မူဆယ်၊နမ့်ခမ်းကတဆင့် တရုတ်ကိုလူကုန်ကူးခံရတဲ့ သားအမိ ၃ ဦးအနက် သားတစ်ဦးရဲ့ သတင်းကိုရပြီ

လူကုန်ကူးသူတွေဟာ ငွေကြေးမပြေလည်တဲ့ သူတွေကို ပစ်မှတ်ထား စွဲဆောင်လာကြ ဓာတ်ပုံ မူပိုင် THAUNG TUN
Image caption လူကုန်ကူးသူတွေဟာ ငွေကြေးမပြေလည်တဲ့ သူတွေကို ပစ်မှတ်ထား စွဲဆောင်လာကြ

ရှမ်းပြည်နယ် မူဆယ်၊နမ့်ခမ်းကတဆင့် တရုတ်နိုင်ငံပေါက်စန်းမြို့မှာ ရောင်းစားခံခဲ့ရတဲ့ မိခင်ဖြစ်သူနဲ့ သား၂ ဦးအနက် သားတစ်ယောက် ဘယ်မှာရှိနေတယ်ဆိုတာကို တရုတ်နိုင်ငံဘက်ကနေ ဒီကနေ့ (မေ ၂၀ရက်) ဆက်သွယ်အကြောင်းကြားလာခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံး ရဲမှူး ကျော်ညွန့်ကဘီဘီစီကိုပြောပါတယ်။

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့၊ တာခိုင်ဟော့ ကျေးရွာမှာနေထိုင်တဲ့ မချိန်ရှမ်းအမည်ရှိ အမျိုးသမီးနဲ့ သူ့ရဲ့ သား၂ဦးကို နမ့်ခမ်းမြို့နေ မရန်မြင့်ရီနဲ့ ခင်ပွန်းလီရှင်းဖ နဲ့ မလီမိန်ကျိန်း(လီရှင်းဖရဲ့အမဖြစ်သူ တရုတ်နိုင်ငံ ၊ကျယ်ရှန်မြို့မှာနေထိုင်သူ) တို့က တရုတ်နိုင်ငံ ပေါက်စန်းမြို့မှာ တရုတ်ယွမ်ငွေ ၂သောင်းနဲ့ရောင်းစားခဲ့ တာဖြစ်တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

' ' မိခင်ကတော့ တရုတ်ဇနီးအဖြစ် လုပ်ရမယ်ဆိုတာ သိတဲ့သဘောပဲ။ သားနှစ်ယောက်ကိုတော့ တခြား တရုတ်တစ်ဦးဆီမှာ ယွမ် ၂သောင်းနဲ့ မွေးစားဖို့ ပေးလိုက်တယ်လို့သိရတယ်။ ဒီဘက်က ဓာတ်ပုံတွေ ဘာတွေနဲ့လူကုန်ကူးခံထားရတာဆက်သွယ်ဖို့ တရုတ်နိုင်ငံဘက်ကို သတင်းဖြန့်ထားတာလည်းရှိတော့ အခုနေ့လယ်ပဲ ရွှေလီဘက် ကနေ သတင်းရတယ်။ ကလေးတစ်ဦးကိုမွေးစားထားတာ ပြန်ခေါ်ချင်လာခေါ်ဖို့ ပေါ့။''လို့ လူကုန်ကူးခံရတဲ့ ကလေးငယ်တစ်ဦးသတင်းကို ပြန်လည်ရရှိတဲ့အကြောင်း ရဲမှူးကျော်ညွှန့်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် လီရှောမျိုးဆက်
Image caption သားအမိ ၃ဦးကို မိသားစုလိုက် တရုတ်ကို ရောင်းစားရာမှာပါဝင်တဲ့ တရားခံတစ်ဦးဖြစ်သူ လီရှင်းဖ

သားအမိ ၄ဦးအနက် မိခင်ဖြစ်သူကို တရုတ်ဇနီးယားအဖြစ် လုပ်ကိုင်ဖို့နဲ့ သား၂ဦးကို တရုတ်မိသားစုတစ်စုထံမှာ မွေးစားဖို့ မတ်လ ၂ရက်နေ့ကတည်းကရောင်းစားခဲ့တာဖြစ်ပြီး သမီးအကြီးဆုံးဖြစ်တဲ့ မအားကျောင်းကို လူကုန်ကူးရာမှာပါဝင်ခဲ့တဲ့ မရန်မြင့်ရီနဲ့ ခင်ပွန်းဖြစ်သူ လီရှင်းဖတို့က နမ့်ခမ်းမြို့ကို ပြန်လည်ခေါ်ဆောင်ထားခဲ့တာဖြစ်တယ်လို့ ဖမ်းဆီးရမိထားတဲ့ တရားခံတွေဆီက စစ်ဆေးတွေ့ရှိချက်အရသိရပါတယ်။

