိုင်မယ့် မင်းဘူး နေရောင်ခြည် စွမ်းအင်သုံး စီမံကိန်းကနေ တည်ဆောက် လုပ်ကိုင်နေပြီး မကြာခင် မဂ္ဂါဝပ် ၂၀ ကို စထုတ်တော့မယ်လို့ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

စီမံကိန်းကနေ ရရှိလာတဲ့ လျှပ်စစ်စွမ်းအင်ကို နိုင်ငံတော် ဓာတ်အားစနစ်ကို ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးသွားမယ်လို့ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

မင်းဘူး နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းဟာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အနောက်တောင်ဘက် ၁၆.၃ မိုင် နီးပါး အကွာ မင်းဘူး- အမ်း ကားလမ်းဘေးမှာ တည်ရှိပါတယ်။

အဲဒီစီမံကိန်းကို အဆင့် ၄ ဆင့်နဲ့ တည်ဆောက်နေပြီး ပထမအဆင့်ကနေ တတိယအဆင့် အထိ ၄၀ မဂ္ဂါဝပ်စီနဲ့ တဆင့်ချင်းစီ ထုတ်လုပ်မှာ ဖြစ်ပြီး စတုတ္ထအဆင့်မှာတော့ ၅၀ မဂ္ဂါဝပ် တည်ဆောက် ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

မင်းဘူး နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စီမံကိန်း ကို Green Earth Power (Myanmar) Co.,Ltd. က B.O.T စနစ်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ က စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။

အခုအခါမှာတော့ ပထမအဆင့် ၄၀ မဂ္ဂါဝပ် ထုတ်လုပ်မယ့် စီမံကိန်းရဲ့ ၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

မင်းဘူး နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး စတင် အကောင်အထည်ဖော် တည်ဆောက်တဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
နေရောင်ခြည်သုံး ဆိုလာပြားတွေကို ဘယ်လိုထုတ်လုပ်ထားသလဲ။

ဒီသတင်းနဲ့ပတ်သက်သမျှ