' ' သမီးလုပ်တဲ့သူကို ဆွေမျိုးတွေက နမ့်ခမ်းမြို့မှာတွေ့လို့ ပန်ဆေးပြည်သူ့စစ်ကို သွားတိုင်တာ။ ဒီလ ၁၅ ရက်နေ့က အဲဒီအိမ်ကို သွားစစ်တော့မှ တရားခံ ၄ယောက်မိတယ်။ မိထားတဲ့ထဲက တစ်ယောက်က တော့ ပြန်လွတ်သွားတယ်။ လူကုန်ကူးတဲ့ထဲမှာပါတဲ့ အမျိုးသမီးကလည်းကလေးမွေးထားတာ အခုမှ ရက်ပိုင်း ပဲရှိသေးတယ်။ သားသမီးချင်းကိုယ်ချင်းမစာဘူးဆိုပြီး နမ့်ခမ်းကလူတွေကဒေါသထွက်နေကြတာ။''လို့ ပြန်လွှတ်လာတဲ့ မအားကျောင်းကို သွားရောက် တွေ့ဆုံခဲ့တဲ့ ခိုလိုလီရှောတိုင်းရင်းသူတစ်ဦးဖြစ်တဲ့ မသိမ့်က ဘီဘီစီကိုပြောပါတယ်။

လူကုန်ကူးသူတွေထံကနေ ပြန်လည်တွေ့ရှိခဲ့တဲ့ မအားကျောင်းကို နမ့်ခမ်းမြို့ပေါ်ရှိ သူ့ဘကြီးတော်စပ်သူ တစ်ဦးအိမ်မှာ အပ်နှံထားတယ်လို့လည်း မသိမ့်ကပြောပါတယ်။

ဖမ်းမိထားတဲ့ သူ ၄ဦးအနက် တရုတ်နိုင်ငံ ၊ကျယ်ရှန်မြို့မှာနေထိုင်သူဖြစ်တဲ့ မလီမိန်ကျိန်းဟာ အဓိက တရားခံဖြစ်တဲ့အတွက် သူ့ကို ပြန်လည်ဖမ်းဆီးရမိနိုင်ဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့လည်း မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံး ရဲမှူး ကျော်ညွန့်ကဘီဘီစီကိုပြောပါတယ်။

' ' ဖမ်းမိထားတဲ့သူတွေကို ပန်ဆေးပြည်သူ့စစ်မှာ ချုပ်ထားတာ ၃ရက်ကြာတယ်။ လူကုန်ကူးမှုနဲ့ အမှုဖွင့်ရ မှာဖြစ်လို့ ရဲစခန်းကိုလွှဲပေးဖို့ပြောလို့ လွှဲပေးတော့ အဓိက တရားခံကပါမလာတော့ဘူး။ ရဲစခန်းကိုလွှဲတဲ့ ၃ယောက်ထဲမှာ အသက် ၇၉ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးကြီးကတော့ အမှုနဲ့ မသက်ဆိုင်လို့ ပြန်လွှတ် လိုက်ပြီ။ မလီမိန်ကျိန်းက တရုတ်ဘက်ကို ကိုယ်တိုင်သွားပို့ပြီး ရောင်းခဲ့တဲ့သူ သူက အဓိကပဲ ။''လို့ ရဲမှူးကျော်ညွန့်ကပြောပြပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တရုတ်လူမျိုးတွေရဲ့ ဇနီးမယားအဖြစ်လုပ်ကိုင်ဖို့ ရောင်းစားခံရတဲ့ အမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာနေပါတယ်။

အရင်ကမသိဘဲ ရောင်းစားခံရာကနေ အခုနောက်ပိုင်းမှာလူကုန်ကူးသူတွေဟာ ငွေကြေးမပြေလည်တဲ့ သူတွေကို ပစ်မှတ်ထား စွဲဆောင်လာကြတဲ့အတွက် ခံရသူတွေကိုယ်တိုင်က တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရမယ်မှန်းသိသိကြီးနဲ့ လိုက်ပါလာကြတာကိုတွေ့ရတယ်လို့လည်း ရဲမှူးကျော်ညွန့်က ပြောပြပါ တယ်။

တရုတ်နိုင်ငံကို ဝင်ပေါက်တစ်ခုအဖြစ်ရှိနေတဲ့ မူဆယ်မြို့ကတဆင့် တရုတ်ကို ဇနီးမယားအဖြစ် ရောင်းစား ခံရတဲ့ လူကုန်ကူးမှုဟာ ၂၀၁၈ ခုနှစ်မှာ အမှုပေါင်း ၄၀ အထိ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၅လတာကာလအတွင်း ၁၄ မှုထိရှိလာပြီလို့လည်း မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံး ကနေသိရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